မြန်မာ့‌ဈေးကွက်သမိုင်းတွင် ပြည်တွင်းရွှေဈေး (၁၈)သိန်းခွဲနီးပါး နှင့် ဒေါ်လာဈေး (၂ဝဝဝ) အထိစံချိန်သစ်တင်

 1676

NP News - စက်တင်ဘာ ၁ဝ
မြန်မာ့ဈေးကွက်သမိုင်းတွင် ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သားလျှင် ငွေကျပ် (၁၈)သိန်းခွဲနီးပါး နှင့် ပြည်တွင်း ဒေါ်လာဈေး တစ်ဒေါ်လာလျှင် ငွေကျပ် (၂ဝဝဝ) အထိ စံချိန်သစ်တင်လိုက်ပြီဖြစ်ကြောင်း ယနေ့ (စက်တင်ဘာလ ၁ဝရက်) တွင် ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းများအရသိရသည်။

ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း၏ ညနေ (၃) နာရီခန့်ထုတ်ပြန်သည့် ဈေးနှုန်းအ ရ အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၁၈၄၅ဝဝဝ ရှိချိန်တွင် ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် ၁၈ဝ၂ ဒေါ်လာရှိကြောင်း သိရသည်။

“ဈေးကွက်ထဲမှာ ကုန်ကြမ်းကိုမဝင်ဘူးဖြစ်နေတယ်။ ရှိတာလေးကို တစ်ပိုင်းနှစ်ပိုင်းကိုလုဝယ်ပြီးတော့ ဈေးကတက်နေတယ်။ အခုဖြစ်နေတာက ဗဟိုဘဏ်က ဒေါ်လာထုတ်မရောင်းပေးတာရယ်။ ကမ္ဘာ့ရွှေဈေးတက်တာရယ်။ ကြောက်တာလန့်တာလည်း ပါတယ်။ ကောလာဟလကြောင့်လည်း လူတွေက အကုန်လုံးရွှေကိုစွတ်ဝယ်ကြတယ်။ ရှိတဲ့ရွှေနဲ့ မြန်မာ ငွေနဲ့ကို လဲနေကြတဲ့သဘောပါဘဲ။ ဒီဈေးနှုန်းက မြန်မာပြည်သမိုင်းမှာ အမြင့်ဆုံးဈေးနှုန်းပဲဖြစ်တယ်။ အခုကတော့ အဝယ်များနေတယ်။ အရောင်းကမရှိဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

ပြည်တွင်းဒေါ်လာဈေးလဲလှယ်မှုနှုန်းထားသည်လည်း ညနေပိုင်းတွင် တစ်ဒေါ်လာလျှင် မြန်မာငွေကျပ် ၂ဝဝဝ အထိ ရောက်ရှိသွားကြောင်း ငွေလဲဝန်ဆောင်မှုလုပ်ငန်းများထံမှသိရသည်။

“အခုကတော့ မြန်မာငွေတန်ဖိုးက တောက်လျှောက်ကျနေတယ်။ အထူးသဖြင့်တော့ ကျွန်တော်တို့တိုင်း ပြည်က စက်သုံးဆီတို့၊ ဆေးဝါးတို့ တော်တော်များများက ပြည်ပကနေတင်သွင်းရတာဆိုတော့ ဒေါ်လာ ဈေးတက်လာလို့ ကုန်ဈေးနှုန်းတွေတက်လာမယ်။ မြန်မာငွေတန်ဖိုးကျတော့ အလို လိုနေရင်းနဲ့တန်ဖိုး ဆုံးရှုံးသလိုဖြစ်နေတယ်။ ပို့ကုန်ကနည်းနေပြီး သွင်းကုန်က များနေတဲ့အတွက် ဖြစ်တယ်။ ဒီအတိုင်းဆက်ဖြစ်မယ်ဆိုရင် စီးပွားရေး၊ လူမှုရေးတွေထိုခိုက်လာမယ်” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဒေါက်တာစိုးထွန်း ကပြောသည်။

ထို့ကြောင့် ပို့ကုန်လုပ်ငန်းများ တိုးတက်လာရေးအတွက် တရုတ်နယ်စပ်ကုန်သွယ်ရေးကို ပြန်လည် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပြီး အရန်နိုင်ငံခြားငွေရှိပါကလည်း export သမားများ ကိုပြန်လည်ရောင်းချပေးရန်ဆောင်ရွက်သင့်ကြောင်း ဒေါက်တာစိုးထွန်းက မှတ်ချက်ပြုပြောသည်။
#NPNews

Related news

© 2021. All rights reserved.