ထူးခန့်ကျော်ဆီမှာ ဆေးသွားကုရင် ပျောက်မယ်လို့ ယုံကြည်နေတဲ့ ဟာသသရုပ်ဆောင် မတူး

 901

အိဖြူ(NP News) - စက်တင်ဘာ ၁၁
ဟာသသရုပ်ဆောင် မတူးက ဒူးမကောင်းသည့်အတွက် ရုပ်ရှင်သရုပ်ဆောင် ထူးခန့်ကျော်ထံ သွားရောက်ဆေးကုသရန် စိတ်ကူးထားကြောင်း ပြောသည်။

ဟာသသရုပ်ဆောင် မတူးသည် ကိုဗစ်တတိယလှိုင်းအတွင်း ရာသီတုပ်ကွေးဖြစ်ရာမှ ကိုဗစ်ကူးစက်ခံခဲ့ရပြီး လက်ရှိတွင် ကျန်းမာရေးကောင်းမွန်လျက်ရှိသော်လည်း ဒူးနှစ်ဖက်စလုံး မကောင်းသည့်အတွက် လမ်းလျှောက်ရန်ပင် အခက်အခဲဖြစ်နေကြောင်းသိရသည်။ သရုပ်ဆောင် ထူးခန့်ကျော်သည် ထုံကျင်၊ ကိုက်ခဲ၊ လေဖြတ်လေငန်း၊ အရိုးအကြောနှင့်ပတ်သက်သည့်ရောဂါဝေဒနာများအား တိုင်းရင်းဆေးဖြင့် ဆေးကုသမှုပေးနေသူဖြစ်သည်။

“သူက လေဖြတ်တဲ့သူကိုယ်တောင် ကုနိုင်တာလေ။ သူကအရမ်းကိုလည်း ဘာသာတရားလုပ်သလို ကိုယ်က လည်း ဘာသာတရားသမားလေ။ အဲဒီတော့ ကိုယ်က သူ့ဆီသွားရင် ပျောက်ကိုပျောက်ရမယ်ဆိုတဲ့ ခံယူချက်ရှိတဲ့အတွက် အန်တီတူးက သားထူးခန့်ကျော်ဆီ သွားကို သွားမှာပါ” ဟု ဟာသသရုပ်ဆောင် မတူးက ပြောသည်။

ဇာတ်ပို့ဇာတ်ရုံ ဟာသသရုပ်ဆောင် မတူးသည် အသက် (၇၁) နှစ်အရွယ် ရှိနေပြီဖြစ်သော်လည်း ဒူးမကောင်းသည့် ဝေဒနာမှလွဲကာ အခြားသောရောဂါလက္ခဏာများ မရှိကြောင်း သိရသည်။ သို့သော် လွန်ခဲ့သော ၂ဝ၁၂- ၂ဝ၁၃ ခုနှစ်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံအမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်စဉ်က ဦးနှောက်သွေးကြောပြတ်ခဲ့ဖူးသော်လည်း ကံကောင်းထောက်မစွာဖြင့် ကျန်းမာရေးပြန်လည်ကောင်းမွန်ခဲ့ပြီး အခြားသောရောဂါအခံများမရှိခြင်း၊ စိတ်ဓါတ်ကျခဲ့ခြင်းမရှိခဲ့သည့်အတွက်လည်း ကိုဗစ်ကို တွန်းလှန်နိုင်ခဲ့ကြောင်း သိရသည်။

မတူး သည် ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်းများအတွင်း ပရဟိတအသင်းအဖွဲ့များနှင့်အတူ ကူညီလုပ်ကိုင်ပေးခဲ့ သည့်အပြင် ကောက်ခံရရှိခဲ့သည့်အလှူငွေများကို ပရဟိတစင်တာများအတွက် လှူဒါန်းပေးခြင်းများ၊ ကိုဗစ်အသိ ပညာပေးဟောပြောပွဲများ ပါဝင်ခဲ့ခြင်းများနှင့် ပိုးသတ်ဆေးများလိုက်လံဖြန်းပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သူ ဖြစ်ပြီး ကိုဗစ်တတိယလှိုင်းအတွင်း ဒူးမကောင်းဖြစ်ခဲ့ရသည့်အတွက် စေတနာ့ဝန်ထမ်းအဖြစ် ကူညီမှုများလုပ်ဆောင်ပေးနိုင်ခဲ့ခြင်းမရှိကြောင်း ပြောသည်။

ဟာသသရုပ်ဆောင် မတူးသည် အနုပညာလောကထဲသို့ အမျိုးသမီးလူရွှင်တော်အဖြစ် ပထမဆုံးစတင်ဝင်ရောက်ခဲ့သူဖြစ်ပြီး နောက်ပိုင်း ရုပ်ရှင်ဇာတ်ကားများတွင် ဟာသသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်သည်။ ထို့ကြောင့် ပြီးခဲ့သည့် စက်တင်ဘာလ (၉) ရက်တွင် ကျင်းပသည့် သက်ကြီးလူရွှင်တော်ကန်တော့ပွဲတွင် ပထမဆုံး သက်ကြီးအမျိုးသမီးလူရွှင်တော်အဖြစ် ကန်တော့သက်ကြီးစာရင်းတွင် ပါဝင်လာခဲ့ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးမှကျင်းပမည့် သက်ကြီးရုပ်ရှင်သရုပ်ဆောင် ကန်တော့ခံထဲတွင်လည်း ပါဝင်ကြောင်းသိရသည်။
#NPNews

Related news

© 2021. All rights reserved.