မြန်မာနိုင်ငံ၏ပထမဆုံးမီးရထားလမ်းကို လျှပ်စစ်ရထားလမ်းအထိ မျှော်မှန်းလုပ်ဆောင်ရမည်ဟုဆို

 3419

NP News - စက်တင်ဘာ ၁၁
ရန်ကုန်-ပြည် မီးရထားလမ်းသည် မြန်မာနိုင်ငံတွင်ပထမဆုံးဖွင့်လှစ်ခဲ့သည့် မီးရထားလမ်းဖြစ်ပြီး အဆင့်မြှင့်တင်ကာ လျှပ်စစ်ရထားလမ်းများအထိ မျှော်မှန်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာလ (၁ဝ) ရက်က စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်)နှင့် ဘူတာကြီးတို့ကို သွားရောက်စဉ် ပြောကြားခဲ့ကြောင်း သိရသည်။

“ချက်ခြင်း အကောင် အထည်ဖော်ဆောင်ရွက်နိုင်မှာမဟုတ်ပေမယ့် ရေရှည်အတွက် စီမံချက်ချ လုပ်ဆောင်ကြရမှာဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံ၌ ပထမဆုံးဖောက်လုပ်ခဲ့သည့် ရန်ကုန်-ပြည် မီးရထားလမ်းကို ၁၈၇၇ ခုနှစ်၊ မေလ (၁) ရက် နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်နှင့် ဧရာဝတီမြစ်ဝှမ်း အစိုးရ ရထားလုပ်ငန်းက ပိုင်ဆိုင်ပြေးဆွဲခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ရန်ကုန် နှင့် ဧရာဝတီမြစ်ကမ်းဘေးရှိ သမိုင်းဝင် ကုန်သွယ်ရေးမြို့ဖြစ်သော ပြည် အကြား ဆက်သွယ်ထားသော ဤလမ်းပိုင်း သည် အနောက်မြောက်နှင့် တောင်စင်္ကြန် (ရန်ကုန် -ပြည်- မကွေး-မန္တလေး)၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ကြောင်းသိရသည်။ ထို့ကြောင့် ရန်ကုန်-ပြည်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံ ကိန်းအား ၂ဝ၁၉ ခုနှစ်မှ စတင်ကာ ADB မှအမေရိကန်ဒေါ်လာ (၂၂၅) သန်းနှင့် နိုင်ငံတော်မှဘတ် ဂျက် (တစ်စိတ်တစ်ပိုင်း) ဖြင့်ဆောင်ရွက်နေကြောင်း သိရသည်။ လက်ရှိအချိန်တွင် ရန်ကုန်-ပြည်ကို ရထားမောင်းချိန် (၈) နာရီခွဲ ကြာမြင့်ပြီး အဆင့်မြှင့်တင်မှုစီမံကိန်းများပြီးစီးပါက (၄)နာ ရီခွဲခန့်သာကြာမြင့်တော့မည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မှပြည်ဘူတာအထိ (၁၆၁) မိုင် ရှည်လျားပြီး လမ်းတလျှောက်တွင် ဘူတာပေါင်း (၂၉) ခုရှိကြောင်း သိရသည်။

ထို့ပြင် မြစ်ကူးမီးရထားတံတားဖောက်လုပ်ရာတွင် ယခင်ကမှားယွင်းစွာဖောက်လုပ်ခဲ့သည့် ဒီဇိုင်းအမှားများအပေါ်သင်ခန်းစာယူ၍ ဘေးချင်းယှဉ်လျက်သော်လည်းကောင်း၊ အပေါ်အောက် နှစ်ထပ်ဒီဇိုင်းပုံစံဖြင့်သော်လည်းကောင်း ဖောက်လုပ်နိုင်ရေးစဉ်းစားလုပ်ဆောင်ကြရန်လိုကြောင်း၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွင် အသုံးပြုရန် ပြန်လည်ပြုပြင်မည့် ရေနွေးငွေ့သုံး မီးရထားစက်ခေါင်းများ မောင်းနှင်ရာတွင် ကျောက်မီးသွေးကို အသုံးပြုမောင်းနှင်ရန်နှင့် အရည်အသွေးကောင်းမွန်သည့် ကျောက်မီးသွေးများကို အသုံးပြုရမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောသည်။
#NPNews

Related news

© 2021. All rights reserved.