ရွှေရူပါဦးနှင့်တွဲလျက်ပုံထွက်လာပြီးနောက် ပုံယူသုံးပြီး ဂုဏ်သိက္ခာကျဆင်းအောင်ပြုလုပ်သူတိုင်းကို တရားစွဲမည်ဟု နေခြည်ဦး သတိပေး

2082

အိဖြူ(NP News) - စက်တင်ဘာ ၁၁
နေခြည်ဦးက သူမနာမည်နှင့် ပုံရိပ်များကို ခွင့်ပြုချက်မရှိဘဲ လူပုဂ္ဂိုလ်သုံး၊ သတင်းမီဒီယာသုံး၊ စီပွါးရေးသုံး ဆိုရှယ်မီဒီယာစာမျက်နှာများတွင် ကူးယူဖြန့်ဝေ၊ ရေးသားဖော်ပြသူများကို တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သူမကိုယ်တိုင်အသုံးပြုသော ဆိုရှယ်ပလက်ဖောင်းများပေါ်တွင် စက်တင်ဘာလ (၉) ရက်က အသိပေးကြေညာခဲ့သည်။
NUG ဘက်မှ D-Day ကြေညာခဲ့ပြီးနောက် စစ်တပ်ထောက်ခံသူ ရွှေရူပါဦးက စက်တင်ဘာလ (၇) ရက်က နေခြည်ဦနှင့်တွဲရိုက်ထားသည့် ပုံနှင့်တကွ “မမနေခြည်ရေ အရမ်းချစ်တယ်နော်။ ဂရုစိုက်နော်။ ဘာတဲ့ D-Day ဆိုလား မမနေခြည်ရေ။ ရွှေနဲ့ မမနေခြည် chat box မှာ ပြောသလိုပဲ လိုင်းပေါ်မှာသာ ဟိုနေရာကြမ်းကုန်ပြီ၊ ပစ်ကုန်ပြီနဲ့ အပြင်မှာကျတော့ E တောင် ပေါက်သံတောင် ကျယ်ကျယ်မကြားရဘူးနော်” ဟု သူမနှင့် နေခြည်ဦး cb တွင် စကားပြောခဲ့ကြောင်း တင်ခဲ့သည်။
ဖေ့ဘွတ်တွင် ပျောက်ကွယ်လုနီးပါးဖြစ်နေသည့်နေခြည်ဦးကို ပရိသတ်တွေက မေ့ပျောက်စပြုလာပြီး ဝေဖန်ခံရမှုတွေ ငြိမ်သက်စပြုလာသော်လည်း ရွှေရူပါဦးတင်လိုက်သည့်ပိုစ့်ကြောင့် နေခြည်ဦးသည် ထပ်မံ၍ ဆဲဆိုခံရပြီး ဝေဖန်ခံရမှုများ မြင့်တက်လျက်ရှိသည်။ ထို့ကြောင့် ရွှေရူပါဦး သူမနှင့်တွဲရိုက်ထားသည့် ပိုစ့်တင်ပြီး နှစ်ရက် မြောက်တွင် ယခုကဲ့သို့အသိပေးကြေညာခဲ့ခြင်းဖြစ်သည်။
လက်ရှိ ဆိုရှယ်မီဒီယာပေါ်တွင် သူမ၏နာမည်နှင့် Beautybynaychi အမည်အား ခွင့်ပြုချက်မရှိဘဲ အသုံးပြုနေ ေသာ စီးပွားရေးလုပ်ငန်းဆိုင်ရာ Page များနှင့် အချို့သောပေ့ချ်များသည် မိမိအကျိုးစီးပွားအတွက် အသုံးပြုရုံမက နာမည်ဂုဏ်သိက္ခာကိုပါ ထိခိုက်ကျဆင်းစေနိုင်သည့် သတင်းခေါင်းစဉ်အမျိုးမျိုးရေးသားဖော်ပြ ဖြန့်ဝေမှုများ ပြုလုပ်နေကြသည့်အတွက် အဆိုပါစီးပွားရေးလုပ်ငန်းဆိုင်ရာပေ့ချ်များနှင့်သက်ဆိုင်သည့် လုပ်ငန်းအဖွဲ့အစည်း များအား ရှေ့နေများမှတဆင့် အသိပေးအကြောင်းကြားစာပေးပို့၍ တည်ဆဲဥပဒေများနှင့်အညီ နစ်နာမှု၊ ဂုဏ်သိက္ခာကျဆင်းစေမှုတို့အတွက် တရားစွဲဆိုခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
Social Influencer ၊ သရုပ်ဆောင် နေခြည်ဦးအနေဖြင့် ၂ဝ၁၇ ခုနှစ်မှစတင်၍ ဆိုရှယ်ပလက်ဖောင်းများအား အသုံးပြု၍ အလှအပရေးရာဖန်တီးမှုများနှင့် သူမ၏ ဘဝနေထိုင်မှုပုံစံများအကြောင်းအား တင်ဆင်ဖော်ပြခဲ့သူ ဖြစ်ပြီး နောက်ပိုင်းတွင်လည်း Social Influencer တစ်ယောက်ပီပီ ဖန်တီးတင်ဆက်မှုများကို ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း နေခြည်ဦးက အသိပေးထားသည်။
#NPNews