The Lady (ဒေါ်အောင်ဆန်းစုကြည်) ဇာတ်ကား ဒုတိယပိုင်း ထပ်မံရိုက်ကူး သရုပ်ဆောင်ဖို့ မီရှဲလ်ယို စိတ်ဝင်စားနေ

2095

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၂
ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး မီရှဲလ်ယို ဟာ၂ဝ၁၁ ခုနှစ်က နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေရာမှာ သူမ ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ The Lady ဇာတ်ကားကို ဒုတိယပိုင်း ထပ်မံရိုက်ကူး သရုပ်ဆောင်ဖို့ အတွက် ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
အသက်(၅၉) နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ မလေးရှားမင်းသမီးကြီး မီရှဲလ်ယို ဟာ ဆယ်စုနှစ်ကျော်ကြာ နေအိမ်အ ကျယ်ချုပ်ခံရပြီး မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးလှုပ်ရှားမှုတွေကြောင့် ငြိမ်းချမ်းရေးနိုဘယ်ဆု ရယူနိုင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘဝအကြောင်းကို ဒါရိုက်တာ Luc Besson ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်လမ်းမှာ ဒေါ်အောင်ဆန်းစုကြည် အဖြစ် ပထမဆုံး ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။
အဆိုပါ ရုပ်ရှင်ဇာတ်လမ်းထွက်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘင်္ဂါလီတွေကို လူမျိုးသုန်းသတ်ဖြတ်မှု ကျူးလွန်စော်ကားတယ်လို့ စွပ်စွဲခံရတဲ့စစ်တပ်ကို ကာကွယ်ပေးခဲ့တဲ့အတွက် နိုင်ငံတကာရဲ့ပြစ်တင် ရှုတ်ချခြင်း ကို ခံခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ဖြစ်ပွားခဲ့တဲ့ စစ်တပ် အာဏာသိမ်းမှုမှာ ဒေါ်အောင်ဆန်းစုကြည် ဟာ ရာထူးကဖြတ်ချခံရကာ အာဏာသိမ်းခံခဲ့ရပြီး၊ စွဲချက်တင်ခံရကာ အမှုရင်ဆိုင်နေရသူဖြစ်ပါတယ်။ ဒါပေမယ့် မင်းသမီး မီရှဲလ်ယို က မိမိအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘဝနောက်ပိုင်းအကြောင်း ထုတ်လုပ်ရိုက်ကူးမယ့် The Lady ရုပ်ရှင်ဇာတ်ကားမျိုးမှာ ထပ်မံ ပါဝင်သရုပ်ဆောင်ဖို့ စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။
"ကျွန်မဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘဝ နောက်ပိုင်းအကြောင်း ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်လမ်းမှာ ထပ်မံပါဝင် သရုပ်ဆောင်ဖို့ စိတ်ဝင်စားတယ်။ ဆွေးနွေးထားတာတွေရှိတဲ့အတွက် အခြေအနေတွေ တိုးတက်ကောင်းမွန် လာမယ်ထင်ပါတယ်" လို့ မင်းသမီး မီရှဲလ်ယို ပြောပါတယ်။
ဒါ့အပြင် မင်းသမီး မီရှဲလ်ယို က မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ လူမျိုးသုန်း သတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲမှုတွေနဲ့ သူမရဲ့ရုပ်ပုံတွေ ပြန်ဖြတ်ချတာတွေအပေါ် အလွန်အမင်း စိတ်ပျက်ရကြောင်း၊ အဲဒီလုပ်ရပ်တွေအပေါ် အံသြမိကြောင်း ဆိုပါတယ်။
မီရှဲလ်ယို ဟာ မာဗယ်ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ Shang Chiand the Legend of the TenRings ရုပ်ရှင်ဇာတ်ကားမှာ နောက်ဆုံးပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး အဆိုပါရုပ်ရှင်ဇာတ်ကားဟာ ပထမဆုံး ရုံတင် ပြသတဲ့သီတင်းပတ်မှာပဲ အမေရိကန်ဒေါ်လာ သန်း ၁၃ဝ အထိ ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။
#NPNews