မိသားစုအကြောင်းမေးတိုင်း ငိုရတာ မောလာပြီးမို့ ထပ်မမေးကြဖို့ အဆိုတော် ဗီဗာဟိန်း တောင်းပန်

 964

NP News - စက်တင်ဘာ ၁၂
ကိုဗစ်တတိယလှိုင်းအတွင်း မိသားစုဝင် သုံးဦးစလုံးကို ဆုံးရှုံးခဲ့ရတဲ့ အဆိုတော် ဗီဗာဟိန်းဟာ သူ့အနေနဲ့ အနုပညာသမားတစ်ဦးဖြစ်တဲ့အတွက် မီဒီယာတွေကို အင်တာဗျူးဖြေပေးနေရခြင်းဖြစ်ပေမယ့် ဆုံးရှုံးလိုက်ရတဲ့ မိသားစုဝင်များအကြောင်းမေးတိုင်း ငိုရလွန်းလို့ မောလာပြီဖြစ်လို့ မိသားစုဝင်အကြောင်း ထပ်မပေးဖို့ တောင်းပန်လိုက်ပါတယ်။

အဆိုတော် ဗီဗာဟိန်းရဲ့ဖခင်ဖြစ်သူ နိုင်ငံကျော် အဆိုတော်ကြီး ဗိုဟိန်း (ခ) ဦးသန်းဦးဟာ ဇူလိုင်လ ၂၅ ရက် နံနက် ၃ နာရီခန့်က ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့တာဖြစ်ပြီး နှစ်ရက်အကြာ ဇူလိုင်လ ၂၇ ရက် ညနေပိုင်းမှာတော့ ဦးဗိုဟိန်းရဲ့ဇနီး၊ ဗီဗာဟိန်းရဲ့မိခင်ဖြစ်သူ အဆိုတော် ဘိုမ ဟာ ကွယ်လွန်ခဲ့ပါတယ်။ ဒါ့အပြင် မိဘနှစ်ပါးစလုံးကွယ် လွန်ပြီးရက်ပိုင်းမှာပဲ သူမရဲ့အစ်ကိုကြီးဖြစ်သူဟာလည်း အောက်စီဂျင်ထိုးကျပြီး ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

သူဟာ အနုပညာရှင်တစ်ဦးဖြစ်တာကြောင့် မီဒီယာတွေရဲ့မေးမြန်းချက်ကို အတတ်နိုင်ဆုံးဖြေပေးခဲ့ပေမယ့်လည်း မိသားစုဝင်တွေကို ဆုံးရှုံးလိုက်ရတာနဲ့ပတ်သက်ရင် ထပ်ပြီးမဖြေချင်တော့ဘူးလို့ အခုလိုပြောလာပါတယ်။
“မီဒီယာတွေကိုအားနာလို့သာ လက်ခံပြီး အင်တာဗျူးတွေ ဖြေပေးနေတာ။ ဗီဗာ ငိုရင်း အရမ်းမောလာပြီး၊ ရင် ဘတ်တွေ အောင့်လာလို့ပါ။ ဗီဗာ့မိသားစုအကြောင်းကို နောက်ထပ်မမေးကြပါနဲ့တော့နော်။ တောင်းပန်ပါတယ်” လို့ အဆိုတော် ဗီဗာဟိန်းက ဆိုပါတယ်။

အဆိုတော် ဗီဗာဟိန်းတို့ဟာ မိသားစုဝင် လေးဦး ရှိတာဖြစ်ပြီး အခုကိုဗစ်တတိယလှိုင်းအတွင်း တစ်လတည်း ရှေ့ဆင့်နောက်ဆင့် မိသားစုဝင် သုံးဦးစလုံးကို အသက်ဆုံးရှုံးလိုက်ရတာဖြစ်ပြီး သူမတစ်ယောက်သာ ကျန်ရစ်ခဲ့ တာလည်းဖြစ်ပါတယ်။

သူ့အနေနဲ့ မိသားစုဝင်အားလုံး ကိုဗစ်ရောဂါခံစား၊ ကုသနေရချိန်နဲ့ မိသားစုဝင်တွေကို ဆုံးရှုံးပြီးချိန်နောက်ပိုင်း မှာလည်း စိတ်ဓါတ်ကျ၊ စိတ်ဆင်းရမှုတွေကို ခံစားခဲ့ရတာကြောင့် အလုပ်တွေကို ပစ်ထားမိခဲ့တဲ့အပြင် ကိုဗစ်ကြောင့် ပွဲများ မဆိုရတာဟာလည်း နှစ်နှစ်ရှိပြီဖြစ်တာကြောင့် စားဝတ်နေရေးအတွက် ဈေးပြန်ရောင်းရင် အားပေးမှာလားလို့ ညိုးငယ်စွာဖြင့် ဈေးပြန်ရောင်းတော့မယ့်အကြောင်း အသိပေးပြောထားတာကိုတွေ့ရ ပါတယ်။
#NPNews

Related news

© 2021. All rights reserved.