နှစ်ပတ်ရုံးတက်၊ နှစ်ပတ် အိမ်မှအလုပ်လုပ်စေမည့်အစီအစဉ်ကို ဝန်ထမ်းသတ်မှတ်ချက်အဆင့်အလိုက် စတင်ရန် အိမ်စောင့်အစိုးရအဖွဲ့ စီစဉ်နေ

 790

အေဝိုင်အီး (NP News) - စက်တင်ဘာ ၁၂
ခွင့်ရက်ရှည်များစွာ ပေးခဲ့ပြီးနောက်တွင် အစိုးရဝန်ထမ်းများကို နှစ်ပတ်ရုံးတက်၊ နှစ်ပတ်အိမ်မှအလုပ်လုပ်ဆိုသည့် အစီအစဉ်ဖြင့် စက်တင်ဘာ(၁၃)ရက်မှစ၍ အလုပ်စတင်ဆင်းစေတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါအစီအစဉ်မှာ NUG ဘက်က တစ်နိုင်ငံလုံးကို အရေးပေါ်အခြေအနေကြေညာ၍ ဝန်ထမ်းများကိုအလုပ်နားခွင့်ပေးထားသည်ဆိုသော ကြေညာချက်၏နောက် ၃ ရက်ခန့်အတွင်းမှာပင် ပုံပေါ်လာခြင်းဖြစ်ပြီး တိုက်ဆိုင်မှုတစ်ခုလည်း ဖြစ်လာခဲ့သည်။ နှစ်ပတ်ရုံးတက်၍ နှစ်ပတ်အိမ်မှအလုပ်လုပ်ခြင်း အစီအစဉ်ကို ကိုဗစ်ကပ်ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဗဟိုကော်မတီ၏ ခွင့်ပြုမှု မူဘောင်အတွင်းမှလုပ်ဆောင်ခြင်းမျိုးဖြစ်ပြီး ကိုဗစ်တတိယလှိုင်းကလည်း ပြန်လည်အနည်ထိုင်လာခဲ့သောကြောင့် စတင်နိုင်ခြင်းမျိုးဖြစ်ကြောင်း သိရသည်။ ဗဟိုကော်မတီ၏အသိပေးကြေညာချက်တွင် စက်တင်ဘာ(၁၃)ရက်မှစတင်ကာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဒေသအစိုးရအဖွဲ့ဝင်များ၏ Core Group တွင် ပါဝင်သည့် ဝန်ထမ်းများနှင့် ညွှန်ကြားရေးမှူးအထက် ဝန်ထမ်းများ နေ့စဉ်ရုံးတက်ရမည်ဟု ဖော်ပြထားသည်။ ဒုတိယညွှန်ကြားရေးမှူးအဆင့်နှင့်အောက် ဝန်ထမ်းများအားလုံး၏ ထက်ဝက်မှာမူ နှစ်ပတ်ရုံးတက်၍ နှစ်ပတ်ကို နေအိမ်မှပင်အလှည့်ကျပုံစံဖြင့် လုပ်လုပ်စေမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ ယင်းအပြင် နှစ်ပတ်ရုံးတက်၊ နှစ်ပတ်နေအိမ်မှအလုပ်လုပ် အစီအစဉ်တွင် ပါဝင်သည့်ဝန်ထမ်းများမှာ နေထိုင်ရာအဆောက်အအုံ၏အပြင်ဘက်သို့ အကြောင်းတစ်စုံတစ်ရာမရှိဘဲ မသွားလာရန်၊ မဖြစ်မနေ ခရီးသွားလာရန် ရှိပါက တာဝန်ရှိသူအဆင့်ဆင့်၏ ခွင့်ပြုချက်ဖြင့်သာ သွားလာရန်ဟူ၍ သတိပေးထားသည်။ ညွှန်ကြားချက်များကို မလိုက်နာပါက ဖုံးကွယ်ပေးသူ၊ ကာကွယ်ပေးသူနှင့် ကာယကံရှင်တို့ကိုယ်တိုင် နိုင်ငံ့ဝန်ထမ်းဥပဒေဖောက်ဖျက်မှုဖြင့် အရေးယူခံရမည်ဖြစ်ကြောင်းလည်း ဆိုသည်။

စက်တင်ဘာ(၁၀)ရက် ရက်စွဲဖြင့်ထွက်ပေါ်လာခဲ့သော အဆိုပါ ကြေညာချက်နှင့်ပတ်သက်၍ အိမ်စောင့်အစိုးရ၏သတင်းပြန်ကြားရေးအဖွဲ့ဘက်သို့ ဆက်သွယ်မေးမြန်းမှုများ ရှိသော်လည်း ၂၄ နာရီကျော်လွန်သည်အထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

Related news

© 2021. All rights reserved.