ကျပ်(၂၀၀၀၀)တန်နှင့်(၅၀၀၀၀)တန် ငွေစက္ကူအသစ်များရိုက်နှိက်မည်ဆိုသောကိစ္စ လုံးဝမရှိဟု အိမ်စောင့်အစိုးရ အတည်ပြုပြောကြား

1174

အေဝိုင်အီး (NP News) - စက်တင်ဘာ ၁၇
ငွေစက္ကူကျပ်(၂၀၀၀၀)တန်နှင့်(၅၀၀၀၀)တန်များ ထုတ်ဝေရန်ရှိနေသည်ဆိုသော သတင်းများမှာ မဟုတ်မှန်ကြောင်းနှင့် ထုတ်ဝေရန် အစီအစဉ်မရှိကြောင်း အိမ်စောင့်အစိုးရအဖွဲ့၏ သတင်းမှန်ပြန်ကြားရေးက ရှင်းလင်းပြောကြားလိုက်သည်။
လူမှုကွန်ရက်တစ်ခွင်တွင် ငွေစက္ကူနှင့်ပတ်သက်သောသတင်းများမှာ ရည်ရွယ်ချက်တစ်ခုခုရှိနေေ သာသဘောမျိုးဖြင့် ပုံစံမျိုးစုံဖြင့်ထွက်ပေါ်လာခဲ့ပြီး ယခုတစ်ကြိမ်တွင်လည်း ကျပ်(၂၀၀၀၀)တန်နှင့် ကျပ်(၅၀၀၀၀)တန်များထွက်လာရန်ရှိသည်ဟူ၍ သတင်းထွက်လာခဲ့ခြင်းလည်း ဖြစ်သည်။ ယင်းအကြောင်းအရာနှင့်ပတ်သက်၍ သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံသို့ မီဒီယာအချို့က စက်တင်ဘာ(၁၇)ရက်တွင် ဆက်သွယ်မေးမြန်းမှု၌ “ မရှိပါဘူး ” ဟူ၍ အစီအစဉ်မရှိကြောင်းနှင့် သတင်းအမှားများဖြစ်ကြောင်းကို တိုက်ရိုက်သဘောမျိုးတိုတုတ်စွာဖြေကြားသည်။ အထူးသဖြင့် ငွေစက္ကူကျပ်(၂၀၀၀၀)တန်နှင့် ကျပ်(၅၀၀၀၀)တန်ဆိုသောသတင်းများမှာ ပုံမှန်အတွေးအခေါ်ဖြင့်စဉ်းစားမည်ဆိုလျှင်ပင် မဖြစ်နိုင်သောကိစ္စမျိုးဖြစ်ပြီး ယင်းသတင်းများကို မည်သူများက ရည်ရွယ်ချက်ရှိရှိ ထုတ်လွှင့်နေသနည်းဆိုသည့်အချက်မှာ စိတ်ဝင်စားဖွယ်ပင်ဖြစ်သည်။ လွန်ခဲ့သော ၂၄ နာရီအတွင်းကလည်း ငွေစက္ကူကျပ်(၅၀၀၀)တန်နှင့်(၁၀၀၀၀)တန်များကို တရားဝင်အဖြစ်မှပယ်ဖျက်ကြောင်းဟုဆိုသော နစကအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၏ထုတ်ပြန်အသိပေးချက်ဆန်ဆန် အစိုးရ၏ထုတ်ပြန်စာအတိုင်း ပုံမှားရိုက်၍ သတင်းထွက်ခဲ့ဖူးသည်။ ယင်းသတင်းမှာလည်း ထုတ်ပြန်ချက်အတုလုပ်ခြင်းသာဖြစ်ပြီး မည်သို့မျှ မဖြစ်နိုင်သောကိစ္စဖြစ်ကြောင်း၊ ယင်းကဲ့သို့ ငွေစက္ကူတစ်ခုခုကို တရားမဝင်ဖြစ် နစကဘက်က ကြေညာမည်မဟုတ်ကြောင်း၊ တည်ဆဲဥပဒေများအရဖြစ်လာရန်မရှိသော ငွေကြေးကိစ္စများကို သတင်းမှားများလွှင့်၍ လူထုကို စိတ်သောကပေးသည့်သူများမှာ အတိုက်အခံအင်အားစုများဘက်ကသာဖြစ်နိုင်ကြောင်း ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများကို စက်တင်ဘာ(၁၆)ရက်က ဖြေကြားထားသည်။
မြန်မာနိုင်ငံတွင် ငွေစက္ကူကိစ္စနှင့်ပတ်သက်၍ NLD အစိုးရလက်ထက်က ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံဖြင့် ကျပ်(၁၀၀၀)တန်များကို ထုတ်ဝေခဲ့ဖူးပြီး အစိုးရသက်တမ်းမကုန်မီအတွင်း ဗိုလ်ချုပ်ရုပ်ပုံဖြင့် ကျပ်(၅၀၀၀)နှင့် (၁၀၀၀၀)တန်များ ရိုက်နှိပ်ထုတ်ဝေရန် အစီအစဉ်သာရှိခဲ့ဖူးကြောင်းလည်း သိရသည်။