အရက်၊ ဘီယာဖြတ်လိုက်လျှင်ရလာမည့် အကျိုးထူးများ

3973
ဝတီ (NP News) - စက်တင်ဘာ ၁၈
လူတွေဟာ အရက်၊ ဘီယာစွဲနေပြီဆိုရင် အဲဒါချည်းပဲ သောက်ချင်နေတော့တာကြောင့် ကိုယ်အရက်သမားဘဝမရောက်ခင်က မြတ်နိုးခဲ့တဲ့ အရာတွေ၊ ဝါသနာတွေကို စွန့်လွှတ်ပစ်လိုက်ကြပါတော့တယ်။ အရက်၊ ဘီယာ မဖြတ်နိုင်ဘူး၊ ဆက်သောက်မှာပဲဆိုရင်တော့ ရောဂါပေါင်းစုံကို လက်ယက်ခေါ်သလိုဖြစ်နေပြီး နှစ်တွေကြာလာတဲ့အခါ
တခြားအရက်သမားတွေလိုပဲ ရောဂါပေါင်းစုံ ဖိစီးလာမယ်။ ပိုက်ဆံတွေ တနင့်တပိုးအကုန်ခံပြီး ကုပေမယ့် နောက် ဆုံးမှာအသက်ပါ ပါသွားပါလိမ့်မယ်။ အဲဒီလမ်းကို မလိုက်ချင်ဘူးဆိုရင်တော့ ဘီယာ၊ အရက်ဖြတ်ရမယ်ဆိုတဲ့တာကလွဲလို့ တခြားနည်းမရှိပါဘူး။
ဆယ်စုနှစ်ပေါင်းများစွာ အရက်ကျေးကျွန်ဖြစ်နေသူ တစ်ယောက်က အရက်ဖြတ်မယ်ဟေ့ဆိုရင် အရက်ဆိုတဲ့ သခင်ကြီးက ဒါကိုလွယ်လွယ်နဲ့ လိုက်လျောမှာ မဟုတ်ပါဘူး။ ဒါကြောင့် သန္ဓိဌာန် ခိုင်ခိုင်မာမာနဲ့ကျော်ဖြတ်ရမှာပါ။ အရက်ဖြတ်ချိန်မှာ ရင်ဆိုင်ရတဲ့ ဝေဒနာတွေ၊ အခက်အခဲတွေကို အံကြိတ်ကျော်ဖြတ်နိုင်သွားပြီဆိုရင်တော့ ရှေ့မှာ ပန်းခင်းလမ်းကြီးက စောင့်ကြိုနေပါလိမ့်မယ်။ ပန်းခင်းလမ်းကြီးနဲ့အလားသဏ္ဍာန်တူတဲ့ ပြောမဆုံးနိုင်တဲ့အကျိုးထူးတွေက ဘာတွေလဲဆိုတာ ဖော်ပြသွားပါမယ်။
ကင်ဆာဖြစ်နိုင်ခြေ လျော့နည်းလာမယ်။
အရက်သေစာဟာ ကင်ဆာဖြစ်စေတဲ့အရာပါ။ အရက်ပိုသောက်လေ၊ ကင်ဆာဖြစ်နိုင်ခြေများလေပါပဲ။ အဲဒါတွေက တော့ အသည်းကင်ဆာ၊ ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အူမကြီးကင်ဆာ အစရှိတာတွေပဲ ဖြစ်ပါတယ်။ အ ရက်ဖြတ်လိုက်ပြီဆိုရင်တော့ ကင်ဆာဖြစ်နိုင်ခြေ လျော့နည်းသွားပါလိမ့်မယ်။
မှတ်ညာဏ်နဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်း ပိုကောင်းလာမယ်။
အရက်၊ ဘီယာ အလွန်အကျွံသောက်တဲ့အခါ မှတ်ညာဏ်နဲ့သင်ယူနိုင်စွမ်းအတွက် သိပ်အရေးပါတဲ့ ဦးနှောက်အ စိတ်အပိုင်းဟာ ကျုံ့လာပါတယ်။ လပေါင်းများစွာ ဒါမှမဟုတ် တစ်နှစ်ပတ်လုံးလုံး အရက်မသောက်ဘဲ နေနိုင်လာတဲ့အခါကျရင်အဲဒီအစိတ်အပိုင်း သူ့ဘာသာသူနည်းနည်းချင်းပြန်ကောင်းလာပါလိမ့်မယ်။ ဒီတော့မှတ်ညာဏ်နဲ့ စဉ်းစားတွေး ခေါ်နိုင်စွမ်းလည်း ပြန်ကောင်းလာမှာပေါ့။
ကိုယ်ခံစွမ်းအား မြင့်တင်လာမယ်။
အရက်၊ ဘီယာက ကိုယ်ခံအားစနစ်ကို နှောင့်ယှက်တာကြောင့် အဲဒါတွေသောက်ရင်သွေးဖြူဆဲလ်တွေ မထွက်တော့ဘဲ ခန္ဓာကိုယ်ထဲပိုးမွှားတွေအလွယ်တကူဝင်နိုင်ပါတယ်။ ဒါကြောင့်အရက်သောက်တာနှစ်တွေ အများကြီးကြာလာတဲ့လူတွေဟာ အဆုတ်ရောင်ရောဂါ၊ တီဘီရောဂါ စတာတွေ စွဲကပ်လာကြတော့တာပေါ့။ အရက်ဖြတ်လိုက်ပြီဆိုရင် အ လွယ်တကူ ဖျားတာ၊ နာတာမျိုးသိပ်မဖြစ်တော့ပါဘူး။
စိတ်ကျန်းမာရေး ပိုကောင်းလာမယ်။
အရက်၊ ဘီယာ စွဲတာနဲ့ စိတ်ကျန်းမာရေးမကောင်းတာအများကြီးဆက်စပ်နေပါတယ်။ စိတ်ကျန်းမာရေးမကောင်းဘူးလို့ဆိုတဲ့နေရာမှာ စိတ်ဓာတ်ကျတာ၊ ပူပန်သောကဖိစီးတာနဲ့ စိတ်ကစဉ့်ကလျားရောဂါ စွဲကပ်တာတွေပါ ပါပါတယ်။ အရက်သေစာသောက်စားလို့ စိတ်ကျန်းမာရေးချို့တဲ့တာဖြစ်တဲ့အတွက် အရက်သာဖြတ်လိုက်နိုင်ရင်စိတ်ကျန်းမာရေး ပြန်ကောင်းလာမှာပါပဲ။ အရက်ဖြတ်ရတာဟာ အတော်ကိုကြိုးစားအားထုတ်ရတဲ့ကိစ္စဖြစ်လို့ လအ တော်ကြာ အရက်ဖြတ်နိုင်ပြီဆိုရင် ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူလိုက်ပါ။ အရက်မသောက်ဘဲ နေနိုင်လာပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း တိုး၊ ကိုယ့်ကိုယ်ကိုယ်လည်း လေးစားသမှုရှိလာပါလိမ့်မယ်။
သင့်တင့်မျှတတဲ့ ကိုယ်အလေးချိန် ဖြစ်လာမယ်။
အရက်ဟာ ခန္ဓာကိုယ်အတွင် မရှိမဖြစ်လိုအပ်တဲ့ အာဟာရတွေကိုစုပ်ယူပစ်လိုက်ရုံသာမက ဇီဝဖြစ်စဉ်ကိုလည်း ချို့ယွင်းသွားစေပါတယ်။ ဒါ့အပြင်အရက်ထဲမှာပါတာကလည်း သကြားတွေ၊ ဗလာကယ်လိုရီတွေ (empty calories) တွေချည်းပါပဲ။ အရက်ကို အရမ်းကာရောသောက်မယ်ဆိုရင် တစ်ညတည်းနဲ့ ကယ်လိုရီပေါင်း (၆ဝဝ) ကျော် သောက်သုံးပြီးသားဖြစ်သွားမှာပါ။ အရက်ဖြတ်တဲ့နေရာမှာ အရက်ဖြတ်နည်းသာမက ကျန်းမာရေးနဲ့ညီ ညွတ်အောင် နေထိုင်စားသောက်နည်းကိုပါ လေ့လာရပါမယ်။ ကျန်းမာရေးနဲ့ညီညွတ်အောင် အာဟာရပြည့်ဝတာတွေ စားသုံးရမယ်၊ အားကစားလုပ်ရပါမယ်။ ဒီလို ပုံမှန်လုပ်သွားမယ်ဆိုရင်၊ အရက် တကယ်ပြတ်သွားပြီဆိုရင် တဖြည်းဖြည်းနဲ့ကျန်းမာရေးနဲ့ညီညွတ်ပြီး သင့်တင့်မျှတတဲ့ ကိုယ်အလေးချိန် ပြန်ရလာပါလိမ့်မယ်။
ခန္ဓာကိုယ်က အာဟာရတွေ ပိုစုပ်ယူလာနိုင်မယ်။
အရက်သေစာသောက်စားရင် ခန္ဓာကိုယ်အတွက် အင်မတန်အရေးကြီးတဲ့ အာဟာရတွေအရက်ကြောင့် ပြုန်းတီးသွားပါတယ်။ ပိုဆိုးတာက အရက်သမားအများစုဟာ အစာစားတာထက် အရက်သောက်တာက ပိုများလာလေ့ရှိပါတယ်။ ဒါ့အပြင်အာဟာရဖြစ်အောင်လုပ်ပေးတဲ့ အစာအာဟာရလုပ်ငန်းစဉ်ကိုလည်း အရက်ကဖျက်ဆီးပစ်ပါသေးတယ်။ ဒါကြောင့် အရက်သမားအများစုဟာ အာဟာရချို့တဲ့ကုန်ကြတာပါ။ အရက်ဖြတ်လိုက်တဲ့အခါမှာတော့ ခန္ဓာကိုယ်က အာဟာရတွေကိုကောင်းကောင်းစုပ်ယူလာနိုင်ပါတယ်။
အရက်သမားရုပ် ပျောက်သွားမယ်။
အရက်သမားရုပ်ဆိုတဲ့ စကားအသုံးအနှုန်းကို လူတိုင်းကြားဖူးကြမှာပါ။ ဆယ်စုနှစ်တွေနဲ့ချီအောင် အရက်၊ ဘီယာ သောက်လာတဲ့အခါ မျက်နှာ၊ နှာခေါင်းမှာရှိတဲ့သွေးကြောမျှင်လေးတွေ ပေါက်သွားတယ်၊ ရေဓာတ်ခန်းခြောက်လာတယ်၊ အရေပြားရောင်ရမ်းလာတယ်၊ အသားဝါရောဂါ ဖြစ်လာတယ်၊ ကော်လာဂျင်ပမာဏနည်းလာပြီး အရေပြားတွဲကျလာတယ်စတာတွေကြောင့် အရေပြားပျက်စီးလာတာပါ။ ဒါကြောင့် အရက်သမားရုပ်ဖြစ်လာတော့တာပေါ့။ ဒါပေမဲ့ အရက်ဖြတ်လိုက်ပြီဆိုတာနဲ့ တဖြည်းဖြည်းချင်းအသားအရေပြန်ကောင်းလာပြီး အရက်သမားရုပ်ပျောက်လာမယ်၊ ခန္ဓာကိုယ်အနံ့အသက် ကောင်းလာပါလိမ့်မယ်။
နှလုံးသွေးကြောရောဂါတွေ ဖြစ်နိုင်ခြေနည်းသွားမယ်။
ကိုယ်တကယ်အရက်ပြတ်သွားပြီဆိုရင် ကိုယ့်နှလုံးက သိပ်ကိုပျော်သွားပြီး ကျေးဇူးတွေအရမ်းတင်နေမှာပါ။ အ ရက်အရမ်းသောက်တဲ့လူတွေဟာ အရက်မသောက်တဲ့လူတွေထက် နှလုံးထိခိုက်နိုင်ခြေ၊ နှလုံးသွေးကြော ထိခိုက်နိုင်ခြေပိုများနေတယ်ဆိုတာကတော့ ပြောစရာမလိုတဲ့အချက်ပါပဲ။

အိပ်လို့ပိုကောင်းလာမယ်။
အရက်အလွန်အကျွံသောက်တာဟာ အိပ်ရေးပျက်တာနဲ့လည်း ဆက်စပ်နေပါတယ်။ အိပ်စက်-နိုးထခြင်း စက်ဝန်းကို အရက်က နှောင့်ယှက်တာကြောင့်အိပ်မောကျဖို့ပိုခက်လာတာပါ။ ဒါ့အပြင် အရက်က လည်ချောင်းထဲကကြွက် သားတွေကိုလည်း ပျော့သွားစေတဲ့အတွက် အိပ်နေရင်းနဲ့ အသက်ရှူ ရပ်ရပ်သွားနိုင်ပြီးပိုလည်း ဟောက်လာပါတော့တယ်။ အရက်ဖြတ်နေတုန်းမှာ အိပ်လို့မရတာမျိုးရှိနိုင်ပေမယ့် အရက်မသောက်တာကြာလာတာနဲ့အမျှ အိပ်လို့ ပိုကောင်းလာတာကိုလက်တွေ့ သိလာရပါလိမ့်မယ်။
ဒီအကျိုးထူးတွေဟာ အစပဲရှိသေးတာပါ။ အရက်မသောက်ဘဲ နှစ်တွေနဲ့ချီအကြာကြီးနေနိုင်လေ၊ ကျန်းမာရေးပိုကောင်းလာလေဆိုတာ တကယ်အရက်ပြတ်တဲ့အခါ ကိုယ်တိုင်ကိုယ်ကျသိလာရပါလိမ့်မယ်။ ကျန်းမာရေးအတွက်ကောင်းသလို အရက်ဖိုးအများကြီးသက်သာသွားတဲ့အတွက် ကိုယ့်စီးပွားရေးအခြေအနေအတွက်ကောင်း၊ ကိုယ့်မိသားစုလည်း ကိုယ်အရက်ပြတ်လို့ စိတ်တွေချမ်းသာပြီး မိသားစုအတွက်လည်းကောင်း၊ လုပ်ငန်းခွင်အတွက်လည်း ကောင်းသွားဦးမှာပါ။ အဓိကကတော့ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတဲ့ ဆုလာဘ်ကြီးကိုပိုင်ဆိုင်ရမှာပါပဲ။ ဒါကြောင့် အရက်ဖြတ်ချိန်မှာ ကြုံရမယ့်ဝေဒနာတွေ၊ အခက်အခဲဒုက္ခတွေကို ကြိတ်မှိတ်သည်းခံပြီး အဲဒီတောင်ကို အတတ်နိုင်ဆုံးကျော်ပါလို့တိုက်တွန်းလိုက်ပါရစေ။ အခက်ခဲဆုံးအရာကို အောင်အောင်မြင်မြင်ကျော်ဖြတ်နိုင်ပြီဆိုရင် ငါလုပ်နိုင်ပြီဟေ့ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာပါလိမ့်မယ်။
#NPNews