ပေါ့ပေါ့ပါးပါးပဲ ပြန်နေတော့မယ်ဆိုတဲ့ ယုန်လေး

 1593

NP News - စက်တင်ဘာ ၂ဝ
အဆိုတော် ယုန်လေးက သူ့အနေနဲ့ ပုံမှန်အတိုင်း ဂီတမောင်နှမတွေ၊ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေနဲ့ အရင်လို စနောက်ပြီးပေါ့ပေါ့ပါးပါးပဲ ပြန်နေတော့မယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု မဖြစ်ခင် ၂ဝ၂ဝ ပြည့်နှစ်အတွင်းက အဆိုတော် ယုန်လေးကိုယ်တိုင်ရိုက်ကူး သီဆိုပြီး အဆိုတော်များစွာပါဝင်တဲ့ "ငါတို့အားလုံးရဲ့မြေ" အမည်ရှိ သီချင်း MTV ထွက်ရှိပြီးနောက် အဆိုပါ MTV ကို ကြည့်ရှုနားဆင်မိသူတိုင်းနဲ့ ကိုယ်တိုင်ပါဝင် သီဆိုခဲ့ကြတဲ့ အဆိုတော်များအပြင် နိုင်ငံရေးအသိုင်းအဝိုင်းကပါ ယုန်လေးကို ပြင်းထန်စွာ ဝေဖန်ခဲ့ကြပါတယ်။ MTV ထဲကအတိုင်း အာဏာသိမ်းမှုဖြစ်လာချိန်မှာတော့ တကျော့ပြန် ဝေဖန်မှုများမြင့်တက်ခဲ့တာလည်းဖြစ်ပါတယ်။

"ကျွန်တော့်နဲ့ အပြင်မှာ ခင်မင်ရင်းနီနေတဲ့ ညီအစ်ကိုမောင်နှစ်မတွေရော၊ အပြင်မှာ မစုံဖူးပေမယ့် Fb မှာ ခင်မင်နေတဲ့ ညီအစ်ကိုမောင်နှမတွေရော၊ အလုပ်အတူတူ လုပ်ဖူးတဲ့၊ လုပ်နေတဲ့ ညီအစ်ကိုမောင်နှမတွေရော၊ အရင်လို ပုံမှန်ပဲ မွေးနေ့ ဆုတောင်းပေးစရာရှိလည်း မန့်ထဲမှာ လာဆုတောင်းပေးပါမယ်။ နောက်စရာတွေလည်း ဝင်နောက်ပါမယ်။ ပေါ့ပေါ့ပါးပါး ပြန်နေတော့မယ်" လို့ သူ့ရဲ့ဖေ့ဘွတ်စ်အကောင့်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

ယုန်လေးက မြန်မာနိုင်ငံမှာ နိုင်ငံရေးအရှုပ်အထွေးဖြစ်ပြီးနောက်ပိုင်း သူ့ကိုရှောင်ဖယ်ထားခဲ့တဲ့ သူတွေကိုလည်း စကားပြန်ပြောသွားမှာဖြစ်ပြီး ဖေ့ဘွတ်စ်လူမှုကွန်ယက်မှာ သူကွန်းမန့်ဝင်ရေးမိလို့ တခြားသောသူတွေနဲ့ အကောင့်တုသုံးတဲ့သူတွေက ရိုင်းစိုင်းတဲ့စကားတွေပြောလာခဲ့ပါက မိတ်ဆွေတွေအနေနဲ့ သူ့ရဲ့ကွန်းမန့်ကို ဖယ်ရှား ဖျက်ပစ်လိုက်လည်းရပါတယ်လို့ ဆိုပါတယ်။

၎င်းဟာ ပြီးခဲ့တဲ့ ဧပြီလ သင်္ကြန်တွင်းကာလတုန်းက စစ်တပ်က ကျင်းပတဲ့ သင်္ကြန်မဏ္ဍုပ်မှာ သွားရောက်ဖျော်ဖြေခဲ့တာကြောင့် စစ်တပ်ထောက်ခံသူ၊ စစ်တပ်လုပ်ရပ်များအား အားပေးသူ၊ တပ်သတင်းပေးအဖြစ် ဂုဏ်ပုဒ်များစွာအတပ်ခံခဲ့ရပြီး(ဒလန်) အဖြစ် စွပ်စွဲခံခဲ့ရတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် သူနေထိုင်ရာ စမ်းချောင်းမြို့နယ်ရှိ တိုက်ခန်းအနီး လမ်းဘေးမှာ ရပ်ထားတဲ့ သူပိုင်ဆိုင်တဲ့မော်တော်ကားဟာလည်း မီးလောင်မှုဖြစ်ပွားခဲ့ပါသေးတယ်။

အဲဒီနောက်မှာတော့ ယုန်လေးဟာ ဆိုရှယ်လူမှုကွန်ရက်ပေါ်မှာ ခဏတဖြုတ်ငြိမ်သက်သွားခဲ့ပြီး ကိုဗစ်တတိယလှိုင်းအတွင်းမှာလည်း အရေးပေါ် အောက်စီဂျင်လိုအပ်သူများအား လိုက်လံကူညီရာမှ ကိုဗစ်ကူးစက်ခံလိုက်ရပါသေးတယ်။ လက်ရှိမှာတော့ သူ့အနေနဲ့ ကျန်းမာရေးလည်း ပြန်လည်ကောင်းမွန်လာပြီဖြစ်တာကြောင့် မိတ်ဆွေသူငယ်ချင်းများနဲ့ ပြန်လည် အဆက်အဆံရှိလာပြီဖြစ်ပြီး အရင်လိုပဲ နေထိုင်သွားမယ်လို့ ပြောလာတာဖြစ်ပါတယ်။
#NPNews

Related news

© 2021. All rights reserved.