အမြဲပျော်ရွှင်စေမည့် သိပ္ပံနည်းကျအစွမ်းထက်နည်းလမ်းကောင်းများ

1857
ဝတီ (NP News)- စက်တင်ဘာ ၂၁
တချိန်လုံးစိတ်ချမ်းသာနေအောင် ဘယ်လိုနေထိုင်ပြုမူရပါမလဲ။ တချိန်လုံးစိတ်ချမ်းသာနေဖို့ဆိုတာ ဖြစ်ကောဖြစ်နိုင်ပါ့မလား။ လူကိုအမြဲပျော်ရွှင်စေနိုင်မယ့် သိပ္ပံနည်းကျနည်းလမ်းကောင်းတွေကောရှိပါသလား။ အဖြေကတော့ရှိပါတယ်။ ဒါကြောင့် အဲဒီနည်းလမ်းတွေကို စုစည်းဖော်ပြသွားပါမယ်။

နံပါတ် ၁။ အားကစားလိုက်စားပါ။
ကိုယ်လက်လှုပ်ရှားအားကစားနဲ့ပတ်သက်လို့ သိပ္ပံနည်းကျလေ့လာထားတဲ့ လေ့လာချက်တွေအများကြီးရှိပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလုပ်လိုက်ရင် အန်ဒေါ်ဖင်း ( Andorphins ) ဆိုတဲ့ဓာတ်ထွက်လာတဲ့အတွက် ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုလုပ်ပြီးတိုင်း ဒါမှမဟုတ်လမ်းထိပ်ကို လမ်းလျှောက်ထွက်ပြီးတိုင်း လူကနေလို့ထိုင်လို့ကောင်းသွားတာဖြစ်ပါတယ်။ အားကစားလုပ်ပြီးလို့ စိတ်ညစ်ညူးသွားတယ်ဆိုတဲ့လူမျိုးကို မြင်ဖူးမှာမဟုတ်ပါဘူး။ အားကစားလုပ်အပြီးမှာစိတ်မရွှင်လန်းတဲ့လူဆိုလို့ အခုမှအားကစားစလုပ်တာကြောင့် ခန္ဓာကိုယ်နည်းနည်းနာကျင်တဲ့ လူပဲရှိမှာပါ။ အားကစားက လူကိုစိတ်ရွှင်လန်းစေတယ်၊ စိတ်ဓာတ်ကျတာကို သက်သာသွားစေတယ်ဆိုတဲ့ အချက်တွေကို သိပ္ပံ ပညာရှင်တွေ အကြိမ်ကြိမ်လေ့လာတွေ့ရှိခဲ့ပြီးပါပြီ။
နံပါတ် ၂။ အကောင်းမြင်စိတ်မွေးပါ။
စိတ်ဖိစီးမှုတွေကြောင့်၊ ဘဝအခက်အခဲတွေကြောင့်၊ စီးပွားရေးအခြေအနေကြောင့်၊ အချစ်ရေးကိစ္စကြောင့်စတဲ့အ ကြောင်းတွေထဲမှာ ဘယ်အကြောင်းကြောင့်သင် မပျော်မရွှင်ဖြစ်နေရတယ်ဆိုတာကို ပညာရှင်တွေသိလည်း (၁ဝ) ရာခိုင်နှုန်းပဲကူညီနိုင်မှာပါတဲ့။ ကျန်တဲ့ (၉ဝ)ရာခိုင်နှုန်းကတော့ ပတ်ဝန်းကျင်အခြေအနေကိုကိုယ်ရှုမြင်ပုံပေါ်မှာပဲမူတည်ပါသတဲ့။ လက်ရှိထက်အောင်မြင်မှ ဥပမာအားဖြင့် အမှတ်ပိုကောင်းလာမှ၊ လစာတိုးမှပျော်နိုင်မယ်ဆိုရင်တော့ အဲဒီလိုတွေဖြစ်လာဖို့ အဆက်မပြတ်နပန်းလုံးနေရတာနဲ့ကိုပျော်နိုင်မှာမဟုတ်တော့ပါဘူး။ အကောင်းမြင်စိတ်က လူ့စွမ်းအင်၊ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ အလုပ်လုပ်ကိုင်နိုင်စွမ်းကို (၃ဝ)ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးနိုင်ပါတယ်။ ဒါကြောင့်အောင်မြင်မှုနဲ့အမြန်နီးစပ်ချင်တယ်ဆိုရင် အကောင်းမြင်စိတ်ကို အခုပဲစပြီးအကျင့်လုပ်ကြည့်လိုက်ပါ။
နံပါတ် ၃။ မကောင်းမြင်စိတ်ကို ဖျောက်ပါ။
လူတချို့ဟာ မကောင်းမြင်စိတ်တွေနဲ့ပဲပြည့်နှက်နေပြီး အဲဒီအကျင့်ကိုလည်းမဖျောက်ပစ်နိုင်ဘူးဖြစ်နေကြပါတယ်။ ဒါဆိုရင် အဲဒီမကောင်းတဲ့ အတွေးတွေကို စာရွက်ပေါ်ချရေးလိုက်ပြီး အဲဒီစာရွက်တွေကို အားပါးတရဆုတ်ဖြဲလွှင့် ပစ်လိုက်ပါ။ ဒါဆိုရင်မကောင်းမြင်တတ်တဲ့စိတ်ကြောင့်ဖြစ်လာတဲ့ စိတ်ညစ်ညူးမှုတွေ လျော့ကျသွားပါလိမ့်မယ်တဲ့။ ဒီနည်းအတိုင်း ပုံမှန်လေးလုပ်ဖို့ စိတ်ပညာရှင်တွေက အကြံပြုထားပါတယ်။
နံပါတ် ၄။ ကိုယ်ပိုင်ဆိုင်တဲ့ရုပ်ဝတ္ထုပစ္စည်းတွေထက် ပျော်ရွှင်စရာအတွေ့အကြုံတွေကိုပိုပြီးတန်ဖိုးထားပါ။
ကားအသစ်ဝယ်နိုင်လို့ပဲဖြစ်ဖြစ်၊ ဖုန်းအသစ်ဝယ်နိုင်လို့ပဲဖြစ်ဖြစ်ပျော်တဲ့ အပျော်ကခဏပဲခံပြီး ပျော်ရွှင်စရာအတွေ့ အကြုံတွေက အကြာကြီးခံတယ်လို့ နာမည်ကျော်စိတ်ပညာရှင်တစ်ယောက်က အသေအချာလေ့လာပြီးနောက်မှာ အခိုင်အမာပြောပါတယ်။ ဒါကြောင့် ကိုယ်ချစ်ရခင်ရသူတွေနဲ့အတူ ခရီးထွက်တာမျိုး၊ တောတောင်သဘာဝသာ ယာလှပတဲ့နေရာမှာ ခြေလျင်ခရီးကြမ်း သွားတာမျိုးလုပ်သင့်ပါတယ်။ အဲဒီအတွေ့အကြုံတွေကနေ ရလာတဲ့ ပျော်ရွှင်မှုမျိုးက မှတ်ညာဏ်ထဲမှာ အကြာကြီးစွဲထင်နေတတ်တယ်လေ။

နံပါတ် ၅။ ကျေးဇူးတင်ထိုက်သူတွေကို ကျေးဇူးတင်ပါ။
ကျေးဇူးတင်စရာကောင်းတဲ့အရာတွေအတွက် ကျေးဇူးတင်တတ်တာဟာလည်း ပျော်ရွှင်မှုကိုတိုးပွားစေပါသတဲ့။ အများအားဖြင့်လူတွေရဲ့ ခေါင်းထဲမှာ ပူပင်သောကတွေ၊ ဝမ်းနည်းပူဆွေးစရာတွေ၊ ကျရှုံးမှုတွေ၊ မကျေနပ်ချက်တွေပဲ ဝင်နေလေ့ရှိတယ်လို့ လေ့လာချက်တွေကဆိုပါတယ်။ ခေါင်းထဲမှာမကောင်းတာတွေပဲ အလိုအလျောက်စိုးမိုးနေတတ်တာကြောင့်ကျွန်မတို့ဟာ ကိုယ်ရထားတဲ့ကောင်းတဲ့အရာတွေအတွက် ကျေးဇူးတင်တတ်အောင် လေ့ကျင့်ယူရပါမယ်။ ဥပမာအားဖြင့် မိဘကိုဖြစ်ဖြစ်၊ အိမ်ထောင်ဘက်ကိုဖြစ်ဖြစ်၊ ကိုယ့်အပေါ် သိပ်ကောင်းတဲ့ မိတ်ဆွေတွေကိုဖြစ်ဖြစ် ဖုန်းလှမ်းဆက်ပြီးကျေးဇူးတင်စကားပြောပါ။
နံပါတ် ၆။ ပစ္စုပ္ပာန်တည့်တည့်ကိုပဲကြည့်ပါ။
လက်ရှိအချိန်ကိုပဲ အာရုံအပြည့်စိုက်ပါ။ ဒီနည်းဟာ စိတ်ပညာနဲ့ဆေးလောကမှာ အရမ်းခေတ်စားလာနေပါပြီ။ ကိုယ့်စိတ်ကို ဒီလိုလေ့ကျင့်ပေးထားမယ်ဆိုရင် စိတ်ညစ်ညူးမှုသက်သာမယ်၊ စိတ်ဖိစီးမှုနည်းလာပြီး နေရထိုင်ရတာစိတ်ချမ်းသာလာမှာပါ။ အတိတ်အတွက်ပူဆွေးမနေသလို အနာဂတ်အတွက်လည်းစိုးရိမ်ပူပန်မနေဘဲ ပစ္စုပ္ပာန်ကိုပဲ တည့်တည့်ကြည့်တာဟာ စိတ်ရွှင်လန်းရေးအတွက်သိပ်ထိရောက်တဲ့ နည်းလမ်းပါ။
နံပါတ် ၇။ အိပ်ရေးဝဝ အိပ်ဖို့လည်း မမေ့ပါနဲ့။
အိပ်ရေးဝဝမအိပ်ရတဲ့အခါ ခေါင်းထဲမှာ မကောင်းမြင်စိတ်တွေချည်းပဲကြီးစိုးလာတော့တယ်လို့ သုတေသီတွေ လေ့ လာတွေ့ရှိထားပါတယ်။ ဒါကြောင့် ညဘက်အိပ်ရေးပျက်ထားတဲ့လူတွေဟာ အလိုလိုစိတ်ဘဝင်မကျဖြစ်နေတတ်ကြတာပါ။

နံပါတ် ၈။ သူတပါးကို ကိုယ်တတ်စွမ်းသလောက်လေးကူညီပါ။
ပိုကောင်းတဲ့အိမ်၊ ပိုကောင်းတဲ့ကား၊ ပိုကောင်းတဲ့ကွန်ပျူတာ စသဖြင့်ကိုယ်လိုချင်တာကို ဝယ်လိုက်နိုင်တဲ့အခါ လူတွေဟာ အပျော်ကြီးပျော်သွားလေ့ရှိပေမယ့် အဲဒီအပျော်ဟာ သိပ်ကြာကြာမခံပါဘူးတဲ့။ ဒါပေမဲ့ အဆင်မပြေဖြစ်နေသူတစ်ယောက်ယောက်ကို ငွေကြေးအားဖြင့် ဖြစ်ဖြစ်၊ ကိုယ့်အချိန်ထဲကဖဲ့ပေးပြီးတော့ ဖြစ်ဖြစ်ကူညီလိုက်ရင်တော့ အဲဒီပီတိဟာ ကိုယ်လိုချင်တဲ့ပစ္စည်းကိုရလိုက်လို့ရတဲ့ အပျော်ထက်တာရှည်ခံတယ်လို့ သုတေသီတွေက တညီ တည်းဆိုကြပါတယ်။
နံပါတ် ၉။ ကိုယ့်အားသာချက်ကို အကောင်းဆုံးအသုံးချပါ။
သင်ဟာ စပ်စုတတ်သူလား၊ တစ်ဖက်ပိတ် မဟုတ်ဘဲ သူတပါးအမြင်ကိုလက်ခံတတ်သူလား၊ အဟောအပြောကောင်းသူလား ဒါမှမဟုတ် ရဲရဲတောက် သတ္တိခဲလား။ ဒီအားသာချက်တွေကို ကိုယ့်ဘဝအတွက် ဘယ်လိုအသုံးချနေပါသလဲ။ ကိုယ့်အားသာချက်ကို အကောင်းဆုံးအသုံးချတတ်တဲ့လူတွေဟာ ကိုယ့်အားနည်းချက်နဲ့ ရှင်သန်နေရတဲ့လူတွေထက် ဘဝကိုအများကြီး ပိုပြီးပျော်မွေ့ကြပါတယ်။ ဒါကြောင့် ကိုယ့်အားသာချက်က ဘာတွေလဲဆိုတာ သေသေချာချာစဉ်းစားရှာဖွေကြည့်ပြီး အဲဒါတွေကို အကောင်းဆုံးအသုံးချပစ်လိုက်ပါ။
နံပါတ် ၁ဝ။ မိသားစုကို အချိန်ပေးပါ။
မိသားစုအတွက် ပိုက်ဆံရှာပေးနေရုံသာမက မိသားစုကိုလည်း အချိန်ပေးဖို့လိုပါတယ်။ မိသားစုကို အချိန်ပေးတဲ့အခါ သူတို့သာမက ကိုယ်လည်းပျော်မှာပါပဲ။ ဒီပျော်ရွှင်မှုဟာ ငွေနဲ့ဝယ်လို့မရတဲ့ပျော်ရွှင်မှုပါ။ နောက်တစ်နေ့ဒါမှမဟုတ်နောက်တစ်နှစ်မှာ ဘယ်သူဘာဖြစ်သွားမယ်ဆိုတာ ဘယ်လိုမှမသိနိုင်တဲ့အရာမို့ လက်ရှိအချိန်မှာမိသားစုကို ဂရုတစိုက်အချိန်ပေးဖို့ လိုအပ်တာဖြစ်ပါတယ်။
#NPNews