ယဉ်လက်က သူကိုယ်တိုင်အသုံးပြုသည့် လူမှုကွန်ရက်တွင် ဖော်ပြခြင်းမျိုးမဟုတ်ဘဲ ပေ့ချ်အတုများမှ ဖော်ပြသည်ကိုမယုံကြရန် တောင်းဆို

 1388

NP News - စက်တင်ဘာ ၂၉
ယဉ်လက်က သူမကိုယ်တိုင်အသုံးပြုသော "Yin Let" အမည်ရှိ ဖေ့ဘွတ်စ်အကောင့်နှင့် YIN LET's အမည်ရှိ ပေ့ချ်တစ်ခုတည်းကိုသာ အသုံးပြုခြင်းဖြစ်ပြီး အခြားသောပေ့ချ်အတုများမှ တင်သမျှသည် သူမအား နာမည်ဂုဏ်သိက္ခာကျဆင်းစေရန် ရည်ရွယ်၍ ရေးသားဖော်ပြနေကြခြင်းသာဖြစ်ကြောင်း အသိပေးဖော်ပြလာသည်။

သရုပ်ဆောင် ယဉ်လက်၏ ဖခင်ဖြစ်သူသည် အငြိမ်းစားအရာရှိတစ်ဦးဖြစ်ပြီး ယဉ်လက်ကိုယ်တိုင်က လည်း တပ်မတော်ဇာတ်ကားများတွင် အများဆုံးပါဝင်သရုပ်ဆောင်လေ့ရှိသူတစ်ဦးဖြစ်သည့်အတွက် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးနှင့် စစ်အာဏာရှင်လှုပ်ရှားမှုများတွင် အခြားသောအနုပညာရှင်များနည်းတူ ပြည်သူနှင့်အတူ ပူးပေါင်းပါဝင်ခြင်းမရှိသည့်အတွက်လည်း စစ်တပ်အာဏာသိမ်းမှုဖြစ်ချိန်တွင် စစ်တပ်အားပေးထောက်ခံသူများအဖြစ် ဝေဖန်ခံခဲ့ရခြင်းမျိုးရှိခဲ့သည်။
"ကျွန်မ ယဉ်လက်သည် ယခုအသုံးပြုနေသည့် acc တစ်ခုတည်းကိုသာ အသုံးပြုပါသည်။Page လည်း YIN LET 's တစ်ခုတည်းကိုသာ သုံးပါသည်။ အခြား page တုများ၊ acc တုများမှ တင်သည့် သတင်းတုများမှာ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီးထားတာ ဖြစ်ပါကြောင်း အသိပေးပါတယ်ရှင်" ဟု ယဉ်လက်က သူမကိုယ်တိုင်းအသုံးပြုသည့် လူမှုကွန်ရက်များတွင် အသိပေးဖော်ပြထားသည်။

အချို့သောသူများနှင့် ပေ့ချ်အတုများသည် သူမ၏နာမည်ကို အသုံးပြုပြီး နာမည်အလွဲသုံးစားပြုလုပ်လျက်ရှိ သည့်အပြင် သူမ၏ ဂုဏ်သိက္ခာကို ကျဆင်းစေရန် ရည်ရွယ်ချက်၍ ရေးသားဖော်ပြခြင်းများ ရှိသည်ဟု ပြော သည်။ ယဉ်လက်သည် သူမအပေါ် ပြစ်တင်ပြောဆိုဝေဖန်မှုများ၏ဒဏ်ကို ဆိုးဝါးစွာခံစားခဲ့ရကြောင်း၊ အဆိုပါပြောဆိုခံရမှုဒဏ်များကြောင့် စိတ်ဓါတ်ကျခြင်း၊ စိတ်ဒဏ်ရာများကို ဆရာဝန်နှင့် ပြသကာ ကုသခဲ့ရကြောင်း၊ အတတ်နိုင်ဆုံး စိတ်ငြိမ်မှုရှိအောင် ချည်ထိုးခြင်း၊ ပန်းချီဆွဲခြင်း၊ ဟင်းချက်ပြုတ်ခြင်းနှင့် မိသားစုနှင့်သာ အချိန်ကုန်ဆုံးခဲ့ကြောင်း သိရသည်။

သူမနှင့် သူမ၏မိသားစုအပေါ် ဂုဏ်သိက္ခာစော်ကားခံရခြင်းများကို လျစ်လျူရှုနေထိုင်တတ်လာသည့်အခါမှသာ နာကျင်မှုများသည် တဖြည်းဖြည်းလျော့ကျလာခဲ့ပြီး ဝေဖန်တိုက်ခိုက်မှုများကြောင့် သူမအနေဖြင့်လည်း ပိုမိုသန်မာလာခဲ့ပြီး ယခုကာလတွင် မေတ္တာအစစ်များပေးကြသူ တစ်ဦးချင်းစီးကိုလည်း ကျေးဇူးတင်ကြောင်း ရေးသားဖော်ပြထားသည်။
#NPNews #YinLet

Related news

© 2021. All rights reserved.