လွတ်မြောက်နယ်မြေရောက်နေသည့်ကိုပေါက်၏ ဇနီးနှင့် မိသားစုအသက်အန္တရာယ်စိုးရိမ်ရသည်အထိ တိုက်ခိုက်ခံနေရ

 4089

NP News - စက်တင်ဘာ ၃ဝ
ဒါရိုက်တာ ကိုပေါက်၏ဇနီးဖြစ်သူ မနီက "PDF တပ်ဖွဲ့များအားထောက်ပံ့နေသည်" ဟူသော သတင်းများ ထွက်ပေါ်လျက်ရှိပြီး အဆိုပါသတင်းများနှင့်ပတ်သက်၍ ကိုပေါက်၏ဇနီးဖြစ်သူ မနီသည် စက်တင်ဘာလ (၂၉) ရက် ညပိုင်းက ၎င်း Live လွှင့်ဈေးရောင်းလေ့ရှိသည့် Ko Pauk အကောင့်မှတဆင့် Live လွှင့်ဖြေရှင်းခဲ့သည်။

"ကျွန်မက ဘယ် PDF ကိုမှလည်း ထောက်ပံ့မထားဘူး။ သက်ဆိုင်ရာလူကြီးမင်းများလည်း ကျွန်မကို စစ်ဆေးချင်တယ်ဆိုရင် စစ်ဆေးလို့ရတယ်။ ကျွန်မအနေနဲ့ ရှင်းရှင်းလင်းလင်းပဲ ဘာမှလည်းမလုပ်ထားဘူး။ ကျွန်မမှာ ထိန်ချန်ထားစရာ ဘာတစ်ခုမှ မရှိဘူး။ ကျွန်မအနေနဲ့ ရင်ဆိုင်ဖို့အသင့်ပဲ။ PDF ကို လှူဖို့မပြောနဲ့ ကျွန်မအကြွေးတောင် မနည်းဆပ်နေရတာ။ ဘာ့ကြောင့် အခုလိုမဟုတ်မမှန်သတင်းတွေလွှင့်ရတာလဲ။ ကျွန်မကို ရပ်ကွက်ထဲက လူကြီးတွေ အကုန်လုံးသိတယ်။ လိုအပ်လို့ရှင်ရင် ကျွန်မကိုယ်တိုင်က ရဲစခန်းထိ တိုင်မှာ" ဟု ဒါရိုက်တာကိုပေါက်၏ ဇနီးဖြစ်သူ မနီက ပြောသည်။

" ပြည်ထဲရေးဝန်ကြီးခင်ဗျာ... ဝရမ်းပြေးငပေါက် မိန်းမက သူ့ခင်ပွန်းကို သွားတွေ့ရုံမက PDF တွေကိုပါ ထောက်ပံ့နေတာနော်။ အမြန်ဖမ်းခိုင်းပါ။ ကိုပေါက်ကိုတွေ့ပြီး ပြန်လာပြီး။ ဆိုင်ပစ္စည်းတွေ အပြတ် ရောင်းနေတယ်။ US ဒုတိယအသုတ်သွားဖို့ UNHCR က ထောက်ခံချက်ကျတာနဲ့ ထွက်မယ်" ဟူသော စာသားများဖြင့် ပေ့ချ်အတုများနှင့် အကောင့်တုများမှ ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။

ဒါရိုက်တာကိုပေါက်သည် စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားချိန်က စ၍ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး လက်ရှိတွင် လွတ်မြောက်နယ်မြေသို့ရောက်ရှိနေကာ PDF အဖွဲ့ဝင်အဖြစ် ဆက်လက်လှုပ်ရှားလျက်ရှိသည်။ ထို့ကြောင့် ရန်ကုန်မြို့တွင် ကျန်ရှိခဲ့သည့် ဇနီးဖြစ်သူသည် ခင်ပွန်းသည် ကိုပေါက်နှင့်ဆက်သွယ်လျက်ရှိသည့်အပြင် ထောက်ပံ့မှုများပြုလုပ်နေကြောင်း သတင်းများထွက်ပေါ်လာခြင်းသည်။

"ကျွန်မဟာ သာမန်ရပ်ကွက်ထဲမှာ ဈေးရောင်းနေတဲ့ မိန်းမတစ်ယောက်ပါ။ ဝေဖန်တိုက်ခိုက်တာတွေကို ကျွန်မ မခံနိုင်ပါဘူး။ ဒါပေမယ့် ကျွန်မကြိတ်မှိတ်သည်းခံပြီးတော့ နေတယ်။ အခုကျတော့ ကျွန်မရဲ့မိသားစုအ သက်အန္တရာယ်ကို စိုးရိမ်ရတဲ့အနေအထားထိ တိုက်ခိုက်လာတဲ့အတွက် ပြောရခြင်းဖြစ်ပါတယ်။ ကျွန်မ ဘယ်ကိုမှလည်း ထွက်မပြေးပါဘူး။ ပြေးဖု့ိလည်း စိတ်ကူးမရှိသလို ဘယ်တော့မှလည်း ပြေးမှာ မဟုတ်ဘူး။ မကြုံဖူးတဲ့အကြောင်းအရာလေးတွေဖြစ်နေတဲ့အတွက် ကျွန်မ ဝမ်းနည်းတာပါ" ဟု မနီက ဆက်လက်ပြောသည်။

သူမအနေဖြင့် မိသားစုစားဝတ်နေရေးအတွက် မိန်းမသားတစ်ယောက်တည်း ရုန်းကန်လှုပ်ရှားနေရခြင်းဖြစ်သည့် အတွက် မည့်သည့်နိုင်ငံကိုမျှ ထွက်ပြေးမည် မဟုတ်သည့်အပြင် အမေရိကန်နိုင်ငံကို ထွက်ပြေးရန် စီစဉ်နေ သည်ဆိုသော သတင်းများသည် လုံးဝ မမှန်ကန်ကြောင်း၊ ၎င်းတို့ မိသားစုအပေါ် ထိခိုက်အောင် အသက်အန္တရာယ်ကျရောက်အောင်ထိ လုပ်နေခြင်းသာဖြစ်ကြောင်း ပြောသည်။

ကိုပေါက်၏ဇနီးဖြစ်သူ မနီသည် လွန်ခဲ့သော(၅) နှစ်ကျော် (၆) နှစ်ကတည်းက ကိုယ်ပိုင်အထည်ဆိုင်ကြီးတစ်ဆိုင်ကို ဖွင့်လှစ်ရောင်းချခဲ့သူဖြစ်ပြီး ကိုဗစ်ဖြစ်ပွားချိန်ကာလများတွင် အထည်ဆိုင်သည် များစွာအရှုံးပေါ်ခဲ့သည့်အတွက် အွန်လိုင်းလ်မှ တစ်ဆင့်ရောင်းခဲ့သူဖြစ်သည်။ လက်ရှိတွင် အွန်လိုင်းလ်မှတဆင့် ဈေးရောင်း၍ မိသားစုစားဝတ်နေရေးနှင့် အကြွေးဆပ်ရန်အတွက် ဖြေရှင်းနေရကြောင်း သိရသည်။
#NPNews

Related news

© 2021. All rights reserved.