မွေးရာပါ ကလီစာများအပြင်ထွက်နေတဲ့ မွေးကင်းစကလေးကို ဆေးကုသပေးဖို့ ခိုင်နှင်းဝေ စီစဉ်နေ

628

NP News - အောက်တိုဘာ ၃
သရုပ်ဆောင် ခိုင်နှင်းဝေက ရှမ်းပြည်နယ်၊ တောင်ပိုင်းက မွေးရာပါ ကလီစာများအပြင်ထွက်နေတဲ့ ကလေးလေးတစ်ဦးကို ဆေးကုသပေးသွားမှာဖြစ်ပြီး ကလေးလေး အရေးပေါ်ခွဲစိတ်နိုင်ဖို့အတွက် လိုက်လံစီစဉ်ပေးနေပြီဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ကလေးလေးရဲ့မိဘနှစ်ပါးနဲ့ ကလေးလေးတို့ဟာ ဒီနေ့ (အောက်တိုဘာလ ၃) ရက် နံနက်ပိုင်းကပဲ ရန်ကုန်မြို့သို့ ရောက်လာပြီဖြစ်ပြီး ခိုင်နှင်းဝေနဲ့ကိုယ်တိုင်တွေ့ဆုံခဲ့ပြီးဖြစ်ရာ ရန်ကင်းကလေးအထူးကုဆေးရုံကြီးမှာ အရေးပေါ်ခွဲစိတ်ကုသမှုတွေလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါကလေးငယ်လေးဟာ မွေးကင်းစ (၃)ရက်သားအရွယ်သာရှိသေးတဲ့ သမီးမိန်းကလေးလည်း ဖြစ်တယ်လို့ သိရပါတယ်။
"ပဌာန်းဆက် ရေစက်တွေကြောင့် ထပ်မံ မွေးစား ဆေးကုသပေးသွားမယ့် သမီးလေးပါရှင်။ ရှမ်းပြည်နယ် တောင်ဘက်မှ ဖြစ်ပြီး မွေးရာပါ ကလီစာများ အပြင်ထွက်နေသောကြောင့် အရေးပေါ် ခွဲစိတ်ကုသမှုများ ခံယူရမယ့် (၃) ရက်သမီးလေးပါ။ သက်ရှည်ကျန်းမာပါစေကြောင်း ဆုတောင်းရင်း တတ်နိုင်သမျှ ကယ်တင်သွားဖြစ်ပါမယ်ရှင်" လို့ ခိုင်နှင်းဝေက ဒီနေ့ အောက်တိုဘာလ(၃) ရက် နံနက်ပိုင်းက သူမကိုယ်တိုင်အသုံးပြုတဲ့လူမှုကွန်ကနေတဆင့် အသိပေးဖော်ပြခဲ့တာဖြစ်ပါတယ်။
မိဘနှစ်ပါးဖြစ်သူကတော့ ရှမ်းပြည်တာင်ပေါ်မှာ အလွန်ကို နွမ်းပါးတဲ့သူတွေဖြစ်တယ်လို့သိရကာ ၎င်းတို့ရဲ့သမီးလေးကို ခိုင်နှင်းဝေဆီ အပိုင်ပေးချင်ကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ခိုင်နှင်းဝေအနေနဲ့ကတော့ ကလေးလေးမှာ မိဘနှစ်ပါးစလုံးလည်း ရှိနေတာဖြစ်တဲ့အတွက် ကလေးလေး ကျန်းမာအောင် ခွဲစိတ်ကုသမှုပိုင်းတွေမှာ အကုန်တာဝန်ယူပေးသွားမှာဖြစ်ပြီး ကလေးလေး ပြန်လည်ကျန်းမာလာပါက မိဘနှစ်ပါးနဲ့အတူ ရှမ်းပြည်ကို ပြန်ထည့်ပေးလိုက်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။
#NPNews