ကမ္ဘာကျော်မင်းသားကြီး ရှာရွတ်ခန်းရဲ့သားဖြစ်သူ မူးယစ်ဆေးမှုနဲ့ ဖမ်းဆီးခံရ

1408

မိုးတိမ် (NP News) - အောက်တိုဘာ ၃
ကမ္ဘာကျော် မင်းသားကြီး ရှာရွတ်ခန်းရဲ့သားဖြစ်သူ အာရီယန် ခန်းဟာ မူးယစ်ဆေးဝါးမှုနဲ့ပတ်သက်ပြီး အိန္ဒိယမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခြင်းခံလိုက်ရပြီဖြစ်တယ်လို့ သိရပါတယ်။
ကမ္ဘာကျော်မင်းသားကြီးရဲ့သားဖြစ်သူဖမ်းဆီးခံရတဲ့သတင်းဟာ နိုင်ငံတကာမီဒီယာတွေမှာ အထူးသတင်းအဖြစ် အောက်တိုဘာ(၃)ရက်က စတင်ဖော်ပြလာကြတာဖြစ်ပြီး အသေးစိတ်အခြေအနေတွေကို မီဒီယာတွေအားလုံးက အသည်းအသန်စုံစမ်းနေကြပါတယ်။ အကြမ်းဖျင်းအားဖြင့် အာရီယန်ခန်းဟာ မွမ်ဘိုင်းက ကမ်းရိုးတန်းခရီးသွားဇိမ်ခံရွက်လှေပေါ်မှာ အခြားသောအပေါင်းအပါတွေနဲ့အတူ အောက်တိုဘာ(၃)ရက်ကပဲ ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။ အာရီယန်ခန်းနဲ့အတူ သူငယ်ချင်းဖြစ်တဲ့ အာဘက်ဇ် မားချန့်၊ မွန်မမ် ဒါမီချာ၊ နူပူရ်ဆာရီကာ၊ အစ္စမီး ဆင်း၊ မိုဟတ်ဂျာစ်ဝဲလ်၊ ဗီကရန် ချိုကာ၊ ဂိုမစ်ချိုပရာ အစရှိတဲ့(၈)ဦးလုံး ဖမ်းဆီးခံရတာမျိုးဖြစ်ပြီး သူတို့အုပ်စုဟာ ဇိမ်ခံရွက်လှေပေါ်မှာ ဝိုင်းဖွဲ့ပြီး မူးယစ်ဆေးသုံးခဲ့ကြပုံရတယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ဘက်က အသေးစိတ်အတည်ပြုမှု မရှိသေးပေမယ့် ဖမ်းဆီးခံလိုက်ရတဲ့သတင်းကတော့ ကမ္ဘာတစ်ပတ်ကို ပျံ့နှံ့သွားခဲ့တာလည်း ဖြစ်ပါတယ်။ အာရီယန်ခန်းနဲ့ သူငယ်ချင်းတွေဟာ အားလပ်ရက်အပျော်ခရီးအဖြစ် ဇိမ်ခံရွက်လှေနဲ့ ခရီးထွက်ခဲ့ကြပုံရပြီး ဒီလိုခရီးစဉ်အတွင်းမှာပဲ မူးယစ်ဆေးဝါးသုံးစွဲမှုတွေ ကျုးလွန်ခဲ့ကြတာမျိုးဖြစ်တယ်လို့ ယာယီကောက်ချက်ချထားကြပါတယ်။ သားဖြစ်ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး မိခင်ဖြစ်သူက အသေးစိတ်စုံစမ်းမှုတွေလုပ်ဆောင်နေသလို ရှေ့နေဖြစ်သူ ဆာတစ်ရှ် မန်နီရှင်ဒီကို အိန္ဒိယမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရုံးချုပ်(NCB)ဆီ စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ဒီဖြစ်ရပ်ဟာ တကယ်ဖြစ်ခဲ့တာလားဆိုတာကို အသေးစိတ်သိလိုနေတာဖြစ်ပြီး ရဲတပ်ဖွဲ့ဘက်က သတင်းအချို့ကို ကိုးကားပြီး Times of India က ဖော်ပြတာမှာတော့ NCB တပ်ဖွဲ့ဝင်တွေက တစ်ပတ်လောက်ကြာအောင် ခြေရာခံစုံစမ်းပြီးမှ ဖမ်းဆီးခဲ့တာမျိုးဖြစ်တယ်လို့ ဆိုပါတယ်။ Times of India ရဲ့ Live Report မှာတော့ အာရီယန်ခန်းနဲ့ သူငယ်ချင်းတွေက ဆိုရှယ်မီဒီယာကနေ တင်ခဲ့တဲ့ရုပ်သံ၊ ဓါတ်ပုံအချို့ကြောင့် မူးယစ်ဆေးဝါးသတင်းကို ရဲတပ်ဖွဲ့ဘက်က ရသွားတာဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။
သားဖြစ်သူ ဖမ်းဆီးခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ရင် ဖခင်ဖြစ်သူ ကမ္ဘာကျော် ဘောလီးဝုဒ်မင်းသားကြီး ရှာရွတ်ခန်းကတော့ စပိန်မှာဇာတ်ကားရိုက်ကူးနေရာကနေ အိန္ဒိယကိုပြန်လာမလားလို့တော့ မီဒီယာတွေက မှန်းဆရေးသားနေကြပါတယ်။ လောလောဆယ်မှာတော့ အာရီယန်ခန်းနဲ့ သူငယ်ချင်းတွေကို NCB ရုံးချုပ်မှာ ဖမ်းဆီးထိန်းသိမ်းပြီး ရဲမှတ်တမ်း FIR ကိုရေးသွင်းရင်းနဲ့အမှုတည်ဆောက်တဲ့ကိစ္စတွေကို ခိုင်ခိုင်မာမာလုပ်ဆောင်နေတယ်လို့ သိရပါတယ်။