လူချမ်းသာနှင့်လူဆင်းရဲဟူ၍ ကွာခြားသွားစေသည့်အလေ့အကျင့်များ

 1397

ဝတီ (NP News) - အောက်တိုဘာ ၇
လူသားတွေဟာ လက်ရှိမှာဘယ်လိုအနေအထားမျိုး ရောက်နေနေ၊သူတို့အလေ့အ ကျင့်ကြောင့်သာ အဲဒီလိုအနေအထားမျိုးမှာရောက်နေကြရတာပါပဲ။ လူသားအများစုဟာ ကြွေးနွံထဲနစ်နေကြပါတယ်။ ဘာကြောင့်ကျွန်မတို့ဟာ ဒီလို ကြွေးပူဘဝ၊ ငွေ ရေးကြေးရေးအတွက် အမြဲတစေပူပင်နေရတဲ့ဘဝ၊ ကြွေးရှင်တွေ ဖုန်းဆက်ရင် ရှောင်နေရတဲ့ဘဝရောက်နေကြရတာပါလဲ။ အဓိကအကြောင်းရင်းကတော့ အလေ့ အကျင့်ကြောင့်ပါပဲ။ သောမတ်စ်စီကော်လေဆိုတဲ့ ပုဂ္ဂိုလ်ကြီးနှစ်ပေါင်းများစွာစနစ်တကျလေ့လာထားတဲ့ လေ့လာချက်ကြောင့်သာအဲဒီအကျင့်တွေဟာဘာတွေလဲ ဆိုတာကျွန်မတို့ သိခွင့်ရကြတာပါ။ ကော်လေဟာသန်းကြွယ်သူဌေးပေါင်း (၁၇၇) ယောက်ကို ငါးနှစ်တိုင်တိုင် သေသေချာချာလေ့လာခဲ့ပါသတဲ့။ အဲဒီလူ (၁၇၇) ယောက်ဟာအမွေရလို့ ချမ်းသာတာ၊ မတော်မတရား လာဘ်စားလို့ ချမ်းသာတာ၊ ခွင်ရိုက်လို့ ချမ်းသာတာမျိုးမဟုတ်ဘဲ ကိုယ်ထူးကိုယ်ချွန်ပြီး ချမ်းသာလာကြတဲ့လူတွေပါ။ သူတို့တွေ ဘယ်လိုရင်းနှီးမြှုပ်နှံမှု နည်းဗျူဟာတွေသုံးလို့ သန်းကြွယ်သူဌေးဘဝရောက်လာသလဲဆိုတာကိုလေ့လာတာ မဟုတ်ဘဲ ဒီလူတွေဘယ်လိုပြုမူနေ ထိုင်သလဲ၊ ဘယ်တီဗီအစီအစဉ်တွေကြည့်သလဲ၊ဘာအစားအစာတွေစားသလဲစတဲ့ သာမန်အကြောင်းအရာတွေကိုပဲ ကော်လေက ခရေစေ့တွင်းကျလေ့လာခဲ့တာပါ။ အဲဒီသာမန်အလေ့အကျင့်တွေဟာ ချမ်းသာကြွယ်ဝမှုတည်ဆောက်ရာမှာအင်မတန့် အင်မတန်ကိုမှအရေးကြီးလှပါတယ်။ လူတစ်ယောက်ရဲ့ အလေ့အကျင့်ဟာ သူလုပ်တဲ့ အလုပ်မှာပေါ်နေတာပါပဲ။ ဒီတော့ အဲဒီကိုယ်ထူးကိုယ်ချွန် သန်းကြွယ်သူဌေး ကြီးတွေမှာ ယျေဘုယျအားဖြင့် တူညီတဲ့အမူအကျင့်တွေရှိတယ်ဆိုတာကို ကော်လေတွေ့ရှိသွားပါတယ်။ ဥပမာအားဖြင့် တစ်နေ့ကို တီဗီ၊ ဖုန်း တစ်နာရီထက် ပိုမကြည့်ဘူး၊ အစားအသောက်၊ အသောက်အစား သိပ်ဆင်ခြင်တယ်၊ သွားကိုလည်း သွားပွတ် ကြိုးနဲ့ပုံမှန် ပွတ်တယ်စတဲ့အကျင့်တွေပါ။ ခံတွင်းကျန်းမာရေးနဲ့ ချမ်းသာကြွယ်ဝတာ ဘာမှမဆိုင်ဘူးလို့ မထင်လိုက်ပါနဲ့နော်။ သွားပွတ်ကြိုးနဲ့ ခံတွင်းသန့်ရှင်းရေး လုပ်တာဟာလည်းအမြဲလိုက်နာရမယ့် စည်းမျဉ်းဖြစ်ပါတယ်။ ဒါလေးကို မလုပ်ဘူးဆိုရင် ဆင်းရဲသားအလေ့အကျင့်တွေထဲဝင်သွားဖို့ များပါလိမ့်မယ်တဲ့။ ချမ်းသာချင်တယ်ဆိုရင် လူတွေကို ဆင်းရဲတွင်းထဲက မတက်နိုင်အောင်ချုပ်နှောင်ထားတဲ့ လူဆင်းရဲအ ကျင့်တွေထဲက ရုန်းထွက်နိုင်အောင်လုပ်ရပါမယ်။ လူချမ်းသာတွေဟာ အကြမ်းဖျင်းအားဖြင့် အလေ့အကျင့်တွေတူကြသလို ဝင်ငွေနည်းတဲ့ လူဆင်းရဲတွေဟာလည်းအ လေ့အကျင့်တွေ ယျေဘုယျအားဖြင့် တူနေကြတာပါပဲတဲ့။ ဒါကြောင့် အဲဒါတွေက ဘာတွေလဲဆိုတာ ဖော်ပြလိုက်ပါတယ်။

အစီအစဉ်မရှိဘူး ၊ ရည်မှန်းချက် မရှိဘူး။
လူချမ်းသာတွေဟာ ရည်မှန်းချက်ရှိကြတဲ့လူတွေချည်းပါပဲ။တစ် နေ့ကိုပြီးမြောက်အောင်မြင်မှု ဘယ်လောက်ရှိရမယ်၊ တစ်လဆိုရင် ဘယ်လောက်၊ တစ်နှစ်ဆိုရင်ဘယ်လောက်၊ လာမယ့် နှစ်ပေါင်း (၂ဝ)မှာဆို ဘယ်အခြေအနေအထိ ရောက်နေရမယ်ဆိုပြီးသူတို့က လုံးဝသတ်မှတ်ထားပါသတဲ့။ လူဆင်းရဲတွေကတော့ ဒါမျိုးတွေ မရှိပါဘူး။သူတို့တွေဟာ ဒီလိုပဲ ရည်မှန်းချက်မရှိဘဲ လွင့်ချင်ရာလွင့်၊ မျောချင်ရာမျော နေကြတာပါပဲတဲ့။ ဒါကြောင့် ချမ်း သာချင်တယ်ဆိုရင် အစီအစဉ်ချထားပါ။

အသုံးအဖြုန်း ကြီးတယ်။
ကြွယ်ဝချမ်းသာဖို့ အရိုးရှင်းဆုံး နည်းလမ်းကတော့ ငွေစုဖို့နဲ့ မှန်မှန်ကန်ကန်ရင်းနှီးမြှုပ်နှံမှုလုပ်တတ်ဖို့ပါပဲ။ ရင်းနှီးမြှုပ်နှံမှုမလုပ်ခင်မှာ လူလိမ်မခံရစေဖို့ သေသေချာချာ အချိန်ယူလေ့လာသင့်ပါတယ်။ မှန်ကန်တဲ့ရင်းနှီးမြှုပ်နှံမှုဆိုတာ အချိန်အကြာကြီးပေးရမှာဖြစ်ပြီး အချိန်ကြာလာလေ၊ အသီးအပွင့်တွေ ဝေလာလေပါပဲ။ အမေရိကန်နိုင်ငံသား (၁ဝ)ယောက်မှာ (၄)ယောက်ကအရေးပေါ်လိုအပ်လာခဲ့ရင် ဒေါ်လာ (၄ဝဝ)တောင် မတတ်နိုင်ကြပါဘူးတဲ့။ ဒါကြောင့်ထွက်ငွေက ဝင်ငွေထက်ပိုများနေတယ်ဆိုရင် မလိုတာတွေလျော့၊ ရိုးသားတဲ့နည်းလမ်းနဲ့ ပိုက်ဆံပိုရှာဖို့ပဲရှိပါတယ်။ ဒါမှပဲ ငွေစုနိုင်မှာပါ။

ဝင်ငွေရလမ်း တစ်ခုတည်းပဲ ရှိတယ်။
လူချမ်းသာတွေထဲမှာ ၆၅ ရာခိုင်နှုန်းဟာ ဝင်ငွေရလမ်းအနည်း ဆုံးသုံးခုရှိကြပါသတဲ့။ အဲဒီနောက်ပိုင်းမှာမှ သူတို့ဟာ သန်းကြွယ်သူဌေးအဆင့်အထိ တက်လှမ်းလာနိုင်ကြတာပါ။ လူဆင်းရဲတွေကတော့ ဝင်ငွေရလမ်းတစ်ခုတည်းပဲရှိကြတယ်။ အဲဒီတစ်ခုတည်းအပေါ်မှာပဲမှီခိုနေကြတယ်လို့ ကော်လေကဆိုပါတယ်။ ဒါကြောင့် အဲဒီအလုပ် ပြုတ်သွားမယ်၊တိုက်တိုက်ဆိုင်ဆိုင် အဲဒီအ ချိန်မှာပဲ ကျန်းမာရေးအတွက် အရေးပေါ်ငွေအရမ်းလိုလာမယ်ဆိုရင် ဒုက္ခအကြီးအကျယ် ရောက်သွားနိုင်ပါတယ်။ ဒါကြောင့်ဝင် ငွေရလမ်းတစ်ခုတည်းအပေါ်မှာပဲ အားမကိုးပါနဲ့လို့ကော်လေက အကြံပြုပါတယ်။

စာမဖတ်ဘူး၊ ပညာတိုးအောင် ထပ်မလေ့လာဘူး၊ ထပ် မသင်ယူဘူး။
လူချမ်းသာတွေဟာ အလုပ် အနည်းဆုံး နှစ်ခုလုပ်တဲ့အပြင် စာဖတ်ချိန် မရရအောင်လည်းနေ့တိုင်း လုပ်ကြပါသေးတယ်။ ဒါပေ မဲ့ စာဖတ်တယ်ဆိုတဲ့နေရာမှာ သူတို့ကသူတို့အတွက်ပညာတိုးမယ့်စာမျိုးကိုပဲ ရွေးဖတ်ကြတာပါတဲ့။ ဝင်ငွေနည်းတဲ့လူတွေထဲမှာတော့ (၈)ရာခိုင်နှုန်းကပဲဘဝတိုးတက်ရာ၊ တိုးတက်ကြောင်း စာတွေဖတ်ကြပါသတဲ့။

မကောင်းတဲ့အပေါင်းအသင်းတွေနဲ့ ပေါင်းတယ်။
ဝင်ငွေနည်းတဲ့ လူတွေထဲမှာ (၄)ရာခိုင်နှုန်းကပဲ အောင်စိတ်ရှိတဲ့လူတွေနဲ့ ပေါင်းသင်းကြတယ်လို့ ကော်လေကပြောပါတယ်။ ဒါကြောင့် အရှုံးသမားတွေ၊ မကောင်းတဲ့အပေါင်းအသင်းတွေနဲ့ မပေါင်းဘဲ အောင်စိတ်ရှိတဲ့ လူတွေနဲ့ချည်းပဲ ပေါင်းသင်းဖို့ကစိတ် ပညာသဘောတရားအရ သိပ်ကိုအရေးကြီးပါတယ်။

ကိုယ့်ကိုယ်ကိုယ် ညှာနေတယ်၊ ကိုယ့်ကိုယ်ကိုယ် အရှုံးသမားလို့ ထင်နေတယ်။
စိတ်ပညာ၊ ငွေကြေး နဲ့ ပတ်သက်လာရင် အရှုံးသမားတွေနဲ့ ပေါင်းတာထက် ပိုဆိုးတာကတော့ကိုယ့်ကိုယ်ကိုယ် အရှုံးသမားလို့ ထင်နေတဲ့အချက်ပါပဲ။ အဲဒီလို ထုတ်ဖော်ဝန်မခံပေမယ့် မသိ စိတ်ကတော့ ငါဟာဘာမှသုံးစားမရတဲ့လူပဲလို့ စွဲမှတ်နေပါတယ်။`အလုပ်ကလည်း ပင်ပန်းလိုက်တာ၊ ဒါ ငါ့အပြစ် မဟုတ်ဘူး` လို့ပြောပြီး ကိုယ့်ကိုယ်ကိုယ် ညှာနေတဲ့အပြင်`ငါ အဲဒီလောက် မတော်ပါဘူးလေ`ဆိုပြီးတော့လည်း ကိုယ့်ကိုယ်ကိုယ် အထင်သေးသေးနဲ့ပြောတတ်ပါသေးတယ်။ ဒီလိုစကားလုံးမျိုး ထပ်ခါထပ်ခါ ပြောမိနေတာကိုကိုယ်ကသာ သတိမထားမိပေမယ့် ဦးနှောက်ကတော့ စွဲမှတ်ထားပါလိမ့်မယ်။ မကောင်းတဲ့အတွေးတွေ၊ မကောင်းတဲ့ အပြောတွေက ကိုယ့်ဦးနှောက်အတွက် လုံးဝမကောင်းပါဘူး။

ကျန်းမာရေးနဲ့ ညီညွတ်အောင် မနေဘူး။
ကိုယ်ထူးကိုယ်ချွန် သူဌေးကြီးတွေထဲမှာ တီဗီရှေ့နာရီပေါင်းများစွာ ငုပ်တုတ်ထိုင်ပြီးအချိန်ဖြုန်းတဲ့လူ မရှိသလို၊ နာရီပေါင်းများစွာ အကျိုးမဲ့ ဖုန်းပွတ်နေတဲ့လူတွေလည်း မရှိပါဘူး။ ကိုယ်ကတော့ တီဗီ၊ ဖုန်းအတွက် အဲဒီလောက်ကြီး အချိန်ဖြုန်းနေတယ်ဆိုရင်ကျန်းမာရေး ထိခိုက်မယ့်အပြင် လူဆင်းရဲပဲ ဖြစ်နေမှာပါပဲ။ ထမင်းမေ့ဟင်းမေ့တဲ့အထိ အလုပ်ထဲ စိတ်နှစ်ထားမှ၊ သူတကာ အိပ်နေချိန်၊ အချိန်ဖြုန်းနေချိန်မှာ အပင်ပန်းခံပြီး အလုပ်လုပ်မှ ပိုက်ဆံ အများကြီး ရှာနိုင်မှာဖြစ်ပါတယ်။ ကိုယ့်ငွေကြေးဥစ္စာကိုထိန်းသိမ်း စောင့်ရှောက်သလို ကိုယ့်ကျန်းမာရေးကိုလည်း ကောင်းကောင်းကြီး ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုပါတယ်။ အားကစားပုံမှန်လုပ်ပြီး အရက်၊ ဘီယာ၊ မူးယစ်ဆေးဝါး၊လောင်းကစား၊ ဆေးလိပ်၊ ကွမ်းယာ ၊ အသင့်စားအစားအစာအဲဒါတွေရှောင်ရင်ကျန်းမာမှာပါပဲ။ကျန်းမာရေးကုန်ကျစရိတ် ဘယ် လောက်အထိ ကြီးတယ်ဆိုတာဟာ ဒီနေ့ခေတ်ကြီးမှာ လူတိုင်း သိပြီးသားပါ။ လူဆင်းရဲ အကျင့်တွေ ကိုယ့်မှာ များနေတယ်ဆိုရင် အဲဒါအကျင့်တွေနေရာမှာ လူချမ်းသာတွေရဲ့ အကျင့်တွေ စိတ် ရှည်ရှည်နဲ့ မွေးမြူကျင့်ယူလိုက်ပါလို့ ကော်လေကအကြံပြုပါတယ်။ ကိုယ့်မှာ အကြွေးတွေ ရှိတယ်ဆိုရင် တီဗီ၊ ဖုန်း အလွန်အ ကျွံ ကြည့်မယ့်အစား ပညာတိုးစေမယ့် စာအုပ်တွေ ဖတ်၊ ဘဝရည်မှန်းချက်အတွက် အစီအစဉ်တွေဆွဲ၊အကောင်းဘက်က တွေးပြီး ဝင်ငွေရလမ်းများများ ရှာပါ၊ သွားပွတ်ကြိုးလည်းသုံးပါ။
#NPNews

Related news

© 2021. All rights reserved.