မန္တလေးတွင် ဆီဘောက်ဆာယာဉ်အတွင်းမှ ရိုင်ဖယ်သေနတ်(၂ဝဝ)ကျော်၊ တာဝေးခွင်းဗုံး(၈၉) လုံးနှင့် အခြား လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

 3254

NP News- အောက်တိုဘာလ ၉
ဆီဘောက်ဆာယာဉ်အားအသုံးပြု၍ ရခိုင်ပြည်နယ်သို့ပို့ဆောင်မည့် လက်နက်ခဲယမ်း အမြောက်အများအား မန္တလေးမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီသတင်းမှန်ပြန်ကြား ရေးဘက်က ယနေ့(အောက်တိုဘာ ၉ ရက်) တွင် သတင်းထုတ်ပြန်သည်။

ရန်ကုန်တိုင်း၊ ထောက်ကြန့်မြို့နယ်တွင် နေထိုင်သော အသက်(၄၂)နှစ်အ ရွယ် နေလင်းထွန်း မောင်းနှင်လာသည့် ISUZU ဆီဘောက်ဆာ(အဖြူေရောင်) ယာဉ်အား ဒေသခံလုံခြုံရေး တပ်ဖွဲ့ဝင်များမှ သတင်းအရ အမရပူရမြို့နယ်၊ မြစ်ငယ်-စစ်ကိုင်းကားလမ်းပေါ်ရှိ Denko ဆီဆိုင်အနီးတွင် ရပ်တန့်ရှာဖွေခဲ့ရာ ဆီဘောက်ဆာယာဉ်၌ အကန့်(၅) ကန့်ရှိသည့်အနက် နောက်ဆုံးအကန့်တွင် အံဝှက်ပြုလုပ် သယ်ဆောင်လာသည့် လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများအား အောက်တိုဘာလ (၅) ရက်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ဆီဘောက်ဆာယာဉ်အတွင်းသို့ တင်ဆောင်နိုင်ရန် လက်နက်များအား သေချာ ထုတ်ပိုးထားသည်ကိုတွေ့ရှိခဲ့ပြီး ဖမ်းဆီးရမိခဲ့သည့် လက်နက်များသည် KIA က ထုတ်လုပ်ထားသော အမှတ် (၈၁) အမျိုးအစား (၇.၆၂) MM ချေမှုန်းရေးမောင်းပြန်ရိုင်ဖယ်သေနတ်(၂ဝဝ) လက်၊ အမှတ်(၈၁) အပေါ့စား စက်သေနတ်အလက် (၂ဝ)၊ ကျည်အိမ် (၉၅၄) ခု၊ (၇.၆၂) ကျည် (၃၂၆၄ဝ) တာင့်၊ (100 MM HE) တာဝေးပစ်ခွင်းဗုံး(၈၉) လုံးနှင့် ဆက်စပ်ပစ္စည်းတို့ကို ယာဉ်မောင်းနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ အဆိုပါလက်နက်များအား ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့သို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ဆီသယ်ယာဉ်အား အသုံးပြု၍ ပြည်တွင်းအကြမ်းဖက်မှုများ ပြုလုပ်ရန် လက်နက်သယ်ဆောင်မှုများပြုလုပ်ခဲ့ သည့် ဖမ်းဆီးရမိထားသူ တရားခံ နေလင်းထွန်း(၄၁) နှစ်အား စစ်ဆေးမေးမြန်းလျက်ရှိပြီး ကွင်းဆက်တရားခံများ အား စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
#NPNews

Related news

© 2021. All rights reserved.