ကမ္ဘာတလွှားမှ အထူးခြားဆုံး ပြတိုက်များ

 784

ဝတီ (NP News) - အောက်တိုဘာ ၉
လူအများစုဟာ ရှေးခေတ်ဟောင်းက အကြောင်းအရာတွေ၊ ယဉ်ကျေးမှုတွေ၊ ရှေးခေတ်အသုံးအဆောင်ပစ္စည်းပစ္စယတွေကို လေ့လာချင်လို့ပြတိုက်ကို သွားလေ့ရှိကြပါတယ်။ ဒါကြောင့်ပြတိုက်ကို သွားလေ့လာတာဟာ တချို့လူတွေအတွက်တော့ပျင်းရိငြီးငွေ့စရာကြီး ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ ထူးခြားပြီးစိတ်ဝင်စားစရာ သိပ်ကောင်းတဲ့ ပြတိုက်တွေလည်းရှိပါသေးတယ်။ ဒါကြောင့်ကမ္ဘာပေါ်မှာ ထူးခြားနေတဲ့ ပြတိုက်တွေက ဘယ်ပြတိုက်တွေလဲ၊ ဘာတွေ၊ ဘယ်လို ထူးခြားနေတာလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်ပါ။

နိုင်ငံတကာအိမ်သာပြတိုက်
ဒီပြတိုက်ကတော့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာတည်ရှိပါတယ်။ အိမ်သာပြတိုက်ဆိုတဲ့အတိုင်း အဲဒီမှာအိမ်သာကမုတ်တွေ အစုံပြသထားပါတယ်။ Sulabh(ဆူလက်ဘ်) ဆိုတဲ့ အန်ဂျီအိုအဖွဲ့အစည်းတစ်ခုက ဒီပြတိုက်ကို ရည်ရွယ်ချက်ရှိရှိနဲ့တည်ထောင်ခဲ့တာပါ။ အိန္ဒိယနိုင်ငံ၊ ကျေးလက်ပိုင်းမှာ အိမ်သာ သုံးစွဲမှု နည်းနေသေးတဲ့အတွက် ရောဂါဘယတွေထူပြောနေရပါတယ်။ ဒါကြောင့် လူတွေ အိမ်သာပိုသုံးလာအောင် ဒီပြတိုက်နဲ့နှိုးဆော်ထားတာပါ။ အဲဒီအန်ဂျီအိုအဖွဲ့အစည်းကတော့ လူ့အခွင့်အရေး၊
ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အညစ်အကြေးစီမံခန့်ခွဲရေး၊ လူမှုဘဝကို ပညာရေးနဲ့
ပြောင်းလဲပစ်ရေး စတာတွေ ဦးစားပေးလုပ်ဆောင်နေတဲ့အဖွဲ့ပါ။

ကွန်ဒုံးပြတိုက်
ဒီပြတိုက်ကတော့ ကွန်ဒုံးပေါ်ပေါက်လာပုံသမိုင်းကြောင်းနဲ့ ကွန်ဒုံးပေါ်လာလို့ လူသားတွေဟာ လိင်ကတဆင့်ကူးစက်နိုင်တဲ့ ရောဂါတွေကိုကာကွယ်နိုင်သွားပုံအကြောင်း ပြောပြမှာပါ။ ဒီပြတိုက်က ထိုင်းနိုင်ငံ၊ နွမ်သဘူရီမြို့( Nothaburi )မှာ တည်ရှိပါတယ်။ ပြတိုက်မှာဆိုရင်ချစ်စရာအရုပ်ကြီးတွေကို ကွန်ဒုံးရောင်စုံနဲ့ ပုံဖော်အလှဆင်ပေးထားပါတယ်။

လက်ရာညံ့ပန်းချီကားများ ပြသထားသည့် ပြတိုက်
ဒီပန်းချီကားကို အမေရိကန်ပြည်ထောင်စု မန်ဆာချူးဆက်စ်မြို့မှာ ၁၉၉၄ ခုနှစ်က တည်ထောင်ခဲ့တာဖြစ်ပါတယ်။ လက်ရာညံ့လို့ ပရိသတ် အသိအမှတ်ပြုမခံခဲ့ရတဲ့ ပန်းချီကားတွေကို ဒီပြတိုက်မှာ တစုတစည်းတည်း ပြသထားတာဖြစ်ပါတယ်။ ဒီတော့ သူဟာလည်း တမျိုးတဖုံ စိတ်ဝင်စားစရာကောင်းတာပဲပေါ့။

ရေအောက်ပြတိုက်
ဒီပြတိုက်က မက္ကဆီကိုနိုင်ငံ ကင်ကွန်း ( Cancun ) မြို့မှာတည်ရှိတာပါ။ ရေအောက် အနက် ကိုးပေကျော်နဲ့ (၁၈)ပေကျော်ကြားမှာ ပြတိုက်ကိုအပိုင်းသုံးပိုင်းခွဲပြီးတည်ထားတာပါ။ ဒီရေအောက် ပြတိုက်မှာ ရုပ်တုပေါင်း ၅ဝဝ လောက်ကိုအပိုင်းသုံးပိုင်းခွဲပြီး ပြ သထားတာဖြစ်ပါတယ်။

အလှအပပြတိုက်
အလှအပပြတိုက်ဆိုပေမယ့် ဒီပြတိုက်မှာ အလှအပနဲ့ပတ်သက်လို့လူမျိုးစုတစ်မျိုးနဲ့တစ်မျိုးမြင်ပုံချင်း၊ စံသတ်မှတ်ချက်ထားပုံချင်း မတူတာကိုပြထားတာပါ။ တချို့က လည်ပင်းကြီး သာမန်ထက် ရှည်ထွက်နေမှ လှတယ်ထင်လို့ လည်ပင်းရှည်အောင် ကွင်းတွေအများကြီးစွပ်ထားသလို တချို့ကျတော့လည်းအောက်နှုတ်ခမ်းမှာ အ ပေါက်ဖောက်ထားပြီး အဲဒီအပေါက်ထဲကိုအပြားဝိုင်းဝိုင်းကြီးတွေ မရမက သွပ်ထည့်ထားကြပါတယ်။ ဒါ့အပြင် ရှေးတုန်းကဆိုခြေထောက်သေးမှလှတယ်ဆိုပြီး ခြေဖဝါးနှစ်ဖက်လုံးကို ကျပ်နေအောင် ထုပ်ချည်ထားကြပါသေးတယ်။ အဲဒီလို ထူးထူးဆန်းဆန်း အလှအပစံသတ်မှတ်ချက်တွေကို ပြတိုက်မှာ အံ့သြထိတ်လန့်စရာ မြင်တွေ့ရမှာပါ။

သင်္ချာပြတိုက်
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ၂ဝဝ၉ ခုနှစ်က တည်ထောင်ခဲ့တဲ့ ဒီပြတိုက်ကတော့ သင်္ချာချစ်သူတွေအကြိုက်တွေ့မယ့်ပြတိုက်ဆိုရင်မမှားပါဘူး။ သင်္ချာကို လူတွေပိုပြီး နားလည်သဘောပေါက်လာစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပြတိုက်ကို ဖွင့်လှစ်ထားတာလို့ သိရပါတယ်။

ပိုးဟပ်ပြတိုက်
မိုက်ကယ်ဘိုဒန်ဆိုတဲ့ ပိုးဟပ်နှိမ်နင်းရေးသမားတစ်ယောက်က ဒီပြတိုက်ကို တည် ထောင်ခဲ့တာဖြစ်ပါတယ်။ ပိုးဟပ်အသေတွေကို လူစိတ်ဝင်စားစရာကောင်းအောင် အလှဆင်မယ်ဆိုတဲ့ စိတ်ကူးရသွားပြီး သူကပြတိုက်ဖွင့်လိုက်တာဖြစ်ပါတယ်။ ၁၉၈ဝ ပြည့်လွန်နှစ်တွေတုန်းကဆို သူကအကြီးဆုံးပိုးဟပ်ရှာပုံတော်ပြိုင်ပွဲတောင် လုပ်ခဲ့ပါသေးတယ်။ အဲဒီနောက်မှာ သူကပိုးဟပ်ဖက်ရှင်ပြိုင်ပွဲလုပ်ခဲ့ပါသေးတယ်။ ဒီပြတိုက်မှာတော့ ပိုးဟပ်အသေတွေကို ပုံစံမျိုးစုံနဲ့ ထူးထူးခြားခြားအလှဆင်ထားတာ မြင်တွေ့ရမှာပါ။

ဆံပင်ပြတိုက်
တူရကီနိုင်ငံ Avanos (အက်ဗ်နို့စ်မြို့)မှာရှိတဲ့ ဒီပြတိုက်ဟာလည်း ကြက်သီးထစရာ ကောင်းလောက်အောင် ထူးခြားတဲ့ပြတိုက်တွေထဲမှာပါပါတယ်။ အိုးဖုတ်သမားတတစ်ယောက်က ဒီပြတိုက်ကို တည်ထောင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ပြတိုက်မှာ အမျိုးသ မီးပေါင်း ၁၆ဝဝဝ လောက်ဆီက ဆံပင်တွေကိုတစ်နေရာတည်းမှာ တစုတစည်းတည်းပြထားတာဖြစ်ပါတယ်။ ပိုပြီး ကြက်သီးထစရာကောင်းတာကတော့ ပြတိုက်က အလင်းရောင် မှိန်ပျပျပဲရှိတဲ့ လိုဏ်ဂူလေးတစ်ခုမှာတည်ရှိနေတာပဲ ဖြစ်ပါတယ်။

အသည်းကွဲ ပြတိုက်
ခရိုအေးရှားနိုင်ငံမှာရှိတဲ့ ဒီပြတိုက်ကတော့ ပြတ်စဲသွားတဲ့ သမီးရည်းစားဆက်ဆံရေးတွေနဲ့ ကျန်ရစ်ခဲ့တဲ့ အမှတ်တရပစ္စည်းပစ္စယတွေကို ပြသထားတဲ့ပြတိုက်ပါပဲ။
ဒီပြတိုက်မှာပြထားတဲ့ ပစ္စည်းတွေအားလုံးဟာ သက်ဆိုင်သူတွေက လာလှူထားတဲ့
အမှတ်တရ ပစ္စည်းတွေချည်းပါပဲ။ အဲဒီပြတိုက်မှာ လက်စွပ်တွေ၊ အဝတ်အစားတွေ၊
ထူးထူးခြားခြား လက်ဆောင်ပစ္စည်းလေးတွေနဲ့ တခြားပစ္စည်းပစ္စယအမျိုးမျိုးကို
တွေ့ရမှာပါ။

ကြောင်ပြတိုက်
မလေးရှားနိုင်ငံ ကူချင်းမြို့ (Kuching)မှာရှိတဲ့ဒီပြတိုက်ကို ပြည်နယ်အုပ်ချုပ်ရေးမှူးက တည်ထောင်ခဲ့တာပါ။ ပြတိုက်မှာကြောင်နဲ့ဆက်စပ်တဲ့ ပစ္စည်းပေါင်း ၄ဝဝဝလောက် ပြသထားပါတယ်။ ပြထားသမျှထဲမှာ စိတ်ဝင်စားစရာအကောင်းဆုံးက တော့ အီဂျစ်က ရလာတဲ့ဆေးစိမ်ကြောင်အလောင်းပါပဲ။ အဲဒီမံမီကြောင်ဟာ သက် တမ်းအားဖြင့် နှစ် ၅ဝဝဝ(ငါးထောင် ) ရှိနေပါပြီ။ ဒီပြတိုက်ကို လူတွေသဘောကျလွန်းလို့ ဘယ်လောက်အထိလာလည်ကြတယ်ဆိုတာကတော့ ပြောနေစရာကို မလိုတော့ပါဘူး။
#NPNews

Related news

© 2021. All rights reserved.