နာမည်ကြီးအဆိုတော် ကော်နီ၊ ဖြူဖြူကျော်သိန်း၊ ခင်ဝင့်ဝါ၊ ခေးဆက်သွင်၊ ချမ်းမြေ့မောင်ချို နှင့် ဒေါက်တာ မြဝတ်ရည်တို့အပါအဝင် အနုပညာရှင်(၂၄) ဦးနှင့် ဆယ်လီ(၁ဝ) ဦး အမှုပိတ်သိမ်းခံရ

 1771

အိဖြူ(NP News) အောက်တိုဘာ ၁၈
ပုဒ်မ ၅ဝ၅(က) ဖြင့် အရေးယူခံထားရသူများအနက် အနုပညာရှင်(၂၄) ဦးနှင့် ဖေ့ဘွတ်စ်ဆယ်လီ(၁ဝ) ဦးတို့ကို အမှုပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း နစကသတင်းပြန်ကြားရေးဘက်က ယနေ့(အောက်တိုဘာ ၁၈) ရက်တွင် ထုတ်ပြန်လိုက်သည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၅ဝ၅(က) ဖြင့်အမှုဖွင့် အရေးယူခံထားရသည့် အနုပညာရှင်များအနက် အမှုပိတ်သိမ်း ခံရသည့် အနုပညာရှင်များစာရင်းတွင် နာမည်ကြီးအဆိုတော် ကော်နီ၊ ဖြူဖြူကျော်သိန်း၊ ခင်ဝင့်ဝါ၊ မေ၊ အိန်ဂျ ယ်လမုန်၊ ခြူးစစ်ဟန်၊ ရတနာဗိုလ်၊ ခေးဆက်သွင်၊ သံသာမိုးသိမ့်၊ ချမ်းမြေ့မောင်ချို၊ သံသာမိုးသိမ့်၊ မေမဒီ၊ ညီထွဋ်ခေါင်၊ စည်သူဝင်း၊ ဇင်အောင်၊ နှင့် ဖြိုးဖြိုးအောင်၊ ထက်အောင်ရှိုင်း၊ ဖြိုးအောင်၊ ပေါက်စီ၊ ဟိန်းမင်း၊ ကောင်းဆက်နိုင်၊ စံလင်း၊ ထူးပိုင်ဇော်ဦး၊ ဒေါက်တာ မြဝတ်ရည်၊ အေးငြိမ်းဆွေ၊ ကျော်ရဲထွန်း၊ သွန်းနေစိုး၊ သက်ထားစုစံ၊ ထက်ထက်အိမ့် စသည့်အနုပညာရှင်များ ပါဝင်ကြောင်း နစကမှ ဗိုလ်ချုပ်ဇော်မင်းထွန်းက NP News ကို အတည်ပြုပြောကြားသည်။

အမှုဖွင့်ခံထားရသည့် အနုပညာရှင်အချို့အား အမှုပိတ်သိမ်းကြောင်းထုတ်ပြန်ပြီး မိနစ်ပိုင်းအတွင်း အဆိုပါစာရင်းတွင် အကယ်ဒမီ လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ပိုင်တံခွန်၊ ဝင်းမင်းသန်းတို့လည်း ပါဝင်လာနိုင်ကြောင်း ခန့်မှန်းပြောဆိုနေကြသလို ယင်းတို့၏မိသားစုဝင်များနှင့် အနုပညာအသိုင်းအဝိုင်းများသည် အမှုပိတ်သိမ်း လွတ်မြောက်စာရင်းထဲတွင် ပါဝင်လာစေရန် မျှော်လင့်နေကြသည်။

သို့သော် နစကဘက်မှ အတည်ပြုသောစာရင်းသည် ပုဒ်မ ၅ဝ၅(က) ဖြင့်အမှုဖွင့်ခံရ၍ တိမ်းရှောင်နေသူများသာဖြစ်ပြီး အကျဉ်းထောင်းအတွင်း အကျဉ်းကျနေသော ပုဂ္ဂိုလ်များ ပါဝင်ခြင်း မရှိပေ။

စစ်ကောင်စီအနေဖြင့် ပြည်တွင်း အကြမ်းဖက်အုပ်စုနှင့်အကြမ်းဖက်တိုက်ခိုက်မှုများတွင် ပါဝင်သူများ၊ လူသတ်၊ လုယက်၊ မီးရှို့မှုနှင့် ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုများတွင် ပါဝင်သူများမှအပ ဆူပူဆန္ဒပြမှုဖြစ်စဉ်များ၊ နိုင်ငံတော် အား ဆန့်ကျင်လှုံ့ဆော်မှုများတွင် ပါဝင်ခဲ့မှုကြောင့် အရေးယူခံထားသူများကို ယင်းတို့အပေါ် အရေးယူထားသည်များအား ဖြေလျော့ပေးလျက်ရှိကြောင်း ဆိုသည်။

ပုဒ်မ ၅ဝ၅(က) ဖြင့် အရေးယူခံထားရသူများအနက် အနုပညာရှင်(၂၄) ဦးနှင့် လူမှုကွန်ရက်တွင် လူသိများသူ(၁ဝ) ဦးအား အမှုပိတ်သိမ်းပေးခဲ့ရခြင်းမှာ ထိုသူများသည် ဆူပူဆန္ဒပြစဉ်က ပါဝင်ခြင်း၊ လူမှုကွန်ရက်ကို အသုံးပြု၍ ဆန့်ကျင်လှုံ့ဆော်မှုများ ပြုလုပ်ခြင်းများကြောင့်သာဖြစ်ကြောင်း၊ ယင်းတို့သတ်မှတ်ထားသည့် အမှုပိတ်သိမ်းဥပဒေနှင့်ညီနေသောကြောင့်ဖြစ်ကြောင်း ဖော်ပြထားသည်။

အကယ်ဒမီ လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ပိုင်တံခွန်၊ ပိုပိုတို့ အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည်မှာ(၆) လကျော်ပြီဖြစ်ပြီး အဆိုပါအနုပညာရှင်များ ပြန်လည်လွတ်လာပြီဆိုသော ကောလဟာလသတင်းများသည် သုံးကြိမ်ထက်မနည်းထွက်ပေါ်ခဲ့ဖူးသည်။
#NPNews

Related news

© 2021. All rights reserved.