ခွင့်ပြုချက်မတောင်းဘဲတင်ခဲ့သည့်သီချင်းအတွက် Joox Myanmar ကိုတာဝန်ယူဖြေရှင်းပေးရန် ယွန်းမြတ်သူပြော

1226

NP News - အောက်တိုဘာ ၁၉
ယွန်းမြတ်သူ၏ ကိုယ်ပိုင်သီချင်းအသစ်တစ်ပုဒ်ဖြစ်သည့် “ငါချစ်တာမင်း” အမည်ရှိသီချင်းကို Joox Myanmar မှ ပိုင်ရှင်ထံခွင့်ပြုချက်မတောင်းခံခဲ့ဘဲဖော်ပြခဲ့သည့်အပေါ် သီချင်းပိုင်ရှင်ဖြစ်သူ ယွန်းမြတ်သူ က Joox Myanmar မှ တာဝန်ရှိသူတစ်ဦးဦးအနေဖြင့် တာဝန်ယူဖြေရှင်းပေးရန် သူမလူမှုကွန်ရက်တွင် အောက်တိုဘာလ(၁၈) ရက်က ဖော် ပြခဲ့သည်။
သို့သော် Joox Myanmar ဘက်မှ တာဝန်ယူဖြေရှင်းပေးနိုင်ခြင်းမရှိခဲ့သည့်အတွက်သူမအနေဖြင့် Joox Myanmar နှင့် မည်သည့်သီချင်းမှ ဖြန့်ချိတော့မည်မဟုတ်ကြောင်း ယနေ့ (အောက်တိုဘာ ၁၉ ရက်) တွင် ထပ်မံအသိပေးဖော်ပြလိုက်သည်။
“အခု Joox Myanmar Facebook Page မှာ ကြော်ငြာထားတဲ့ “ငါချစ်တာမင်း” သီချင်းကြော်ငြာနဲ့ Joox Myanmar Application မှာတင်ထားတဲ့သီချင်း Banner က ညီမယွန်းမြတ်သူရဲ့ခွင့်ပြုချက်မရှိသလို တင်ခိုင်းထားခြင်းလည်းမရှိတဲ့အတွက် ယွန်းမြတ်သူနဲ့ မသက်ဆိုင်ပါ။ အဲဒီအ ကြောင်းနဲ့ဆက်စပ်ပြီး ယွန်းမြတ်သူရဲ့ နာမည်ဂုဏ်သိက္ခာထိခိုက်မှု တစ် စုံတစ်ရာဖြစ်ပေါ်လာပါက Joox Myanmar ဘက်မှ တာဝန်ယူဖြေရှင်းပေးရမှာ ဖြစ်ပါတယ်” ဟု ယွန်းမြတ်သူက ၎င်းကိုယ်တိုင်အသုံးပြုသည့် လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။
ယွန်းမြတ်သူသည် သူမ၏သီချင်းအသစ်ကို MHC Record Label & Entertainment မှတဆင့် Europe နိုင်ငံတစ်ခုမှ international Stream ကိုဖြန့်ချီထားခြင်းဖြစ်ပြီး JOOX Myanmar မှ ဖြန့်ချီထားခြင်း မဟုတ်သည့်အပြင် MHC Record Label ထံသို့လည်း ခွင့်ပြုချက်မတောင်း၊ သီချင်းပိုင်ရှင်ထံတွင်လည်း ခွင့်ပြုချက်မယူသည့်အတွက် JOOX Myanmar Page တွင် တင်ခွင့်မရှိကြောင်းဆိုသည်။ ထို့အပြင် JOOX APK တွင် သီချင်း Banner တင်ရန်လည်း ခွင့်မပြုထားကြောင်း သိရသည်။
JOOX သည်လည်း International Stream ထဲတွင် ပါဝင်နေသည့် အတွက် ယခုကဲ့သို့ ယွန်းမြတ်သူ၏ “ငါချစ်တာမင်း” သီချင်းကို ခွင့်ပြု ချက်မတောင်းခံဘဲတင်လိုက်ခြင်းသည် MHC Record Label & Entertainmentနှင့် ယွန်းမြတ်သူအတွက်လည်း ထိခိုက်မှုများရှိသလို စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း ၎င်းကပြောသည်။
MHC Record Label & Entertainment အနေဖြင့် Distribution Service စတင်လုပ်ကိုင်ကတည်းက Local Agency ဖြင့် ချိတ်ဆက်ထားခြင်းမရှိသကဲ့သို့ JOOX Myanmar တွင်လည်း သီချင်းမတင်ဘူးသေးသ ဖြင့် JOOX Myanmar လုပ်ကိုင်ပေးနေသော တာဝန်ရှိသူများအနေဖြင့် ယခုကိစ္စအားဖြေရှင်းပေးရန် MHC Record Label & Entertainment မှ အသိပေးထားသည်။
#NPNews