၂ဝ၂၁ ခုနှစ်အတွက် ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီးများ

895
ဝတီ (NP News) - အောက်တိုဘာ ၂၁
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်(၁ဝ)ယောက်စာရင်းနှစ်တိုင်းထွက်လာပြီး
အဲဒီစာရင်းထဲမှာ အမျိုးသမီးတွေပါလေ့မရှိပါဘူး။ အချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတဲ့သတင်းကို မီဒီယာတွေက နှစ်တိုင်းပုံမှန်ဖော်ပြနေတော့ အဲဒီထိပ် သီးအမျိုးသားတွေရဲ့နာမည်နဲ့မျက်နှာကို လူအတော်များများရင်းနှီးကျွမ်း ဝင်လာကြပါတယ်။ ဒါပေမဲ့ ဒီစာရင်းထဲမှာအမျိုးသမီးတွေပါလေ့မရှိတော့ ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီးတွေကောရှိရဲ့သလား၊ ရှိရင်သူတို့တွေ ဘယ်လောက်အထိ ချမ်းသာကြပါသလဲ၊ ဘာလုပ်ငန်းတွေကြောင့် ချမ်းသာလာကြတာလဲလို့ သိချင်စိတ်ဖြစ်မိတဲ့လူတွေရှိမှာပါ။ ဒါကြောင့် ကမ္ဘာ့ထိပ်တန်း သူဋ္ဌေးကြီးတွေနဲ့ယှဉ်ရင်နည်းနည်း လူသိနည်းနေသေးတဲ့ ကမ္ဘာ့ထိပ်တန်းသူဋ္ဌေးမကြီးတွေကို ဖော်ပြလိုက်ပါတယ်။ သူတို့ဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် (၁ဝ)ယောက် စာရင်းထဲမဝင်ပေမယ့် ဆယ်သက်သုံးမကုန်တဲ့ စည်းစိတ်ဥစ္စာတွေရှိပါတယ်။ ဒါ့အပြင် ဘီလျံနာ သူဋ္ဌေးမအရေအတွက်ဟာ အရင်နှစ်က (၂၄၁)ယောက်ပဲရှိခဲ့ပေမယ့် အခုဆိုရင် (၃၂၈) ယောက်အထိရှိလာပါပြီ။
နံပါတ် ၁ဝ။ အိုင်းရစ်ဖောင့်ဘိုနာနဲ့ မိသားစု
သူတို့မိသားစုဟာ ချီလီမှာ အချမ်းသာဆုံးမိသားစုဖြစ်ပြီး ဒီမိသားစုရဲ့လုပ် ငန်းကြီးကို အိုင်းရစ်ဖောင့်ဘိုနာက ဦးစီးဦးဆောင်လုပ်ကိုင်နေတာပါ။
သူတို့မိသားစုက မိုင်းတွင်းလုပ်ငန်းကြီးတစ်ခု ပိုင်ပါတယ်။ ၂ဝဝ၅ ခုနှစ်မှာ ခင်ပွန်းကွယ်လွန်သွားပြီးနောက်မှာတော့ အိုင်းရစ်ဖောင့်ဘိုနာရဲ့ ပိုင်ဆိုင်မှုတွေ ပိုများလာတာဖြစ်ပါတယ်။ သူကရုပ်သံလိုင်းဘက်အထိပါ ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစားခြေလှမ်းခဲ့ပြီး သူဝယ်လိုက်တဲ့ရုပ်သံလုပ်ငန်းကို သူ့သားက ဦးစီးနေပါပြီ။ သူနဲ့သူ့မိသားစုပိုင်ဆိုင်မှုဟာ ဒေါ်လာ ဘီလျံ (၂ဝ)ကျော်ပါသတဲ့။
နံပါတ် ၉။ ဂီနာရိုင်ဟတ်
ဒီအမျိုးသမီးကတော့ သြစတြေးလျမိုင်းတွင်းလုပ်ငန်းကြီးတစ်ခုရဲ့
သူဋ္ဌေးမပဲဖြစ်ပါတယ်။ သူဟာ အဖေ့အမွေကိုဆက်ခံခဲ့တာပါ။ ဒီလုပ်ငန်းကြီးဟာသူ့အဖေလက်ထက်ကလည်း အတော်အောင်မြင်ပေမယ့် သူ့လက်ထက်ကျမှအများကြီးပိုအောင်မြင်လာပါတယ်။ အဖေထက်လက် စောင်းထက်တဲ့သမီးပေါ့။ ဒီလိုအောင်မြင်ပြီးနောက်ပိုင်းမှာ သူကတခြားစီးပွားရေးလုပ်ငန်းကြီးတွေအထိ တိုးချဲ့ရင်းနှီးမြှုပ်နှံလာပါတယ်။ ဒီလိုနဲ့ သူဟာ အခုဆိုရင်ပိုင်ဆိုင်မှု ဒေါ်လာ (၂၂)ဘီလျံကျော်ရှိလာပြီး သြစတြေးလျမှာ အချမ်းသာဆုံးအမျိုးသမီး ဖြစ်လာပါတော့တယ်။
နံပါတ် ၈။ ယန်းဟွီယန်နဲ့ မိသားစု
ယန်းဟွီယန်ဆိုတဲ့ တရုတ်အမျိုးသမီးကတော့ စွန့်ဦးတီထွင်လုပ်ငန်းရှင်
လည်းဖြစ် ဆောက်လုပ်ရေးလုပ်ငန်းကြီးတစ်ခုကို ဦးစီးဦးဆောင် လုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။ သူဟာ အသက် (၂၅)နှစ်ကတည်းက ဘီလျံနာ စဖြစ်နေတာပါ။ သူ့ပိုင်ဆိုင်မှုဟာ ဒေါ်လာ (၂၆)ဘီလျံကျော် ရှိပါတယ်။ သူ့အဖေကလုပ်ငန်းကို ၂ဝဝ၇ ခုနှစ်မှာ သူ့လက်ထဲလွှဲပေးလိုက်ပါတယ်။ သူဟာ အာရှမှာအချမ်းသာဆုံး အမျိုးသမီးလို့ ဖော့ဘ်စ်မဂ္ဂဇင်းက ဆိုပါတယ်။
နံပါတ် ၇။ မာရီယမ် အဒယ်လ်ဆင်
မာရီယမ် အဒယ်လ်ဆင်ဆိုတဲ့ အမျိုးသမီးကတော့ အစ္စရေးသူဖြစ်ပေမယ့်
အမေရိကမှာ ကြီးပြင်းအရွယ်ရောက်လာတာပါ။ သူဟာ သမားတော်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ၁၉၉၁ ခုနှစ်မှာ စီးပွားရေးလုပ်ငန်းရှင်ကြီးနဲ့
လက်ထပ်ခဲ့ပါတယ်။ ကမ္ဘာ့အကြီးဆုံး ကာစီနိုလုပ်ငန်းကြီးမှာလည်း
အဒယ်လ်ဆင်က ရှယ်ယာဝင်ထားပါတယ်။ ၂ဝ၂၁ ခုနှစ် ဇန်နဝါရီလမှာတော့ သူ့ခင်ပွန်းကွယ်လွန်သွားပါတယ်။ ဒီလိုနဲ့ သူ့ပိုင်ဆိုင်မှုဟာ ဒေါ်လာ (၂၈)ဘီလျံလောက်အထိဖြစ်သွားပါတယ်။ သူဟာ အစ္စရေးမှာ အချမ်းသာဆုံး အမျိုးသမီးဖြစ်နေပါပြီ။
နံပါတ် ၆။ ဆူဆန်နီကလက်တန်
ဒီဂျာမနီသူဟာလည်း မိဘဆီကနေ ဒေါ်လာဘီလျံတွေနဲ့ချီတဲ့လုပ်ငန်းကြီးကို အမွေဆက်ခံခွင့်ရခဲ့ပါတယ်။ သူကလည်း သူ့လက်ထက်မှာမိဘလက်ငုပ်လက်ရင်း ဆေးဝါးနှင့်ဓာတုပစ္စည်းလုပ်ငန်းကို ကမ္ဘာ့အဆင့်မီလုပ်ငန်းကြီးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ ၂ဝဝ၆ ခုနှစ်မှာတော့ ကုမ္ပဏီလုပ်ငန်းတချို့ကို ပေါင် (၄ ဒသမ ၅)ဘီလျံနဲ့ ရောင်းချလိုက်ပါတယ်။ ဒါတောင် ကုမ္ပဏီမှာသူဟာ အဓိကရှယ်ယာရှင်ကြီး ဖြစ်နေတုန်းပါပဲ။ ဒါ့အပြင် သူ့မိဘတွေကသူတို့မောင်နှမနှစ်ယောက်အတွက် BMW မှာလည်း ရှယ်ယာတွေ ထားခဲ့ပါသေးတယ်။ ဒီလိုနဲ့သူဟာ ပိုင်ဆိုင်မှု ဒေါ်လာ (၂၈ ဒသမ ၈) ဘီလျံလောက်အထိဖြစ်လာပြီး ဂျာမနီမှာ အချမ်းသာဆုံးအမျိုးသမီးဖြစ် လာပါတော့တယ်။
နံပါတ် ၅။ ဂျက်ခ်ကွယ်လင်းမာ့စ်
သူဟာလည်း အမေရိကန် ထိပ်သီးလုပ်ငန်းရှင်ကြီးတစ်ယောက်ရဲ့ သမီးပါပဲ။ ဒါ့အပြင် သူဟာ ရင်းနှီးမြှုပ်နှံသူလည်းဖြစ်ပါသေးတယ်။ သူ့အဘိုးဟာ
ကမ္ဘာ့အကြီးဆုံး စားသောက်ကုန်လုပ်ငန်းကြီးမှာ အဓိကရှယ်ယာရှင်ပါ။
ဒါကြောင့် ဂျက်ခ်ကွယ်လင်းမာ့စ်ရဲ့ ပိုင်ဆိုင်မှုက (၃၁)ဘီလျံကျော်အထိ ဖြစ်သွားပါတော့တယ်။
နံပါတ် ၄။ ဂျူလီယာကော့ချ်နဲ့ မိသားစု
မစ္စစ် ဂျူလီယာကော့ချ်ဟာ အမေရိကန်သူဖြစ်ပြီး ဘီလျံနာသူဌေးမကြီးလည်းဖြစ်တဲ့အပြင် အလှူအတန်း၊ အပေးအကမ်း သိပ်ရက်ရောသူပါ။
သူဟာ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတွေထဲမှာ တစ်ယောက်အပါအ ဝင်ပေါ့။ သူနဲ့ သူ့မိသားစုရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ ဘီလျံ (၅ဝ)ကျော်ပါသတဲ့။ သူ့ခင်ပွန်းကလုပ်ငန်းစုကြီးတစ်ခုကို ပူးတွဲပိုင်ဆိုင်ပါတယ်။ ခင်ပွန်းလောင်းနဲ့ ပထမအကြိမ်စတွေ့တုန်းကဆို သူကခင်ပွန်းလောင်းကို သဘောမကျခဲ့ပါဘူး။ အတော်ကြာလို့ပြန်ဆုံဖြစ်ကြမှ အဆင်ပြေပြီးတွဲဖြစ်သွားကြတာပါ။
နံပါတ် ၃။ မက်ခ်ကန်ဇီစကော့တ်
ဒီအမေရိကန်သူ အကြောင်းကတော့ ပြီးခဲ့တဲ့နှစ်ပိုင်းမှာ ဟိုးလေးတကျော်
ဖြစ်သွားခဲ့လို့ သူ့မျက်နှာ၊ သူ့အကြောင်းကို လူအတော်များများ သိနေကြပါပြီ။ သူဟာ ကမ္ဘာ့အချမ်းသာဆုံး အမေဇုန်သူဋ္ဌေးကြီးရဲ့ ချစ်ဇနီးဟောင်းပေါ့။ သူတို့နှစ်ယောက် ကွာရှင်းကြတော့ သူဟာအမေဇုန်လုပ်ငန်းကြီးရဲ့ ရှယ်ယာတွေအတော်ရလိုက်ပြီး တဟုန်ထိုးအရမ်းချမ်းသာသွားတာပါ။ ပိုင်ဆိုင်မှုဒေါ်လာ (၅၇)ဘီလျံကျော်ရှိပေမယ့် သူဟာပိုင်ဆိုင်သမျှကို ကိုယ့်အတွက်ချည်းပဲမသုံးဘဲ ဘီလျံတွေနဲ့ချီ ဒလဟော ပေးကမ်းလှူဒါန်းခဲ့ပါတယ်။ အခုထက်ထိလည်း လှူဒါန်းပေးကမ်းနေတုန်းပါပဲ။
နံပါတ် ၂။ အဲလ်လစ် ဝေါ်လ်တန်
မစ္စစ် အဲလ်လစ်ဝေါ်တန်ကတော့ ဝေါလ်မတ်တ် Walmart လုပ်ငန်းကြီးကို
အမွေဆက်ခံရသူပါ။ ဒါကြောင့် သူဟာ ဒေါ်လာ (၆၅) ဘီလျံကျော်ကြွယ် ဝချမ်းသာနေပြီး အမေရိကမှာ အချမ်းသာဆုံး အမျိုးသမီးရယ်လို့ သရဖူ ဆောင်းနိုင်သွားပါတယ်။ သူဟာ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးစာရင်းမှာ နံပါတ်နှစ်ချိတ်နေပြီး ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းမှာတော့ နံပါတ် (၁၇)နေရာမှာရပ်တည်နေပါတယ်။
နံပါတ် ၁။ ဖရန်ဆွာဘက်တန်ကို့တ်မေယာစ် နဲ့ မိသားစု
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီးကတော့ ဖရန်ဆွာဘက်တန်ကို့တ်မေ ယာစ်ဆိုတဲ့ပြင်သစ်သူပါပဲ။ သူ့ကိုသာ လူတွေကသိပ်မသိကြပေမယ့် သူ့လုပ်ငန်းနာမည်ကိုတော့ ကမ္ဘာတလွှားလူတိုင်းနီးပါး ကြားဖူးကြပါတယ်။ ဟုတ်ပါတယ်။ လော်ရယ်ဆိုတဲ့ကမ္ဘာ့အကြီးဆုံး အလှကုန်ပစ္စည်းထုတ် လုပ်ရေးကုမ္ပဏီကြီးကို သူ့အဘိုးကတည်ထောင်ခဲ့တာပါ။ သူဟာ အဲဒီလုပ်ငန်းမှာရှိတဲ့ ရှယ်ယာ (၃၃)ရာခိုင်နှုန်းကို အမွေဆက်ခံခွင့်ရခဲ့ပါတယ်။ ဒါကြောင့် သူနဲ့သူ့မိသားစုရဲ့ပိုင်ဆိုင်မှုဟာ ဒေါ်လာ (၈၆)ဘီလျံကျော်ရှိပါတယ်။
#NPNews