ရေဖြူ NLD ရုံးခြံစည်းရိုးမှ ဦးခေါင်းပြတ်မှာ သုံးရက်ထက်မနည်းကြာသေဆုံးထားသည်အလောင်းမှဖြစ်ပြီး မည်သူမည်ဝါမှန်း မသိရသေး

 2003

Iris (NP News) - အောက်တိုဘာ ၂၂
ထားဝယ်ခရိုင် ရေဖြူမြို့နယ်ရှိ NLD ပါတီရုံးချုပ်ခြံစည်းရိုးတွင် ချိတ်ဆွဲထားသော ခေါင်းပြတ်မှာ လွန်ခဲ့သောသုံးရက်ခန့်ကတည်းက သေဆုံးထားသူ၏အလောင်းတစ်ခုဖြစ်ပြီး သတ်ဖြတ်သူအကြမ်းဖက်သမားများကို စုံစမ်းဖော်ထုတ်နေပြီဖြစ်ကြောင်း နစက ပြန်ကြားရေးဘက်က ပြောသည်။

အောက်တိုဘာ(၂၂)ရက် နံနက်ပိုင်းမှစ၍ ရေဖြူမြို့ NLD ပါတီရုံးခြံစည်းရိုးတွင် ဦးခေါင်းပြတ်တစ်ခုကို ဖြတ်သန်းသွားလာသူများက တွေ့ရှိခဲ့ရပြီး အဆိုပါခေါင်းပြတ်၏အောက်တွင် “ ဒလန်ရှင်းလင်းရေးက ဒလန်ကို သုတ်သင်လိုက်ပြီ၊ မင်းတို့က လုပ်ပြီးမပြောရဲဘူး။ ငါတို့က ပေါ်တင်ပြောပြီးလုပ်တာ (Dawei Guerrilla Revolution Force) DGRF ” ဟူ၍ စာတန်းတစ်ခုကို ချိတ်ဆွဲထားကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ နစကပြန်ကြားရေးဘက်သို့ မီဒီယာများက ဝိုင်းဝန်းမေးမြန်းမှုတွင် အဆိုပါဦးခေါင်းပြတ်အကြောင်း သတင်းရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ကြည့်ရှုခဲ့ပြီး မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စစ်ဆေးစေခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်အရ အဆိုပါခေါင်းပြတ်မှာ လွန်ခဲ့သော သုံးရက်ခန့်ကတည်းကသေဆုံးထားသောအလောင်းတစ်ခုခု၏ ဦးခေါင်းဖြစ်ကြောင်းနှင့် သေဆုံးသူ၏ခန္ဓာကိုယ်ကို ပြန်လည်ရှာဖွေရန် စုံစမ်းမှုများလုပ်ဆောင်နေကြောင်း ပြန်လည်ဖြေကြားသည်။ အထူးသဖြင့် ယင်းဖြစ်စဉ်အရ အခင်းဖြစ်ရာနေရာတစ်ဝိုက်ကို စတင်စုံစမ်းပြီးနောက် အကြမ်းဖက်သတ်ဖြတ်ကြသည့်အုပ်စုကို ဥပဒေအရအရေးယူနိုင်စေရန် စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်းလည်း ပြောကြားထားသည်။ မီဒီယာအချို့တွင်မူ အဆိုပါခေါင်းပြတ်ကြီးကိစ္စကို DGRF က လုပ်ဆောင်ခြင်းမဟုတ်ကြောင်း ရှင်းလင်းရေးသားထားသည်ကို တွေ့ရပြီး အထင်အမြင်လွဲစေရန် စစ်တပ်ကလုပ်ဆောင်ခြင်းသာ ဖြစ်နိုင်ကြောင်း ဖော်ပြထားသည်။

သေဆုံးသူမှာ မည်သူမည်ဝါဖြစ်သည်ကို ဒေသခံများပင်လျှင် သေချာစွာမသိရသေးဘဲ ဦးခေါင်းပြတ်၏မျက်နှာမှာလည်း ရုပ်ပျက်ဆင်းပျက်ဖြစ်နေခြင်းကြောင့် ခန့်မှန်းရခက်နေသေးကြောင်း ဆိုသည်။

Related news

© 2021. All rights reserved.