The Voice Myanmar Season- 3 မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လူသိများခဲ့တဲ့ Error အဖွဲ့ဝင် Shake အပါအဝင် (၄) ဦး မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရ

1253

ဟိန်း (NP News) - မေ ၃၁
The Voice Myanmar Season-3 မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လူသိများခဲ့တဲ့ Error အဖွဲ့ဝင် Shake(ခ) ဟိန်းသူစိုး မှာ မေလ ၂၅ ရက်နေ့တွင် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၏ မေလ ၃၁ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။
၎င်းအား ဗဟန်းမြို့နယ်၊ ဆရာစံလမ်းရှိ ဟိုတယ်တစ်ခု၏အခန်းအတွင်း သက်သေများနှင့်အတူ မေလ ၂၅ ရက် နေ့ မွန်းလွဲ ၃ နာရီခန့် အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ် သည်။
အဆိုပါ ဟိုတယ်အခန်းအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ တည်းခိုနေသူ ဟိန်းသူစိုး(ခ)Shake နှင့် နိုင်လွင် တို့အား တွေ့ရှိကြောင်း၊ ဟိန်းသူစိုး(ခ)Shake ထံမှ အက်တက်စီဆေးပြား ၅ဝ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂ဝ) ၊ ကတ်တမင်းအလေးချိန် ၃ ဂရမ်(ဒေသကာလ ပေါက် ဈေးတန်ဖိုး ငွေကျပ် ၁.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စစ်ဆေးဖော်ထုတ်ချက်အရ မေလ ၂၅ ရက်နေ့ ည ၇ နာရီအချိန်ခန့်တွင် ထက်ဝေအောင် အား ရန်ကင်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ ဟိုတယ်တစ်ခု၏ ကားပါကင်၌ Chevrolet အမျိုးအစား မော်တော် ယာဉ် (၁) စီးနှင့်အတူ အက်တက်စီဆေးပြား ၄ဝဝဝ ပြား၊ ကတ်တမင်း ၁၇ဝ ဂရမ်(ဒေသကာလ ပေါက်ဈေးတန်ဖိုး ငွေကျပ် ၅၁ သိန်း)၊ စိတ်ပြောင်းဆေးဝါးဟုယူဆရသော ဖြူ/ပြာ/လိမ္မော်ရောင်အမှုန့်(စိစစ်ဆဲ) ၄၉ဝ ဂရမ် (ဒေသ ကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၂၈ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အားလည်းကောင်း၊ မေလ ၂၆ ရက်နေ့ နံနက် ၇ နာရီအချိန် တွင် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်တွင် ကောင်းစစ်(ခ)ကိုစစ် အား ကတ်တမင်းအလေးချိန် ဝ.၂ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇ဝဝဝ)၊ အက်တက်စီဆေးပြား (၁) ပြား(ဒေသကာလပေါက် ဈေးတန်ဖိုးငွေကျပ် ၅ဝဝဝဝ)၊ စိတ်ပြောင်းဆေးဝါးဟုယူဆရသော ရွှေရောင်အမှုန့်(စိစစ်ဆဲ) ၁၅ ဂရမ် (ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၄.၅ သိန်း) နှင့် လက်ကိုင်ဖုန်း (၁) လုံးတို့အားလည်းကောင်း တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖြစ်စဉ်တွင် ဖမ်းဆီးရမိခဲ့သည့် ဟိန်းသူစိုး(ခ)Shake(၁၉)နှစ်၊ နိုင်လွင်(၃ဝ)နှစ်၊ ထက်ဝေအောင်(ခ) Jason(၃၁) နှစ် နှင့် ကောင်းစစ်(ခ) ကိုစစ်(၅၀)နှစ် တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

The Voice Myanmar Season- 3 မွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး လူသိမ်ားခဲ့တဲ့ Error အဖြဲ႕ဝင္ Shake အပါအဝင္
(၄) ဦး မူးယစ္ေဆးဝါးမႈျဖင့္ ဖမ္းဆီးခံရ
ဟိန္း (NP News) - ေမ ၃၁
The Voice Myanmar Season-3 မွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး လူသိမ်ားခဲ့တဲ့ Error အဖြဲ႕ဝင္ Shake(ခ) ဟိန္းသူစိုး မွာ ေမလ ၂၅ ရက္ေန႔တြင္ မူးယစ္ေဆးဝါးမႈျဖင့္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း မူးယစ္ေဆးဝါးတားဆီး ႏွိမ္နင္းေရးရဲတပ္ဖြဲ႕၏ ေမလ ၃၁ ရက္ေန႔ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
၎အား ဗဟန္းၿမိဳ႕နယ္၊ ဆရာစံလမ္းရွိ ဟိုတယ္တစ္ခု၏အခန္းအတြင္း သက္ေသမ်ားႏွင့္အတူ ေမလ ၂၅ ရက္ ေန႔ မြန္းလြဲ ၃ နာရီခန႔္ အခ်ိန္တြင္ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က ဝင္ေရာက္ဖမ္းဆီးခဲ့ျခင္းျဖစ္ သည္။
အဆိုပါ ဟိုတယ္အခန္းအား မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က ဝင္ေရာက္ရွာေဖြရာ တည္းခိုေနသူ ဟိန္းသူစိုး(ခ)Shake ႏွင့္ ႏိုင္လြင္ တို႔အား ေတြ႕ရွိေၾကာင္း၊ ဟိန္းသူစိုး(ခ)Shake ထံမွ အက္တက္စီေဆးျပား ၅ဝ ျပား (ေဒသကာလေပါက္ေစ်းတန္ဖိုးေငြက်ပ္သိန္း ၂ဝ) ၊ ကတ္တမင္းအေလးခ်ိန္ ၃ ဂရမ္(ေဒသကာလ ေပါက္ ေစ်းတန္ဖိုး ေငြက်ပ္ ၁.၅ သိန္း)ႏွင့္ လက္ကိုင္ဖုန္း ၂ လုံးတို႔အား ေတြ႕ရွိသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
ဆက္လက္၍ စစ္ေဆးေဖာ္ထုတ္ခ်က္အရ ေမလ ၂၅ ရက္ေန႔ ည ၇ နာရီအခ်ိန္ခန႔္တြင္ ထက္ေဝေအာင္ အား ရန္ကင္းၿမိဳ႕နယ္၊ အမွတ္(၅)ရပ္ကြက္ရွိ ဟိုတယ္တစ္ခု၏ ကားပါကင္၌ Chevrolet အမ်ိဳးအစား ေမာ္ေတာ္ ယာဥ္ (၁) စီးႏွင့္အတူ အက္တက္စီေဆးျပား ၄ဝဝဝ ျပား၊ ကတ္တမင္း ၁၇ဝ ဂရမ္(ေဒသကာလ ေပါက္ေစ်းတန္ဖိုး ေငြက်ပ္ ၅၁ သိန္း)၊ စိတ္ေျပာင္းေဆးဝါးဟုယူဆရေသာ ျဖဴ/ျပာ/လိေမၼာ္ေရာင္အမႈန္႔(စိစစ္ဆဲ) ၄၉ဝ ဂရမ္ (ေဒသ ကာလေပါက္ေစ်း တန္ဖိုးေငြက်ပ္ ၂၈ သိန္း)ႏွင့္ လက္ကိုင္ဖုန္း ၂ လုံးတို႔အားလည္းေကာင္း၊ ေမလ ၂၆ ရက္ေန႔ နံနက္ ၇ နာရီအခ်ိန္ တြင္ ျမဝတီၿမိဳ႕၊ အမွတ္(၄)ရပ္ကြက္တြင္ ေကာင္းစစ္(ခ)ကိုစစ္ အား ကတ္တမင္းအေလးခ်ိန္ ဝ.၂ ဂရမ္ (ေဒသကာလေပါက္ေစ်းတန္ဖိုးေငြက်ပ္ ၇ဝဝဝ)၊ အက္တက္စီေဆးျပား (၁) ျပား(ေဒသကာလေပါက္ ေစ်းတန္ဖိုးေငြက်ပ္ ၅ဝဝဝဝ)၊ စိတ္ေျပာင္းေဆးဝါးဟုယူဆရေသာ ေ႐ႊေရာင္အမႈန္႔(စိစစ္ဆဲ) ၁၅ ဂရမ္ (ေဒသကာလ ေပါက္ေစ်းတန္ဖိုးေငြက်ပ္ ၄.၅ သိန္း) ႏွင့္ လက္ကိုင္ဖုန္း (၁) လုံးတို႔အားလည္းေကာင္း ေတြ႕ရွိ သိမ္းဆည္းရမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ျဖစ္စဥ္တြင္ ဖမ္းဆီးရမိခဲ့သည့္ ဟိန္းသူစိုး(ခ)Shake(၁၉)ႏွစ္၊ ႏိုင္လြင္(၃ဝ)ႏွစ္၊ ထက္ေဝေအာင္(ခ) Jason(၃၁) ႏွစ္ ႏွင့္ ေကာင္းစစ္(ခ) ကိုစစ္(၅၀)ႏွစ္ တို႔အား သက္ဆိုင္ရာရဲစခန္းမ်ားတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲ ေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အမႈဖြင့္အေရးယူထားရွိၿပီး ကြင္းဆက္မ်ား ေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။