ယူကရိန်း၏ ဒေသလေးခုနှင့်ပတ်သက်သည့် ရုရှားနိုင်ငံသားများကို ဗြိတိန်အစိုးရ ပိတ်ဆို့မှုများ ချမှတ်

 623

ဖြိုးခန့် (NP News) - စက်တင်ဘာ ၂၇

ဗြိတိန်နိုင်ငံသည် ရုရှားအစိုးရက ယူကရိန်းအရှေ့ပိုင်းဒေသ လေးခုတွင် ပြုလုပ်နေသော လူထုဆန္ဒခံယူပွဲနှင့်ဆက်စပ်သည့် ပိတ်ဆို့အရေးယူမှုအသစ်တစ်ခုကို စက်တင်ဘာ(၂၆)ရက်နေ့တွင် ကြေညာခဲ့ကြောင်းသိရသည်။

ယူကရိန်းဒေသလေးခုမှ နိုင်ငံသားများသည် စက်တင်ဘာ(၂၆)ရက်နေ့တွင် လူထုဆန္ဒခံယူပွဲ လေးရက်မြောက်နေ့အဖြစ် ဆန္ဒမဲပေးခဲ့ကြပြီး အဆိုပါအစီအစဉ်ကို ယူကရိန်းနှင့်အနောက်နိုင်ငံများက အတုအယောင်သာဖြစ်ကြောင်း သတ်မှတ်ခဲ့သည်။

ယူကရိန်းနှင့် အနောက်နိုင်ငံများက ရလဒ်များသည် ကြိုတင်သတ်မှတ်ထားခြင်းဖြစ်ကြောင်း နှင့် အဆိုပါရလဒ်များကို အသိအမှတ်ပြုမည်မဟုတ်ကြောင်းပြောကြားခဲ့သည်။

ဗြိတိန်အစိုးရက ချမှတ်ခဲ့သော အဆိုပါဒဏ်ခတ်အရေးယူခံရသူများထဲတွင် ရုရှားထိပ်တန်းအရာရှိများလည်း ပါဝင်ကြောင်း ဗြိတိန်က ပြောကြားခဲ့သည်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး James Cleverlyက “အဲဒီကျင်းပခဲ့တဲ့ ဆန္ဒခံယူပွဲဟာ တရားမျှတမှုလည်းမရှိသလို သူတို့ရဲ့ရလဒ်တွေကိုလည်း ကျွန်တော်တို့အသိအမှတ်ပြုမှာမဟုတ်ပါဘူး။ ဒီနေ့ ပိတ်ဆို့အရေးယူမှုတွေဟာ အတုအယောင်မဲတွေ နောက်ကွယ်က သူတွေကို ပစ်မှတ်ထားမှာဖြစ်ပြီး ရုရှားအစိုးရရဲ့ ရန်လိုမှုစစ်ပွဲကို ဆက်လက်တွန်းအားပေးနေတဲ့သူတွေကိုလည်း ပစ်မှတ်ထားမှာဖြစ်ပါတယ်” ဟု ပြောဆိုခဲ့သည်။

ဗြိတိန်နိုင်ငံသည် ပိတ်ဆို့အရေးယူမှုတွင် ရုရှား စီးပွားရေးလုပ်ငန်းရှင်ကြီး လေးဦးကို ထပ်မံစာရင်းထည့်သွင်းခဲ့ပြီး ၎င်းတို့မှာ ဂေါ့နီဆာနောဗ့်၊ Zarakh Iliev ၊ မက်မူဒေါ့ နှင့် အိုင်ဂေါ်မာကာရောဗ့်တို့ဖြစ်ကြောင်း ၎င်းတို့၏အသားတင်ပိုင်ဆိုင်မှုမှာ ပေါင်(၆ ဒသမ ၃) ဘီလျံဖြစ်ကြောင်းသိရသည်။

ဗြိတိန်သည် ရုရှား၏ယူကရိန်းသို့ တပ်ဖွဲ့ဝင်များစေလွှတ်ခဲ့သည့် ဖေဖော်ဝါရီ (၂၄) ရက်နေ့ကစပြီး ရာနှင့်ချီသော ရုရှားနိုင်ငံသားများနှင့် အဖွဲ့အစည်းများအပေါ် ခရီးသွားလာခွင့် ပိတ်ပင်မှု၊ ပိုင်ဆိုင်မှုများရပ်ဆိုင်းမှုနှင့် အခြားသော ပိတ်ဆို့အရေးယူမှုများကို အနောက်နိုင်ငံများ၏ မဟာမိတ်များနှင့်အတူ ချမှတ်ခဲ့ကြောင်းသိရသည်။

ရုရှားသမ္မတပူတင်သည် ခုနစ်လကြာ ဖြစ်ပွားနေသည့် ယူကရိန်းစစ်ပွဲအတွက် စစ်ရေးပြင်ဆင်မှုအသစ်ကို ပြီးခဲ့သည့်သီတင်းပတ်က စတင်ခဲ့ကြောင်းသိရသည်။

Related news

© 2021. All rights reserved.