အာရှတိုက်နှင့် ကမ္ဘာတစ်ဝန်းရှိ Gen Z ၏ (၅ဝ) ရာခိုင်နှုန်းကျော်က စိတ်ပိုင်းဆိုင်ရာရောဂါများ ခံစားနေရ

 649

Pika (NP News) - မတ် ၁၉

အာရှနှင့် ကမ္ဘာတစ်ဝန်းရှိ Gen Z အသက်(၁၈)နှစ်မှ (၂၄) နှစ်ကြား ၏ (၅ဝ) ရာခိုင်နှုန်းကျော်သည် စိတ်ပိုင်းဆိုင်ရာ ရောဂါခံစားနေရကြောင်း AXA Study of Mind Health and Wellbeing 2023 အမည်ရှိ စစ်တမ်းတွင် ဖော်ပြထားသည်။

ကောက်ယူထားသော စစ်တမ်းများအရ ကမ္ဘာတစ်ဝန်းရှိ Gen Z ၏ (၅၃) ရာခိုင်နှုန်းသည် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်မှုမရှိကြောင်း သိရသည်။ အာရှရှိ Gen Z ၏ ထက်ဝက်(၅၁) ရာခိုင်နှုန်းသည် ဒေသတွင်းရှိ အခြားအသက်အရွယ်အုပ်စုများထက် ပိုပြီး စိတ်ပိုင်းဆိုင်ရာရောဂါများကို ခံစားနေရကြောင်း စစ်တမ်းများအရ သိရသည်။

ထို့အပြင် အာရှတွင် Gen Z ၏ (၁၅) ရာခိုင်နှုန်းခန့်ကသာ စိတ်ကျန်းမာရေးအခြေအနေကောင်းမွန်နေပြီး အသက် အရွယ်အုပ်စုအားလုံးထဲတွင် အနိမ့်ဆုံးပမာဏတစ်ခုဖြစ်နေသည်ကို သုတေသနပြုတွေ့ရှိခဲ့ကြောင်း သိရသည်။ ကမ္ဘာတစ်ဝန်းတွင် Gen Z ၏ (၁၃)ရာခိုင်နှုန်းခန့်ကသာ စိတ်ကျန်းမာရေးအခြေအနေကောင်းမွန်နေကြောင်း Nation Thailand သတင်းစာက ဖော်ပြခဲ့သည်။

AXA Study of Mind Health and Wellbeing 2023 က ပြုလုပ်သော စစ်တမ်းများသည် အာရှရှိလုပ်ငန်းခွင်တွင် Gen Z ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကိုလည်း ဖော်ထုတ်နိုင်ခဲ့ကြောင်းသိရသည်။

Gen Z တွင် အနာဂါတ်နှင့်ပတ်သက်ပြီး မသေချာမရေရာမှုများမှာ အာရှတိုက်တွင် (၆၉) ရာခိုင်နှုန်းရှိနေခဲ့ပြီး ကမ္ဘာ တစ်ဝန်းအခြေအနေနှင့် နှိုင်းယှဥ်မည်ဆိုလျှင် (၅၉)ရာခိုင်နှုန်း ရှိနေကြောင်း သိရသည်။ Gen Z ၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ခံစားနေရမှုများသည် ၎င်းတို့၏ အလုပ်အကိုင်များနှင့် အဓိကဆက်နွယ်မှုရှိနေကြောင်း သိရသည်။

အာရှတိုက်ရှိ Gen Z များတွင် လာမည့်(၁၂)လအတွင်း ရာထူးမှ နှုတ်ထွက်ရန် ရည်မှန်းထားသူဦးရေမှာ (၂၁) ရာခိုင်နှုန်း ရှိနေပြီး အမြင့်ဆုံးဖြစ်သည်ဟု စစ်တမ်းတွင် ဖော်ပြထားသည်။ သို့သော်လည်း စိတ်ကျန်းမာရေးအခြေ အနေကောင်းမွန်သူများသည် ရာထူးမှ နှုတ်ထွက်ရန် အလားအလာနည်းကြောင်း စစ်တမ်းများအရ သိရသည်။

ထို့အပြင် အာရှတိုက်တွင် စိတ်ကျန်းမာရေးပိုင်းနှင့်ပတ်သက်ပြီး ပံ့ပိုးပေးသော ကုမ္ပဏီများတွင် စိတ်ကျန်းမာရေး ကောင်းမွန်သော ဝန်ထမ်းများရှိနိုင်ခြေသည် (၂ ဒသမ ၅) ဆပိုများကြောင်း လေ့လာမှုများအရ သိရသည်။

Zawgyi Version;
Pika (NP News) - မတ် ၁၉








Related news

© 2021. All rights reserved.