ရခိုင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော ALP/ALA အတွင်း နှစ်ခြမ်းကွဲနေပြီး ဒေါ်စောမြရာဇာလင်း ဦးဆောင်ကာ ALP ကို ပြန်လည်ဖွဲ့စည်း

 1115

မျိုးကြီး (NP News) - မတ် ၂ဝ

ရခိုင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော ALP/ALA အတွင်း နှစ်ခြမ်းကွဲလျက်ရှိနေပြီး ဒေါ်စောမြရာဇာလင်း ဥက္ကဋ္ဌအဖြစ် ဦးဆောင်မည့် ဗဟိုကော်မတီကို ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ကို ပြန်လည်ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ဗဟိုကော်မတီက မတ်လ ၁၉ ရက်တွင် အသိပေးထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။

၂ဝ၁၅ ခုနှစ်၌ NCA စာချုပ်အား လက်မှတ်ရေးထိုးပြီးသည့်အချိန်မှစ၍ ALP ရှိခေါင်းဆောင်အချို့အကြား အမြင်မတူမှုများ သိသိသာသာတိုးပွားလာခဲ့ပြီး ၂ဝ၂၁ ခုနှစ်အတွင်း မမျှော်လင့်ဘဲ ပါတီအသွင် (၂)မျိုးဖြစ်လာခဲ့ကြောင်း ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ဗဟိုကော်မတီအဖွဲ့က ဆိုထားသည်။

ထို့ပြင် ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလ၌ ALP ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ကို ဖွဲ့စည်းပြီးနောက် ဗဟိုခေါင်းဆောင်အများစု၏ ဆန္ဒအရ NCA ငြိမ်းချမ်းရေးလမ်းစဉ်အတိုင်း ဆက်လျှောက်ခဲ့သော်လည်း ဥက္ကဋ္ဌ ခိုင်ရဲခိုင်သွားလိုသည့်လမ်းကြောင်းနှင့် ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းသွားလိုသည့် လမ်းကြောင်းမတူညီမှု များစွာဖြစ်ပေါ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ငြိမ်းချမ်းရေးလမ်းကြောင်းမှတစ်ဆင့် ရခိုင်ပြည်နယ် နှင့် ရခိုင်လူထုအကျိုးကို မူလရည်မှန်း ချက်မပျက်ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ချက်တူသူများဖြင့် ALP ကို ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း အဆိုပါဗဟိုကော်မတီက ကြေညာထားသည်။

ထိုသို့ ALP ကို ပြန်လည်ဖွဲ့စည်းရာတွင် ပါတီနှင့် (၆)လကျော်ကြာကင်းကွာကာ တာဝန်ထမ်းဆောင်မှု ပျက်ကွက်နေသည့် ခေါင်းဆောင်များ၊ ပါတီအပေါ်သစ္စာမဲ့ကာ ပါတီပြိုကွဲရေးလုပ်ဆောင်နေကြသူများအားလုံးကို ချန်လှပ်၍ ပြန်လည်ဖွဲ့စည်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပြန်လည်ဖွဲ့စည်းလိုက်သည့် ALP တွင် အကြံပေးပုဂ္ဂိုလ်များအဖြစ် ခိုင်မင်းအောင်နှင့် ဦးတင်အောင်တို့အား တာဝန်ပေးထားပြီး ဗဟိုကော်မတီဝင်အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဒေါ်စောမြရာဇာလင်းက တာဝန်ယူထားပြီး ဒုဥက္ကဋ္ဌအဖြစ် ခိုင်နီရောင်က တာဝန်ယူထားကြောင်း သိရသည်။

မကြာမီအချိန်အတွင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ တပ်မတော်ကိုလည်း လိုအပ်သလို ပြုပြင်ဖွဲ့စည်းသွားမည်ဟု ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ဗဟိုကော်မတီအဖွဲ့က ဆိုသည်။

NCA လမ်းကြောင်းမှသွေဖီပြီး ALP/ALA အမည်ခံကာ လုပ်ဆောင်မှုများရှိပါက ဖြစ်ပေါ်လာသည့်ပြဿနာများကိုလည်း တာဝန်ယူမည်မဟုတ်ကြောင်း အဆိုပါဗဟိုကော်မတီက ကြေညာထားသည်။

ALP ပါတီမှ အသျှင်ပညာသာမိအနေဖြင့် ပါတီ၏တရားရေးဌာနအမည်ကို အသုံးပြုကာ ဒေါ်စောမြရာဇာလင်းအား နိုင်ငံရေးဆွေးနွေးရေးကော်မတီခေါင်းဆောင်တာဝန်နှင့် PPST ရှိတာဝန်များမှ ရပ်စဲကြောင်းစာပေးပို့မှုများရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သော ၂ဝ၂၂ ခုနှစ် သြဂုတ်လ (၂)ရက်တွင် ALP ပါတီခေါင်းဆောင်တစ်ဦးဖြစ်သူ ခိုင်ပေါ်လင်း ဖမ်းဆီးခံရပြီးနောက်ပိုင်း၌ ပါတီခေါင်းဆောင်အချို့သည် ပါတီနှင့်တပ်အခြေစိုက်ရာဒေသမှ စွန့်ခွာသွားမှုများရှိကြောင်း သိရသည်။

zawgyi version
ရခိုင္လက္နက္ကိုင္အဖြဲ႕တစ္ခုျဖစ္ေသာ ALP/ALA အတြင္း ႏွစ္ျခမ္းကြဲေနၿပီး ေဒၚေစာျမရာဇာလင္း ဦးေဆာင္ကာ ALP ကို ျပန္လည္ဖြဲ႕စည္း

မ်ိဳးႀကီး (NP News) - မတ္ ၂ဝ

ရခိုင္လက္နက္ကိုင္အဖြဲ႕တစ္ခုျဖစ္ေသာ ALP/ALA အတြင္း ႏွစ္ျခမ္းကြဲလ်က္ရွိေနၿပီး ေဒၚေစာျမရာဇာလင္း ဥကၠ႒အျဖစ္ ဦးေဆာင္မည့္ ဗဟိုေကာ္မတီကို ျပန္လည္ဖြဲ႕စည္းခဲ့ေၾကာင္း သတင္းရရွိသည္။

ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ(ALP)ကို ျပန္လည္ဖြဲ႕စည္းျခင္းႏွင့္ပတ္သက္၍ ေဒၚေစာျမရာဇာလင္း ဦးေဆာင္သည့္ ဗဟိုေကာ္မတီက မတ္လ ၁၉ ရက္တြင္ အသိေပးထုတ္ျပန္ထားသည္ကို ေတြ႕ရွိရသည္။

၂ဝ၁၅ ခုႏွစ္၌ NCA စာခ်ဳပ္အား လက္မွတ္ေရးထိုးၿပီးသည့္အခ်ိန္မွစ၍ ALP ရွိေခါင္းေဆာင္အခ်ိဳ႕အၾကား အျမင္မတူမႈမ်ား သိသိသာသာတိုးပြားလာခဲ့ၿပီး ၂ဝ၂၁ ခုႏွစ္အတြင္း မေမွ်ာ္လင့္ဘဲ ပါတီအသြင္ (၂)မ်ိဳးျဖစ္လာခဲ့ေၾကာင္း ေဒၚေစာျမရာဇာလင္း ဦးေဆာင္သည့္ ဗဟိုေကာ္မတီအဖြဲ႕က ဆိုထားသည္။

ထို႔ျပင္ ၂ဝ၂၂ ခုႏွစ္ ဇန္နဝါရီလ၌ ALP ၏ ႏိုင္ငံေရးဦးေဆာင္အဖြဲ႕ကို ဖြဲ႕စည္းၿပီးေနာက္ ဗဟိုေခါင္းေဆာင္အမ်ားစု၏ ဆႏၵအရ NCA ၿငိမ္းခ်မ္းေရးလမ္းစဥ္အတိုင္း ဆက္ေလွ်ာက္ခဲ့ေသာ္လည္း ဥကၠ႒ ခိုင္ရဲခိုင္သြားလိုသည့္လမ္းေၾကာင္းႏွင့္ ဥကၠ႒ ေဒၚေစာျမရာဇာလင္းသြားလိုသည့္ လမ္းေၾကာင္းမတူညီမႈ မ်ားစြာျဖစ္ေပၚခဲ့သည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းမွတစ္ဆင့္ ရခိုင္ျပည္နယ္ ႏွင့္ ရခိုင္လူထုအက်ိဳးကို မူလရည္မွန္း ခ်က္မပ်က္ေဆာင္႐ြက္ႏိုင္ေရးအတြက္ ရည္႐ြယ္ခ်က္တူသူမ်ားျဖင့္ ALP ကို ျပန္လည္ဖြဲ႕စည္းလိုက္ေၾကာင္း အဆိုပါဗဟိုေကာ္မတီက ေၾကညာထားသည္။

ထိုသို႔ ALP ကို ျပန္လည္ဖြဲ႕စည္းရာတြင္ ပါတီႏွင့္ (၆)လေက်ာ္ၾကာကင္းကြာကာ တာဝန္ထမ္းေဆာင္မႈ ပ်က္ကြက္ေနသည့္ ေခါင္းေဆာင္မ်ား၊ ပါတီအေပၚသစၥာမဲ့ကာ ပါတီၿပိဳကြဲေရးလုပ္ေဆာင္ေနၾကသူမ်ားအားလုံးကို ခ်န္လွပ္၍ ျပန္လည္ဖြဲ႕စည္းျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

ျပန္လည္ဖြဲ႕စည္းလိုက္သည့္ ALP တြင္ အႀကံေပးပုဂၢိဳလ္မ်ားအျဖစ္ ခိုင္မင္းေအာင္ႏွင့္ ဦးတင္ေအာင္တို႔အား တာဝန္ေပးထားၿပီး ဗဟိုေကာ္မတီဝင္အဖြဲ႕တြင္ ဥကၠ႒အျဖစ္ ေဒၚေစာျမရာဇာလင္းက တာဝန္ယူထားၿပီး ဒုဥကၠ႒အျဖစ္ ခိုင္နီေရာင္က တာဝန္ယူထားေၾကာင္း သိရသည္။

မၾကာမီအခ်ိန္အတြင္း ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ၏ တပ္မေတာ္ကိုလည္း လိုအပ္သလို ျပဳျပင္ဖြဲ႕စည္းသြားမည္ဟု ေဒၚေစာျမရာဇာလင္း ဦးေဆာင္သည့္ ဗဟိုေကာ္မတီအဖြဲ႕က ဆိုသည္။

NCA လမ္းေၾကာင္းမွေသြဖီၿပီး ALP/ALA အမည္ခံကာ လုပ္ေဆာင္မႈမ်ားရွိပါက ျဖစ္ေပၚလာသည့္ျပႆနာမ်ားကိုလည္း တာဝန္ယူမည္မဟုတ္ေၾကာင္း အဆိုပါဗဟိုေကာ္မတီက ေၾကညာထားသည္။

ALP ပါတီမွ အသွ်င္ပညာသာမိအေနျဖင့္ ပါတီ၏တရားေရးဌာနအမည္ကို အသုံးျပဳကာ ေဒၚေစာျမရာဇာလင္းအား ႏိုင္ငံေရးေဆြးေႏြးေရးေကာ္မတီေခါင္းေဆာင္တာဝန္ႏွင့္ PPST ရွိတာဝန္မ်ားမွ ရပ္စဲေၾကာင္းစာေပးပို႔မႈမ်ားရွိခဲ့ေၾကာင္း သိရသည္။

ၿပီးခဲ့ေသာ ၂ဝ၂၂ ခုႏွစ္ ၾသဂုတ္လ (၂)ရက္တြင္ ALP ပါတီေခါင္းေဆာင္တစ္ဦးျဖစ္သူ ခိုင္ေပၚလင္း ဖမ္းဆီးခံရၿပီးေနာက္ပိုင္း၌ ပါတီေခါင္းေဆာင္အခ်ိဳ႕သည္ ပါတီႏွင့္တပ္အေျခစိုက္ရာေဒသမွ စြန႔္ခြာသြားမႈမ်ားရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.