ဗီယက်နမ်နိုင်ငံရောက် မြန်မာနိုင်ငံသားများကို မနက်ဖြန်မှစ၍ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ထမ်းဆောင်ခွင့်ပြုမည်
826
Pearl (NP News) - ဇန်နဝါရီ ၄
ဗီယက်နမ်နိုင်ငံရောက် မြန်မာနိုင်ငံသားများကို မနက်ဖြန်မှ စတင်၍ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့အခြေစိုက် မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ပြည်ပနေမြန်မာနိုင်ငံသားများ၏ ပြည်ပတွင်ရရှိသည့် လစာဝင်ငွေအပေါ် ၂ဝ၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှစ၍ ဝင်ငွေခွန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်ထားသည်။
ပြည်ပနေနိုင်ငံသားများအနေဖြင့် လစာဝင်ငွေအပေါ် ဝင်ငွေခွန်တွက်ချက်ပေးဆောင်ခြင်းသည် နိုင်ငံသားများအတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး အစရှိသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအား တစ်ဖက်တစ်လမ်းမှ ကူညီထောက်ပံ့ခြင်းပင်ဖြစ်ကြောင်း သံရုံးက ဆိုသည်။
ဝင်ငွေခွန်ပေးသွင်းထားသူများအနေဖြင့် မြန်မာနိုင်ငံတွင် အိမ်၊ ခြံ၊မြေ၊ တိုက်ခန်း၊ မော်တော်ယာဉ် အစရှိသည်တို့ ဝယ်ယူခြင်းများအတွက် ဝင်ငွေရလမ်းစိစစ်မှုခံယူချိန်တွင် လစာဝင်ငွေခွန် ပေးသွင်းခြင်းဆိုင်ရာ အထောက်အထားလက်မှတ် အားတင်ပြ၍ လက်မှတ်ပါငွေပမာဏကို ဝင်ငွေရလမ်း (ငွေဖြူ ) အဖြစ် ခံစားခွင့်ရရှိမည်ဖြစ်သည်။
ထို့ကြောင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၄ ခုနှစ်၊ မတ်လအထိ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို မနက်ဖြန် ( ဇန်နဝါရီလ ၅ ရက် ) မှစတင်၍ ကောက်ခံသွားမည်ဖြစ်ကြောင်း မြန်မာသံရုံးက ကြေညာထားသည်။
ထို့ပြင် သိရှိလိုသည်များရှိပါက မြန်မာသံရုံး၊ ကောင်စစ်ဌာန၏ မေးလ်ဖြစ်သည့် [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းလည်း မြန်မာသံရုံးက အသိပေးကြေညာထားသည်။