‘‘MLM Product နှင့် Myanmar Celebrities ”

 282

EP (NP News) - အောက်တိုဘာ ၂၁

“The Statesman Myanmar ” ရဲ့ အပတ်စဉ်ဖော်ပြနေတဲ့ အနုပညာအနှစ်ချုပ်ကဏ္ဍကနေ အနုပညာ သတင်းတွေကို ဖော်ပြပေးပါမယ်။ ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကနေ “MLM Product ကြော်ငြာနေတဲ့ မြန်မာအနုပညာရှင်တွေ သတိပြုဆင်ခြင်သင့်၊ နန်းဝေဝေမြင့်ကို ဓမ္မစကူးအဖွဲ့က ထုတ်ပယ်ကြောင်း ကြေညာချက်” အစရှိတဲ့ အနုပညာ ဆက်စပ်သတင်းတွေကို ဖော်ပြပေးပါမယ်။

MLM Product ကြော်ငြာနေတဲ့ မြန်မာ ဆယ်လီ၊ အနုပညာရှင်တွေ သတိပြု ဆင်ခြင်သင့်
တရားမဝင်အလှကုန်ပစ္စည်းတွေကို ထိုင်းအစိုးရက ဖမ်းဆီးမှုစတင်နေပြီး ကုမ္ပဏီပိုင်ရှင်တွေ အပါအဝင် ကြော်ငြာပေးခဲ့တဲ့ ထိုင်းအနုပညာရှင်တွေလည်း မီဒီယာနဲ့ပြန်လည်ဖြေရှင်းမှုတွေ လုပ်ဆောင်နေကြရပါတယ်။
ထိုင်းအစိုးရက တရားမဝင်ကုန်ပစ္စည်းဖြန့်ဖြူးရောင်းချမှုတားမြစ်ရေးဥပဒေနဲ့အညီ MLM Product ထုတ်လုပ်သူတွေကို ဥပဒေအတိုင်း အရေးယူမှု စတင်နေပြီဖြစ်ပါတယ်။ လက်ရှိမှာ MLM Product တစ်ခုဖြစ်တဲ့ Boom Collagen Plus Myanmar အမှတ်တံဆိပ်ကိုထုတ်လုပ်တဲ့ကုမ္ပဏီ The Icon Group အပါအဝင် ECO ကိုဖမ်းဆီးထားပြီး စစ်ဆေးမေးမြန်းမှုတွေလုပ်ဆောင်နေတာကြောင့် ထိုင်းအခြေပြု MLM ထုတ်ကုန်ဖြန့်ဖြူးသူတွေ မျက်ခုံးလှုပ်နေကြပြီဖြစ်ပါတယ်။
ထိုင်းနာမည်ကြီးအနုပညာရှင်ဖြစ်တဲ့ P’Min ကို အဆိုပါကုမ္ပဏီပိုင်ရှင်အဖြစ်လူသိများခဲ့ပေမယ့် သူက ကြော်ငြာပေးခဲ့သူသာဖြစ်ကြောင်း မီဒီယာတွေနဲ့ပြန်လည်ဖြေရှင်းနေရကာ ICON Group က ထုတ်လုပ်တဲ့ BOOM Cosmetics တွေကို P’Min အပါအဝင် ထိုင်းနာမည်ကြီးအနုပညာရှင် (၅) ဦးက ၎င်းတို့ရဲ့ အားပေးသူအင်အားကို အသုံးချပြီး ဈေးကွက်ထဲ အောင်မြင်မှုရရှိအောင် ကြော်ငြာအားကောင်းစွာ လုပ်ဆောင်ပေးခဲ့ကြတာပါ။ ဒါကြောင့်လည်း ဥပဒေလုပ်ထုံးလုပ်နည်းအရ ၎င်းတို့အနေနဲ့ တရားမဝင်ပစ္စည်းတွေကို အားပေးအားမြှောက်ပြု ခြင်း၊ ဖြန့်ဖြူးခြင်းကိုကူညီဆောင်ရွက်ပေးခြင်းတွေလုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုနိုင်ပါတယ်။ ၎င်းတို့အနေနဲ့က လုပ်ငန်းရှင်ဘက်က အလုပ်အပ်လို့ လုပ်ကိုင်ပေးခြင်းသာဖြစ်ကြောင်း ငြင်းဆိုနေကြပေမယ့်လည်း ၎င်းတို့ ကိုယ်တိုင် အာမခံချက်ပေးကာကြော်ငြာခဲ့တဲ့အလှကုန်ပစ္စည်းက တရားမဝင်ပစ္စည်းဖြစ်နေရုံမက ၎င်းတို့အပေါ် ယုံကြည်မှုတစ်ခုကြောင့်ဝယ်ယူသုံးစွဲမိခဲ့တဲ့ ပြည်သူလူထုအပေါ် ဆိုးကျိုးများသက်ရောက်လာပါက ကုမ္ပဏီ အပါအဝင် တာဝန်ခံကြော်ငြာခဲ့သူ အနုပညာရှင်တွေမှာလည်း ဖြေရှင်းပေးရမယ့်တာဝန်အပြည့်ရှိလို့နေပါတယ်။
အလားတူဖြစ်စဉ်က မြန်မာနိုင်ငံမှာလည်း လက်ရှိဖြစ်ပွားလျက်ရှိပြီး ဆိုရှယ်လူမှုကွန်ရက်အသုံး ပြုသူတွေ ကြောင့် လူသိများလာတဲ့ ဖေ့စ်ဘွတ်ခ်၊ တစ်တော့ ဆယ်လီတွေသာမက ထိပ်တန်းမင်းသား၊ မင်းသမီးကြီးတွေ ကိုယ်တိုင်ကြော်ငြာပေးနေတဲ့ တရားမဝင်အလှကုန်ပစ္စည်းတွေလည်း မြန်မာနိုင်ငံ ဈေးကွက်ထဲမှာ ရောက်ရှိ ပျံ့နှံ့လို့နေပါတယ်။ ဥပမာ “Heffey ၊ Life ၊ Boom EOU SOR၊ IAura Angel Secret ပျိုမဒီအဆီကျဆေး” အစရှိတဲ့ ပစ္စည်းတွေကို MLM ပစ္စည်းတွေအဖြစ် လူအများစုက သတ်မှတ်ထားပြီးဖြစ်ပါတယ်။ တရားမဝင်အလှကုန်ပစ္စည်း တစ်ခုချင်းစီကို နာမည်တပ်ပြောချင်ပေမယ့် ၎င်းတို့က ဝေဖန်ထောက်ပြနေသူတွေကို ပြန်လည်တရားစွဲဆို၊ အုပ်စုဖွဲ့ရိုင်းစိုင်းစွာတုံ့ပြန်မှုတွေ လုပ်ဆောင်လျက်ရှိလို့နေကြပါတယ်။
မြန်မာ့ထိပ်တန်းမင်းသားမင်းသမီးတွေဖြစ်တဲ့ ထက်ထက်မိုးဦး၊ အိန္ဒြာကျော်ဇင်၊ အောင်ရဲလင်း၊ သင်ဇာဝင့်ကျော်၊ ရတနာမိုင်၊ မိုးဟေကို၊ ခင်ဝင့်ဝါ၊ နီနီလင်းအိမ်၊ ကောင်းမြတ်စံ၊ နေဆန်း(ဖေ့စ်ဘွတ်ခ် ဆယ်လီ)၊ ဖြူဖြူထွေး အစရှိတဲ့ နာမည်ကြီးအနုပညာရှင်တွေကိုယ်တိုင်က MLM ထုတ်ကုန်တွေကို ကြော်ငြာပေးခဲ့ပြီး၊ ဈေးကွက်ထဲမှာ ၎င်းတို့အသုံးပြုတဲ့ပစ္စည်းအဖြစ် အခြေခံလူတန်းစားက ဝယ်ယူသုံးစွဲမှု မြင့်တက်လျက်ရှိပါတယ်။
“Heffey ကို အသိတစ်ယောက်ကရောင်းလို့ ဝယ်လိုက်မိတာ၊ ပြီးတော့ သင်ဇာဝင့်ကျော်တို့၊ အောင်ရဲလင်းတို့လည်း ကြော်ငြာဖူးတယ်လေ။ အဲဒီတော့ ကောင်းလောက်မယ်ပဲထင်တာပေါ့။ ဈေးကလည်းမပေါဘူး။ သုံးသောင်း ကျော်ဆိုတော့ ပစ္စည်းကောင်းလိမ့်မယ်ပဲထင်ခဲ့တာ၊ သုံးပြီး တစ်လအတွင်း ပါးမှာ အဆီဖုတွေထွက်လာ ပြီး ခုချိန်အထိမပျောက်တော့ဘဲ မျက်နှာက ညစ်နေရော။ အဲဒါနဲ့ မျက်နှာဆေးခန်းတောင် ပြယူရတဲ့အဆင့်ထိ အခြေ အနေဆိုးလွန်းပါတယ်။ မင်းသား၊ မင်းသမီး တွေလည်း ပိုက်ဆံရပြီးရောမလုပ်စေချင်ဘူး” လို့ MLM အလှကုန် ပစ္စည်းအသုံးပြုခဲ့ဖူးသူ အမျိုးသမီးငယ်တစ်ဦးက Np News ကို ရင်ဖွင့်ထားပါတယ်။ MLM အလှကုန်ပစ္စည်းက ဘယ်လိုအလှကုန်မျိုးလဲဆိုတာ လက်ရှိအချိန်ထိ ခွဲခြားရခက်ခဲသူများပြားလျက်ရှိဆဲဖြစ်ပါတယ်။ ဥပမာ နံပါတ်(၁) ကုန်ပစ္စည်းထုတ်လုပ်တဲ့နိုင်ငံနဲ့ တင်သွင်းရောင်းချနေတဲ့နိုင်ငံရဲ့ FDA ခွင့်ပြုချက်မရှိခြင်း၊ (၂) ကိုယ်စားလှယ်တွေနဲ့ သာ အရောင်းအဝယ်လုပ်ကိုင်နေခြင်း၊ (၃) Triangle ပုံစံ (Multi Level Marketing System) ဖြင့် ပိုင်ရှင်တစ်ဦးမှ ဆင့်ပွားပုံစံကိုယ်စားလှယ်တွေနဲ့သာ အရောင်းအဝယ်လုပ်ဆောင်ခြင်း/အများဆုံး ဖြန့်ဖြူးသူအရေအတွက်ကို မြှင့်တင်ကာ အရောင်းအင်အားကို အဆတိုးမြှင့်တင်ခြင်း၊ (၄) ကိုယ်စားလှယ်စည်းရုံးမှုကို များစွာ မက်လုံးပေးကာ လုပ်ဆောင်နေခြင်း၊ (၄) ၎င်းတို့ရဲ့ အလှကုန်အပေါ် Negative Feedback များရရှိပါက ကိုယ်စားလှယ်အုပ်စုဖွဲ့ ကာကွယ်ပြောဆိုရုံမက အသုံးပြုသူတွေကို Block ခြင်း၊ ရိုင်းစိုင်းစွာပြောဆိုခြင်းတွေ လုပ်ဆောင်လျက်ရှိပါတယ်။
ဒါကြောင့် မြန်မာအနုပညာရှင်တွေ၊ ဆယ်လီတွေအနေနဲ့၎င်းတို့အပေါ်ယုံကြည်ပြီး အားပေးခဲ့ ရတဲ့ပြည်သူ လူထုအပေါ် ကိုယ်ချင်းစာစိတ်ထားကာ မြန်မာနိုင်ငံအတွင်း တင်သွင်းဖြန့်ဖြူးရောင်းချနေတဲ့ တရားမဝင် MLM Product တွေအပေါ် ကြော်ငြာပေးမှုတွေကို ရှောင်ကြဉ်သင့်ပြီဖြစ်ကြောင်း ဝေဖန်အကြံပြုလိုက်ပါရစေ။

နန်းဝေဝေမြင့်ကို ဓမ္မစကူးအဖွဲ့မှ ထုတ်ပယ်ကြောင်း ကြေညာချက်ထုတ်

ဓမ္မစကူးအဖွဲ့ဆရာမလေးအဖြစ် လူသိများလာခဲ့တဲ့ နန်းဝေဝေမြင့်ကို ဓမ္မစကူးအသင်းအဖွဲ့မှ ထုတ်ပယ်ကာ အဖွဲ့နဲ့ သက်ဆိုင်ခြင်းမရှိကြောင်း တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ “ယခင် ဓမ္မစကူးဆရာမ ယခုရုပ်ရှင် သရုပ်ဆောင်ဖြစ်သော မနန်းဝေဝေမြင့်သည် (၂၀၁၄)ခုနှစ်မှာ ဓမ္မစကူး ဆရာမအဖြစ် သင်တန်းတက်ရောက်ခဲ့ပြီး ဓမ္မစကူး (Grade - 2 )ကို (၂၀၁၉-၂၀၂၀) ပြည့်နှစ်မှာ ပညာသင်ကြားခဲ့တာမှန်ကန်ခဲ့ပေမယ့် (၂၀၁၉)ခုနှစ် ကိုဗစ် ရောဂါများ စတင်ဖြစ်ပွားချိန် ကျောင်းတွေ ပိတ်ခဲ့ရ ပြီးနောက် စာသင်ခြင်းအလုပ်ကိုရပ်နားခဲ့ကြောင်း ထည့်သွင်း ရေးသားထားပါတယ်။ နန်းဝေဝေမြင့်ဟာ မန္တလေးမြို့ ဖျော်ဖြေပွဲတစ်ခုမှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့ယဉ်ကျေးမှုနဲ့ မလျော်ကန်တဲ့ကိစ္စရပ်တွေက ဓမ္မစကူး နဲ့ လုံးဝ သက်ဆိုင်ခြင်းမရှိကြောင်း၊ နန်းဝေဝေမြင့်က အခုချိန်မှစတင်၍ ရှမ်းအရှေ့၊ တာချီလိတ် ရဲ့ ဓမ္မစကူး အဖွဲ့နဲ့ မသက်ဆိုင်တော့ကြောင်း တာချီလိတ်မြို့ဓမ္မစကူးအဖွဲ့မှ အောက်တိုဘာလ (၁၆) ရက် မှာ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။
နန်းဝေဝေမြင့်ဟာ ဓမ္မစကူးဆရာမအဖြစ်လူသိများလာခဲ့ပေမယ့် (၂၀၂၀) ပြည့်နှစ်နောက်ပိုင်းက စတင်ပြီး ရုပ်ရှင်သရုပ်ဆောင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းကိုသာ လုပ်ကိုင်နေသူဖြစ်ကြောင်း တာချီလိတ်မြို့ ဓမ္မစကူး အဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ၎င်းဟာ ဓမ္မစကူးလ်ဆရာမ တစ်ယောက်ရဲ့ဂုဏ်ပုဒ်ကို စောင့်ထိန်းခြင်းမျိုးရှိခဲ့ဘဲ မြန်မာ့ယဉ်ကျေးမှုနဲ့ကိုက်ညီမှုမရှိတဲ့ လျှပ်ပေါ် လော်လီအဝတ်အစားတွေဝတ် ဆင်ရုံမက ဘားဆိုင်တစ်ဆိုင်မှာ သီချင်းသီဆိုဖျော်ဖြေစဉ် အမျိုးသမီးအတွင်းခံပေါ်တဲ့အထိ မသင့်တော်မလျော်ညီတဲ့ မြင်ကွင်းတွေ ဆိုရှယ်မီဒီယာမှာပျံ့နှံ့လာပြီးနောက် သူ့ အပေါ် ကန့်ကွက်ရှုတ်ချသူ များပြားလျက်ရှိပါ တယ်။
ဒါကြောင့် တာချီလိတ်မြို့နယ် ဓမ္မစကူးကော်မတီဥက္ကဋ္ဌဆရာတော်က နန်းဝေဝေမြင့် ဓမ္မစကူး ဆရာမ အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝေဠုဝန်မဂ္ဂင်ရိပ်သာကျောင်းတိုက်ဆရာတော်မှတစ်ဆင့် သူရဲ့ဖေ့စ်ဘွတ်ခ်ပေ့ချ်မှာ ယောဂီအင်္ကျီနဲ့တင်ထားတဲ့ဓမ္မစကူးပုံရိပ်ကိုချိန်းပေးဖို့ မေတ္တာရပ်ခံတောင်းဆိုခဲ့ပါတယ်။ တာချီလိတ်မြို့ ဓမ္မစကူးအဖွဲ့ရဲ့ကြေညာချက်အပေါ် နန်းဝေဝေမြင့်အနေနဲ့ (၂၄)နာရီအတွင်း တုံ့ပြန်မှုမရှိခဲ့ပေမယ့် လွန်ခဲ့တဲ့လပိုင်းအတွင်းက ပြောဆိုထားမှုအရ “သူ့ကို ဓမ္မစကူးလ်ဆရာမအဖြစ် ချစ်တဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ လူတွေအနေနဲ့က ဓမ္မစကူးလ်ဆရာမအဖြစ် သတ်မှတ် မြင်ထားပြီး ဖြစ်လို့ လက်ရှိ ပြောင်းလဲသွားတဲ့ အဝတ်အစားအပြင်အဆင်၊ ရုပ်ဆင်းအင်္ဂါတွေကို မနှစ်သက် သူရှိပေမယ့် အနုပညာ သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်တာကြောင့် လက်ရှိပုံစံကိုလည်းလက်ခံပေး ပါ”လို့ ပြောခဲ့ဖူးပါတယ်။ နန်းဝေဝေမြင့်ကို အသင်းအဖွဲ့မှ ထုတ်ပယ်ဖို့သတင်းထုတ်ပြန်ချက်နဲ့ပတ်သက် ပြီး အစည်းအဝေးပြုလုပ်ကြရာ မြို့နယ်ဓမ္မစကူး နာယကဆရာတော်၊ တောင်တန်းသာသနာပြုဗဟိုဓမ္မစ ကူးလ်မှ ဦးဣန္ဒဓမ္မ၊ မြို့နယ်ဓမ္မစကူးလ် ဥက္ကဋ္ဌ ဆရာတော်၊ မစိုးရိမ်ကျောင်း ဓမ္မစကူးလ်မှ ဦးသာရိယ၊ မြို့နယ် ဓမ္မစကူးဒုဥက္ကဋ္ဌ ဆရာတော်၊ အလိုတော်ပြည့် ဓမ္မစကူးလ် သာသနဝေပုလ္လ အလိုတော်ပြည့် ကျောင်းမှ ဦးဇနိန္ဒ၊ မြို့နယ်ဓမ္မစကူးလ်အတွင်းရေးမှူးဆရာတော်၊ ဝေဠုဝန်ဓမ္မစကူးလ်ဌာနနဲ့ မြို့နယ် သာသနာရေးမှူး ဒေါ်အေးသန္တာကျော်တို့ တက်ရောက်ဆွေးနွေးခဲ့ပြီးနောက် နန်းဝေဝေမြင့်ကို ဓမ္မစကူးလ် အသင်းအဖွဲ့က ထုတ်ပယ်ဖို့သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။

K Pop Idol အဖြစ် မြန်မာအမျိုးသမီးတစ်ဦး
Rumble G အဖွဲ့ခေါင်းဆောင်ဖြစ်သူ Di Di က သူရဲ့အိပ်မက်အတွက် တောင်ကိုရီးယား Kpop လောကထဲကို ထိုးဖောက်ဝင်ရောက်လျက်ရှိပါတယ်။ Di Di က တောင်ကိုရီးယား KPop လောကထဲ နေရာတစ်ခုရဖို့ အစွမ်းကုန် ကြိုးစားခဲ့ရကြောင်းနဲ့ အက၊ အဆိုပိုင်းကို နေ့ /ည မနား လေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့ရကြောင်း ဆိုခဲ့ဖူးပါတယ်။
ဒါပေမဲ့လည်း KPopလောကသားတွေအနေနဲ့ စင်မြင့်ထက်မှာ ပရိသတ်အားပေးမှုကိုရရှိဖို့ အတွက် နောက်ကွယ်မှာ အချိန်၊ လုပ်အား အပါအဝင် အရာအားလုံး စွန့်လွှတ်သည်းခံ ပေးဆပ်နိုင်မှသာ ကမ္ဘာတစ်လွှားမှာ အောင်မြင် ကျော်ကြားတဲ့ KPop အဖွဲ့ဖြစ်လာနိုင်တာဖြစ်ပါတယ်။ Rumble G အဖွဲ့မှာ Di Diက Main Vocalicst နဲ့ Main Rapper တစ်ဦးဖြစ်ပြီး အဖွဲ့သား မတည်ငြိမ်မှုရှိသလို လက်ရှိအချိန်မှာ အဖွဲ့ဝင် (၂) ဦးသာကျန်ရှိတော့ ကြောင်း၊ မြန်မာလူငယ်တွေကတော့ Di Di ထင်သလောက် မအောင်မြင်ရခြင်းက ကောင်းမွန်တဲ့အေဂျင်စီနဲ့ မချိတ်ဆက် မိသေးခြင်းကြောင့်သာ ဖြစ်နိုင်တယ်လို့ဆိုကြပါတယ်။ အသက် (၂၆) နှစ်ရှိပြီဖြစ်တဲ့ တောင်ကိုရီးယား K Pop Di Di ရဲ့နာမည်အရင်းက ဆုနဒီစိုး၊ ရန်ကုန် မြို့ ဇာတိဖြစ်ပြီး၊ (၁၆) ရက် ဇန်နဝါရီလ (၁၉၉၈) ခုနှစ်မှာ မွေးဖွားခဲ့ သူဖြစ်ပါတယ်။ သူရဲ့ အရပ်အမြင့် (၅) ပေ (၄) လက်မရှိတယ်လို့ သိရပါတယ်။ ဒါ့ပြင် Di Di ဟာ မြန်မာဘာသာ စကားအပြင် အင်္ဂလိပ်ဘာသာ၊ ကိုရီးယားဘာသာစကားတို့ကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာပြောဆိုနိုင်သူတစ်ဦး ဖြစ်ပါတယ်။ K Pop ကို ရူးသွပ်ကြတဲ့ လူငယ်အမျိုးသမီးလေးတွေအတွက် စံနမူနာကောင်းတစ်ယောက်ဖြစ်လာပြီး၊ သူ့အပေါ် အားပေးမှုတွေ ပြင်းထန်လျက်ရှိပါတယ်။ အလားတူ မြန်မာအမျိုးသမီးငယ်လေးတွေအားကျခဲ့ရတဲ့ မြန်မာနှစ်ဦး ပါဝင်ခဲ့တဲ့ Rose Quartz အဖွဲ့ဆိုရင်လည်း သက်တမ်းမကြာရှည်လိုက်ဘဲ ကိုဗစ်ရောဂါ ကူးစက်မှုနောက်ပိုင်းမှာ စာချုပ်ပြဿနာ၊ အဖွဲ့သားပြိုကွဲမှု ပြဿနာတချို့ကြောင့် ဖျက်သိမ်းလိုက် ရတာပါ။ တောင်ကိုရီးယားရဲ့ K Pop Girl Group? Boy Group ထဲ အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ရဖို့ဆိုတာ မြန်မာနိုင်ငံသာမက နိုင်ငံအသီးသီးက လူငယ်တွေအတွက် အိပ်မက်တစ်ခုလို ဖြစ်လာနေပါပြီ။

ဒီတစ်ပတ် အတွက် အနုပညာကဏ္ဍကို ရပ်နားခွင့်ပြုပါ။

Related news

© 2021. All rights reserved.