Facebook နှင့် TikTok ကို အသုံးပြုကာ အမျိုးသမီး (၁၄) ဦးကို တရုတ်မယားလုပ်ရန် စည်းရုံး၍ လူကုန်ကူးမှု ကျူးလွန်သူ(၆)ဦးကို မန္တလေး၌ ဖမ်းမိ
2735
သန့်ဇင် (NP News) - နိုဝင်ဘာ ၂
မန္တလေးမြို့တွင် Facebook နှင့် TikTok ကိုအသုံးပြုကာ အမျိုးသမီး(၁၄)ဦးကို တရုတ်မယားလုပ်ရန် စည်းရုံး၍ လူကုန်ကူးမှုကျူးလွန်သူ (၈)ဦး အနက်မှ (၆)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
အောက်တိုဘာ ၂၄ ရက်၊ နံနက် ၇ နာရီ ၃ဝ မိနစ်အချိန်တွင် ထိုင်းနိုင်ငံ Suvarnabhumi လေဆိပ်သို့ MAI လေကြောင်းလိုင်းဖြင့်ထွက်ခွာမည့် တရုတ်နိုင်ငံသား GAO FENGYING (ကောင်းဖိန်းရင်) နှင့် အမျိုးသမီးငယ်သုံးဦး တို့ကို မသင်္ကာသဖြင့် အမှတ် (၁၁) လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မန္တလေး)တပ်ဖွဲ့ စုမှူးရဲမှူး ခင်မောင်သိန်း ဦးစီးသည့် တပ်ဖွဲ့ဝင်များက မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် တာဝန်ကျတပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်း၍ တပ်ဖွဲ့စုရုံးသို့ ခေါ်ယူစစ်မေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်မေးခဲ့ရာ အဆိုပါအမျိုးသမီးငယ်သုံးဦးမှာ လူမှုကွန်ရက်များဖြစ်သော Facebook နှင့် TikTok အသုံးပြု ဆက်သွယ်၍ တရုတ်နိုင်ငံသို့ တရုတ်မယားပြုလုပ်ရန် စည်းရုံးစုစည်းခေါ်ဆောင်ခံရသူများဖြစ်ကြောင်း သိရသည်။
ထို့ပြင် ၎င်းတို့ကဲ့သို့ တရုတ်မယားလုပ်ရန် စည်းရုံးခံထားရသူ အမျိုးသမီးငယ် (၁၁) ဦးကိုလည်း မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၆၄ ဒီလမ်း၊ ၁၁၅ x ၁၁၆ လမ်းကြားရှိနေရာတွင် စုစည်းထိန်းချုပ်ထားကြောင်း စစ်ဆေး မေးမြန်းချက်များအရ သိရသည်။
ဆက်လက်၍ အမျိုးသမီးငယ်သုံးဦး၏ ဖုန်းဆက်သွယ်မှုများကိုစိစစ်ခဲ့ရာ ၎င်းတို့ကဲ့သို့ တရုတ်မယားလုပ်ရန် စည်းရုံးခံထားရသူ အမျိုးသမီးငယ် (၁၁) ဦးကို ကယ်တင်နိုင်ခဲ့ပြီး ၎င်းတို့အား ဆက်လက်စစ်ဆေးခဲ့ရာ တရုတ်ယောကျ်ားနှင့် လက်ထပ်ရန်အတွက် ဂိုဏ်းဖွဲ့၍ စည်းရုံးဆောင်ရွက်ခဲ့သူ ဒေါ်နန်းဆိုင်ခမ်း (ခ) မားမားအား ထမ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဒေါ်နန်းဆိုင်ခမ်း (ခ) မားမားသည် ယခင်က ရွှေလီမြို့ရှိ တရုတ်နိုင်ငံသားပိုင်ကုမ္ပဏီတွင် တရုတ်ယောကျ်ားယူရန် အမျိုးသမီးငယ်များအား ပို့ဆောင်ပေးခဲ့သူဖြစ်ကြောင်း သိရသည်။
ထို့နောက် ယခုအခါတွင် ခွဲတမ်းမှာနည်းနေသဖြင့် ၎င်းကိုယ်တိုင် တရုတ်မယားပြုလုပ်မည့် မိန်းကလေးများ ရှာဖွေရန် wechat group မှတစ် ဆင့် တစ်ဆင့်ခံလူပွဲစား မမေထက်နိုင်ဦး (ခ) မထက်၊ မောင်ချစ်ထူး၊ မဖြိုးဖြိုးဝေ တို့နှင့် ချိတ်ဆက်ဆောင်ရွက်ရန်အတွက် မန္တလေးမြို့၌ အခြေချနေထိုင်ရန် ၈၆ လမ်း၊ ကန်တော်ကြီးပတ်လမ်း အနီးရှိ (၃) ထပ်တိုက်တစ်လုံးနှင့် ပြည်ကြီးတံခွန်မြို့နယ်၊ ၆၄ ဒီ လမ်း၊ ၁၁၅ x ၁၁၆ လမ်းကြား နေအိမ်တို့ကို ငှားရမ်းခဲ့ကာ အမျိုးသမီးငယ်များ စုစည်းထိန်းချုပ်၍ လူကုန်ကူးမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နိုင်ငံအတွင်းရှိ မိန်းကလေးများအား စည်းရုံးရှာဖွေရန်အတွက် မမေထက်နိုင်ဦး (မထက်)၊ ချစ်ထူး နှင့် ၎င်း၏ ဇနီးဖြစ်သူ မဖြိုးဖြိုးဝေတို့က Online မှ စည်းရုံးရှာဖွေစုဆောင်းပြီး အထက်ပါငှားရမ်းထားသည့် နေအိမ်သို့ပို့ဆောင် ကာ မဇင်သူခိုင်အား စောင့်ကြည့်စေခြင်းနှင့် စည်းရုံးခံရသူ အမျိုးသမီးငယ်များအတွက် နိုင်ငံကူးလက်မှတ်နှင့် လက်ထပ်ဗီဇာ ပြုလုပ်ပေးခြင်းတို့ကို ဒေါ်နန်းဆိုင်ခမ်း (ခ) မားမား၏ စီစဉ်ညွှန်ကြားမှုဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အမျိုးသမီးငယ်များနှင့် လက်ထပ်မည့် တရုတ်နိုင်ငံသား GAO FENGYING (ကောင်းဖိန်းရင်)၊ တရုတ်နိုင်ငံသား LIN JIAN နှင့်အတူ တရုတ်နိုင်ငံမှ မန္တလေးမြို့သို့လာရောက်သည့် ၎င်း၏မိခင် LI MANFEN တို့ကိုလည်း မြန်မာနိုင်ငံသို့ လာရောက်ရန်အတွက် ဒေါ်နန်းဆိုင်ခမ်း (ခ) မားမားကပင် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အမျိုးသမီးငယ်များမှာ မိမိတို့ဘဝ အလုပ်အကိုင်ရရှိရေးအတွက် လူမှုကွန်ရက်များဖြစ်သော Facebook နှင့် TikTok များမှတစ်ဆင့် အလုပ်ရှာဖွေရာမှ တရုတ်မယားပြုလုပ်ရန် စည်းရုံးခံရသူများဖြစ်ကြပြီး ယခင်က နယ်စပ်ဒေသမှ တစ်ဆင့် ပို့ဆောင်ခဲ့ရာမှ ယခုအခါတွင် ထိုင်းနိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင်နေကြောင်း သိရသည်။ ထို့ကြောင့် မန္တလေးမြို့၌အခြေချ၍ လူကုန်ကူးမှုဂိုဏ်းဖွဲ့ကျူးလွန်ခဲ့သူ ဒေါ်နန်းဆိုင်ခမ်း (ခ) မားမား၊ ချစ်ထူး၊ မဖြိုးဖြိုးဝေ၊ တရုတ်နိုင်ငံသား GAO FENGYING (ကောင်းဖိန်းရင်)၊ တရုတ်နိုင်ငံသား LIN JIAN နှင့် ၎င်း၏ မိခင်ဖြစ်သူ LI MANFEN တို့ကို ဖမ်းဆီးရမိခဲ့ပြီး မမေထက်နိုင်ဦး (ခ) မထက်နှင့် မဇင်သူခိုင်တို့မှာ ထွက်ပြေး တိမ်းရှောင်နေဆဲဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် (၈)ဦးအား သက်ဆိုင်ရာ ရဲစခန်းများဖြစ်သည့် တံတားဦးမြို့နယ် လေဆိပ်နယ်မြေရဲစခန်း (ပ) ၂၃/၂၀၂၄၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈ (က)/၄၄ ဖြင့်လည်းကောင်း၊ တံတားဦး မြို့နယ်လေဆိပ်နယ်မြေ ရဲစခန်း (ပ) ၂၄/၂၀၂၄၊ လူကုန်ကူးမှုတားဆီး နှိမ်နင်း ရေးဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့်လည်းကောင်း၊ ပြည်ကြီးတံခွန်မြို့မရဲစခန်း (ပ) ၂၆၀/၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့်လည်း ကောင်း၊ ပြည်ကြီးတံခွန်မြို့မရဲစခန်း (ပ) ၂၆၁/၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/ ၄၄ ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
Zawgyi Version;
Facebook ႏွင့္ TikTok ကို အသုံးျပဳကာ အမ်ိဳးသမီး (၁၄) ဦးကို တ႐ုတ္မယားလုပ္ရန္ စည္း႐ုံး၍ လူကုန္ကူးမႈ က်ဴးလြန္သူ(၆)ဦးကို မႏၲေလး၌ ဖမ္းမိ
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၂
မႏၲေလးၿမိဳ႕တြင္ Facebook ႏွင့္ TikTok ကိုအသုံးျပဳကာ အမ်ိဳးသမီး(၁၄)ဦးကို တ႐ုတ္မယားလုပ္ရန္ စည္း႐ုံး၍ လူကုန္ကူးမႈက်ဴးလြန္သူ (၈)ဦး အနက္မွ (၆)ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ သတင္းထုတ္ျပန္ခ်က္မ်ားအရ သိရသည္။
ေအာက္တိုဘာ ၂၄ ရက္၊ နံနက္ ၇ နာရီ ၃ဝ မိနစ္အခ်ိန္တြင္ ထိုင္းႏိုင္ငံ Suvarnabhumi ေလဆိပ္သို႔ MAI ေလေၾကာင္းလိုင္းျဖင့္ထြက္ခြာမည့္ တ႐ုတ္ႏိုင္ငံသား GAO FENGYING (ေကာင္းဖိန္းရင္) ႏွင့္ အမ်ိဳးသမီးငယ္သုံးဦး တို႔ကို မသကၤာသျဖင့္ အမွတ္ (၁၁) လူကုန္ကူးမႈတား ဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕စု(မႏၲေလး)တပ္ဖြဲ႕ စုမႉးရဲမႉး ခင္ေမာင္သိန္း ဦးစီးသည့္ တပ္ဖြဲ႕ဝင္မ်ားက မႏၲေလးအျပည္ျပည္ဆိုင္ရာေလဆိပ္ တာဝန္က်တပ္ဖြဲ႕ဝင္မ်ားႏွင့္အတူ ပူးေပါင္း၍ တပ္ဖြဲ႕စု႐ုံးသို႔ ေခၚယူစစ္ေမးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ စစ္ေမးခဲ့ရာ အဆိုပါအမ်ိဳးသမီးငယ္သုံးဦးမွာ လူမႈကြန္ရက္မ်ားျဖစ္ေသာ Facebook ႏွင့္ TikTok အသုံးျပဳ ဆက္သြယ္၍ တ႐ုတ္ႏိုင္ငံသို႔ တ႐ုတ္မယားျပဳလုပ္ရန္ စည္း႐ုံးစုစည္းေခၚေဆာင္ခံရသူမ်ားျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ၎တို႔ကဲ့သို႔ တ႐ုတ္မယားလုပ္ရန္ စည္း႐ုံးခံထားရသူ အမ်ိဳးသမီးငယ္ (၁၁) ဦးကိုလည္း မႏၲေလးၿမိဳ႕ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ ၆၄ ဒီလမ္း၊ ၁၁၅ x ၁၁၆ လမ္းၾကားရွိေနရာတြင္ စုစည္းထိန္းခ်ဳပ္ထားေၾကာင္း စစ္ေဆး ေမးျမန္းခ်က္မ်ားအရ သိရသည္။
ဆက္လက္၍ အမ်ိဳးသမီးငယ္သုံးဦး၏ ဖုန္းဆက္သြယ္မႈမ်ားကိုစိစစ္ခဲ့ရာ ၎တို႔ကဲ့သို႔ တ႐ုတ္မယားလုပ္ရန္ စည္း႐ုံးခံထားရသူ အမ်ိဳးသမီးငယ္ (၁၁) ဦးကို ကယ္တင္ႏိုင္ခဲ့ၿပီး ၎တို႔အား ဆက္လက္စစ္ေဆးခဲ့ရာ တ႐ုတ္ေယာက်္ားႏွင့္ လက္ထပ္ရန္အတြက္ ဂိုဏ္းဖြဲ႕၍ စည္း႐ုံးေဆာင္႐ြက္ခဲ့သူ ေဒၚနန္းဆိုင္ခမ္း (ခ) မားမားအား ထမ္မံ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ေဒၚနန္းဆိုင္ခမ္း (ခ) မားမားသည္ ယခင္က ေ႐ႊလီၿမိဳ႕ရွိ တ႐ုတ္ႏိုင္ငံသားပိုင္ကုမၸဏီတြင္ တ႐ုတ္ေယာက်္ားယူရန္ အမ်ိဳးသမီးငယ္မ်ားအား ပို႔ေဆာင္ေပးခဲ့သူျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ ယခုအခါတြင္ ခြဲတမ္းမွာနည္းေနသျဖင့္ ၎ကိုယ္တိုင္ တ႐ုတ္မယားျပဳလုပ္မည့္ မိန္းကေလးမ်ား ရွာေဖြရန္ wechat group မွတစ္ ဆင့္ တစ္ဆင့္ခံလူပြဲစား မေမထက္ႏိုင္ဦး (ခ) မထက္၊ ေမာင္ခ်စ္ထူး၊ မၿဖိဳးၿဖိဳးေဝ တို႔ႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္ရန္အတြက္ မႏၲေလးၿမိဳ႕၌ အေျခခ်ေနထိုင္ရန္ ၈၆ လမ္း၊ ကန္ေတာ္ႀကီးပတ္လမ္း အနီးရွိ (၃) ထပ္တိုက္တစ္လုံးႏွင့္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ၆၄ ဒီ လမ္း၊ ၁၁၅ x ၁၁၆ လမ္းၾကား ေနအိမ္တို႔ကို ငွားရမ္းခဲ့ကာ အမ်ိဳးသမီးငယ္မ်ား စုစည္းထိန္းခ်ဳပ္၍ လူကုန္ကူးမႈလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
ႏိုင္ငံအတြင္းရွိ မိန္းကေလးမ်ားအား စည္း႐ုံးရွာေဖြရန္အတြက္ မေမထက္ႏိုင္ဦး (မထက္)၊ ခ်စ္ထူး ႏွင့္ ၎၏ ဇနီးျဖစ္သူ မၿဖိဳးၿဖိဳးေဝတို႔က Online မွ စည္း႐ုံးရွာေဖြစုေဆာင္းၿပီး အထက္ပါငွားရမ္းထားသည့္ ေနအိမ္သို႔ပို႔ေဆာင္ ကာ မဇင္သူခိုင္အား ေစာင့္ၾကည့္ေစျခင္းႏွင့္ စည္း႐ုံးခံရသူ အမ်ိဳးသမီးငယ္မ်ားအတြက္ ႏိုင္ငံကူးလက္မွတ္ႏွင့္ လက္ထပ္ဗီဇာ ျပဳလုပ္ေပးျခင္းတို႔ကို ေဒၚနန္းဆိုင္ခမ္း (ခ) မားမား၏ စီစဥ္ၫႊန္ၾကားမႈျဖင့္ ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
အမ်ိဳးသမီးငယ္မ်ားႏွင့္ လက္ထပ္မည့္ တ႐ုတ္ႏိုင္ငံသား GAO FENGYING (ေကာင္းဖိန္းရင္)၊ တ႐ုတ္ႏိုင္ငံသား LIN JIAN ႏွင့္အတူ တ႐ုတ္ႏိုင္ငံမွ မႏၲေလးၿမိဳ႕သို႔လာေရာက္သည့္ ၎၏မိခင္ LI MANFEN တို႔ကိုလည္း ျမန္မာႏိုင္ငံသို႔ လာေရာက္ရန္အတြက္ ေဒၚနန္းဆိုင္ခမ္း (ခ) မားမားကပင္ စီစဥ္ေဆာင္႐ြက္ေပးခဲ့ေၾကာင္း သိရသည္။
အမ်ိဳးသမီးငယ္မ်ားမွာ မိမိတို႔ဘဝ အလုပ္အကိုင္ရရွိေရးအတြက္ လူမႈကြန္ရက္မ်ားျဖစ္ေသာ Facebook ႏွင့္ TikTok မ်ားမွတစ္ဆင့္ အလုပ္ရွာေဖြရာမွ တ႐ုတ္မယားျပဳလုပ္ရန္ စည္း႐ုံးခံရသူမ်ားျဖစ္ၾကၿပီး ယခင္က နယ္စပ္ေဒသမွ တစ္ဆင့္ ပို႔ေဆာင္ခဲ့ရာမွ ယခုအခါတြင္ ထိုင္းႏိုင္ငံမွတစ္ဆင့္ တ႐ုတ္ႏိုင္ငံသို႔ ပို႔ေဆာင္ေနေၾကာင္း သိရသည္။ ထို႔ေၾကာင့္ မႏၲေလးၿမိဳ႕၌အေျခခ်၍ လူကုန္ကူးမႈဂိုဏ္းဖြဲ႕က်ဴးလြန္ခဲ့သူ ေဒၚနန္းဆိုင္ခမ္း (ခ) မားမား၊ ခ်စ္ထူး၊ မၿဖိဳးၿဖိဳးေဝ၊ တ႐ုတ္ႏိုင္ငံသား GAO FENGYING (ေကာင္းဖိန္းရင္)၊ တ႐ုတ္ႏိုင္ငံသား LIN JIAN ႏွင့္ ၎၏ မိခင္ျဖစ္သူ LI MANFEN တို႔ကို ဖမ္းဆီးရမိခဲ့ၿပီး မေမထက္ႏိုင္ဦး (ခ) မထက္ႏွင့္ မဇင္သူခိုင္တို႔မွာ ထြက္ေျပး တိမ္းေရွာင္ေနဆဲျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ (၈)ဦးအား သက္ဆိုင္ရာ ရဲစခန္းမ်ားျဖစ္သည့္ တံတားဦးၿမိဳ႕နယ္ ေလဆိပ္နယ္ေျမရဲစခန္း (ပ) ၂၃/၂၀၂၄၊ လူကုန္ကူးမႈတားဆီး ႏွိမ္နင္းေရး ဥပေဒပုဒ္မ ၃၈ (က)/၄၄ ျဖင့္လည္းေကာင္း၊ တံတားဦး ၿမိဳ႕နယ္ေလဆိပ္နယ္ေျမ ရဲစခန္း (ပ) ၂၄/၂၀၂၄၊ လူကုန္ကူးမႈတားဆီး ႏွိမ္နင္း ေရးဥပေဒပုဒ္မ ၃၈(က)/၄၄ ျဖင့္လည္းေကာင္း၊ ျပည္ႀကီးတံခြန္ၿမိဳ႕မရဲစခန္း (ပ) ၂၆၀/၂၀၂၄၊ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒပုဒ္မ ၃၈(က)/၄၄ ျဖင့္လည္း ေကာင္း၊ ျပည္ႀကီးတံခြန္ၿမိဳ႕မရဲစခန္း (ပ) ၂၆၁/၂၀၂၄၊ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒပုဒ္မ ၃၈(က)/ ၄၄ ျဖင့္လည္းေကာင္း အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။