(၂၃) ကြိမ်မြောက် နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ မြန်မာရုပ်ရှင်ဇာတ်ကားတွေ ပါဝင်ပြသနိုင်မယ့် အခွင့်အလမ်း

 81

အိဖြူ (NP News) - နိုဝင်ဘာ ၁ဝ

“23nd International Film Festival (IFF) Cyprus Film Day” မှာ မြန်မာရုပ်ရှင်ဇာတ်ကားတွေ ပါဝင်ပြသနိုင်မယ့်အခွင့်အလမ်းတစ်ခုကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နိုင်ငံတကာဆက်ဆံရေး ကော်မတီက ကြေညာထားပါတယ်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နိုင်ငံတကာဆက်ဆံရေးကော်မတီက နိုဝင်ဘာလ (၆) ရက်က ထုတ်ပြန်အသိပေးခဲ့ခြင်းဖြစ်ပြီး အနုပညာရှင်တွေအနေနဲ့ မိမိတို့ဖန်တီးထားတဲ့အနုပညာလက်ရာကို နိုင်ငံတကာစင်မြင့်ထက်မှာ ထုတ်ဖော်ပြသခွင့်ရရှိမှာဖြစ်တာကြောင့် ရုပ်ရှင်ထုတ်လုပ်သူတွေနဲ့ အနုပညာရှင် တချို့ကတော့ စိတ်ဝင်စားလျက်ရှိကြပါတယ်။
23nd International Film Festival (IFF) Cyprus Film Day ကို လာမယ့် (၂၀၂၅) ခုနှစ် ဧပြီလအတွင်း ဆိုက်ပရပ်စ်နိုင်ငံမှာကျင်းပကြမှာဖြစ်ပါတယ်။ ရုပ်ရှင်ထုတ်လုပ်သူတွေ၊ အနုပညာရှင် တွေအနေနဲ့ မိမိတို့ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားက နိုင်ငံတကာအလယ်မှာ ပြသနိုင်တဲ့ အရည်အသွေးမျိုးရှိကြောင်း သက်သေပြနိုင်မယ့် အခွင့်အရေးတစ်ခုပဲဖြစ်ပါတယ်။ ပွဲတော်မှာ (၂၀၂၃) ခုနှစ်၊ (၂၀၂၄)ခုနှစ်၊ (၂၀၂၅)ခုနှစ်အတွင်း ရုံတင်ပြသတဲ့ဇာတ်ကားတွေကို DCP Format နဲ့ ပါဝင်ပြသ နိုင်ခဲ့မှာဖြစ်ပြီး ပါဝင်ပြသမယ့်ဇာတ်ကားတစ်ကားအတွက် ယူရိုငွေ(၂၀) ပေးသွင်းရမှာဖြစ်ပါတယ်။
GLOCAL IMAGES INTERNATIONAL COMPETITON SECTION အတွက် ပေးပို့ရမယ့်ကုန်ကျ စရိတ်နဲ့ အာမခံစရိတ်ကို မိမိတို့အစီအစဉ်နဲ့သာ ကျသင့်ခံရမှာဖြစ်ပါတယ်။ (၂၃)ကြိမ်မြောက် နိုင်ငံ တကာ ရုပ်ရှင်ပွဲတော်မှာ ချီးမြှင့်မယ့်ဆုအမျိုးအစားတွေက Section (A) “ Glocal Images International Competiton Section ” မှာ Best Film Award, Special Jury Award, Best Director Award, Best Cinematography Award အပါအဝင် အကဲဖြတ်ရွေးချယ်ရေးအဖွဲ့မှပေးအပ်မယ့် ဂုဏ်ပြုဆု(၃)ဆုနဲ့ CYPRIOT FILMS COMPETUTION SECTION မှ Best Cypriot Film Award, Best Director Award, Best Performance Award အပါအဝင် ရွေးချယ်ရေးအဖွဲ့မှပေးအပ်မယ့် ဂုဏ်ပြုဆု (၃)ဆုတို့ကို ချီးမြှင့်သွားမှာဖြစ်တယ်လို့သိရပါတယ်။
“23nd International Film Festival (IFF) Cyprus Film Days”မှာ ပါဝင်ပြသလိုသူ အနုပညာ ရှင်တွေ၊ ထုတ်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့ www.filmfreeway.com/cyprusfilmdays မှတစ်ဆင့် (၃၁-၁၂-၂၀၂၄) ရက် နောက်ဆုံးထားကာပေးပို့နိုင်ကြောင်းနဲ့ ပါဝင်ပြသမှုအခြေအနေကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နိုင်ငံတကာဆက်ဆံရေးကော်မတီမှတာဝန်ရှိသူ ဦးချမ်းသာကြည်စိုး ([email protected]/ [email protected])သို့ အကြောင်းကြားဆက်သွယ် နိုင်ပါကြောင်း အသိပေးကြေညာထားတာဖြစ်ပါတယ်။

လက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်း လူမှုအကျိုးပြု ဂုဏ်ပြုဆု ချီးမြှင့်ခံရ

AL-AZHAE ISLAMIN INSTITUTE OF MYANMAR က အလွတ်တန်း မြန်မာ့လက်‌ဝှေ့ချန်ပီယံဆုရှင် ထွန်းထွန်းမင်းကို (၂၀၂၄) ခုနှစ်အတွက် လူမှုအကျိုး ပြုချန်ပီယံဆု ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
လူမှုအကျိုးပြု ဂုဏ်ပြုဆု ချီးမြှင့်ခံရမှုအပေါ် ထွန်းထွန်းမင်းက “ ကျွန်တော် ရေဘေးအတွက် လှူဒါန်းလိုက်တဲ့အပေါ် အခုလိုအသိအမှတ်ပြု ဆုပေးတာပျော်ပါတယ်။ အရမ်းပီတိဖြစ်ပါတယ်။ လက်ဝှေ့အတွက် ချီးမြှင့်ခံရတဲ့ဆုကတော့ တစ်ယောက်တည်းကြိုးစားပြီး ရတာမျိုးပေါ့။ အခုရရှိတဲ့ လူမှုအကျိုးပြုဆုကတော့ လူတွေအများကြီးက အသိအမှတ်ပြုလို့ ချီးမြှင့်ခံရတဲ့ဆုပါ။ တန်ဖိုးအားဖြင့် မများဘူးဆိုပေမယ့် တန်ဖိုးမဖြတ်နိုင်ပါဘူး။ ကျွန်တော့်အတွက် မှတ်တိုင်တစ်ခုလိုဖြစ်ပြီး ဆုယူတဲ့နေ့က မျက်ရည်တောင် ကျမိပါတယ်” လို့ NP News ရဲ့ဆက်သွယ်မေးမြန်းမှုအပေါ်ပြန်လည်ဖြေကြားခဲ့ပါ တယ်။
ထွန်းထွန်းမင်းက ချန်ပီယံခါးပတ် လေလံတင်ရောင်းချမှုကနေရရှိလာတဲ့ ကျပ်သိန်းငါးရာကို မတည်ကာ တခြား အလှူရှင်တွေနဲ့စုပေါင်းပြီး ရေဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းမှုတွေလုပ် ဆောင်ခဲ့ရာ အင်းလေးဒေသပြန်လည်ထူထောင်ရေးအတွက် အလှူငွေ ကျပ်သိန်းတစ်ထောင်ကျော်ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပေးအပ် လှူဒါန်းခဲ့ပါတယ်။ ဒါ့ပြင် တခြားသော ရေဘေးသင့်ပြည်သူတွေ အတွက်လည်း လိုက်လံကူညီလှူဒါန်းပေးမှုတွေ လုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။
“ ကျွန်တော့်အနေနဲ့ ငယ်ငယ်ကတည်းက လူမှုအကျိုးပြုလုပ်ငန်းတွေက ခဏခဏလုပ်ကိုင်ခဲ့ဖူးပါ တယ်။ ငယ်ငယ်က ရွာမှာ ရေအသုံးပြုဖို့အဆင်မပြေတော့ တစ်နေ့ကို ကားအစီး (၂၀)လောက်ကို ကျွန်တော်တို့ တခြားရွာတွေကို ရေသယ်ပို့တာတွေလုပ်ခဲ့ပါတယ်။ လူအားပဲဖြစ်ဖြစ်၊ ငွေအားပဲဖြစ်ဖြစ် ပေါ့။ အခုကတော့ မီဒီယာတွေမှာဖော်ပြလို့သာ လူသိတာပါ။ မလှူလို့မရှိ မရှိလို့မလှူမဖြစ်ရအောင် နောက်လည်း ပိုပြီးကူညီသွားမှာပါ။ လက်ဝှေ့ဆိုရင်လည်း ငယ်ငယ်လေးကတည်းက ကြိုးစားခဲ့တယ်။ ပရဟိတဆိုရင်လည်း ငယ်ငယ်ကတည်းက လုပ်ကိုင်ခဲ့တယ်။ ဒါတွေက ကျွန်တော့်ဘဝအတွက် အများကြီး အထောက်အကူဖြစ်ပါတယ်။ အခုလိုမျိုး လူမှုအကျိုးပြုဆု ချီးမြှင့်ခံလိုက်ရပြီဖြစ်တဲ့အတွက်
နောက်ပိုင်း ဒီထက်ပိုပြီး ပရဟိတအလုပ်တွေကို ပိုလုပ်ဖြစ်ပါလိမ့်မယ်” လို့ ဆိုပါတယ်။

လက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်းက ရာဂိမုန်တိုင်းဒဏ်ကြောင့် မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း (၅၆) မြို့နယ်ထက်မနည်း ရေဘေးအန္တရာယ်ကြုံတွေ့ရချိန်မှာသူ့ရဲ့ လက်ဝှေ့ချန်ပီယံဆု ခါးပတ်ကို လေလံ တင် ရောင်းချကာ ရရှိလာတဲ့ငွေကြေးအားလုံးကို ရေဘေးသင့်ပြည်သူတွေအတွက်လှူဒါန်းခဲ့မှုအပေါ် လူအများက ချီးကျူး အသိအမှတ်ပြုခဲ့ကြတာဖြစ်ပါတယ်။ ထွန်းထွန်းမင်းရဲ့လက်ဝှေ့ချန်ပီယံခါးပတ်ကို အမည်မဖော်လိုသူလုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်းငါးရာပေးကာ ဝယ်ယူခဲ့ပြီး ၎င်းရဲ့ရေဘေးအလှူ အစီအစဉ်အတွက် အားဖြည့်ကူညီပေးခဲ့တာလည်းဖြစ်ပါတယ်။

ခေါင်းဆောင်မင်းသမီးအဖြစ် တွေ့မြင်ရတော့မယ့် အလှမယ် သဲစုညိမ်း
Miss Grand Myanmar 2024 အလှမယ် သဲစုညိမ်းကို ရုပ်ရှင်ထုတ်လုပ်သူ ဘိုဘိုစန်းက အကယ်ဒမီမြင့်မြတ်နဲ့ တွဲဖက်သရုပ်ဆောင်ဖို့ ခေါင်းဆောင်မင်းသမီးအဖြစ်ကမ်းလှမ်းခဲ့ပါတယ်။ အကယ်ဒမီမြင့်မြတ်နဲ့အတူ တွဲဖက်သရုပ်ဆောင်မယ့် ရုပ်ရှင်ဇာတ်ကားရဲ့နာမည်နဲ့ ပါဝင်ကြမယ့် အနုပညာရှင်တွေရဲ့နာမည်ကိုတော့ တရားဝင်ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေမယ့် သူ့အနေနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာဖြစ်ကြောင်း ကတိပြုထားပါတယ်။
အကယ်ဒမီမြင့်မြတ်က အလှမယ်သဲစုညိမ်းကို အလှမယ်ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်ကတည်းက သိရှိ အားပေးခဲ့ပြီး မိသားစုလိုက် သဲစုညိမ်းရဲ့ကြိုးစားမှုကို အသိအမှတ်ပြုအားပေးခဲ့ကြောင်း မီဒီယာတွေ ကနေတစ်ဆင့် ပြောပြဖူးပါတယ်။ အလှမယ် သဲစုညိမ်းအနေနဲ့ Miss Grand International ပြိုင်ပွဲကရရှိ ခဲ့တဲ့ 2nd Runner upဆုကိုလက်ခံရယူလိုစိတ် မရှိကြောင်း တရားဝင်ပြောကြားခဲ့ပြီး အဆိုပါအဖွဲ့အစည်း ဘက်ကလည်း မြန်မာအလှမယ်ကို ချီးမြှင့်ခဲ့တဲ့ 2nd Runner Up ဆုကို ပြန်လည်ရုပ်သိမ်းကြောင်း တရားဝင်ထုတ်ပြန်ခဲ့တာပါ။ တခြား နိုင်ငံကိုယ်စားပြုအလှမယ်ပြိုင်ပွဲများကို လတ်တလော ကာလမှာ တော့ ထပ်မံ ဝင်ရောက်ယှဉ်ပြိုင်ဦးမှာမဟုတ်သေးဘဲ ခဏရပ်နားထားမှာဖြစ်ကြောင်း ဆိုပါတယ်။
သဲစုညိမ်းက Miss Grand International 2024 ပြိုင်ပွဲအပြီး မြန်မာနိုင်ငံသို့ပြန်ရောက်ချိန်ရက်ပိုင်း အတွင်း ဘယ်သူနဲ့မှတွေ့ဆုံခြင်းမရှိ ခေတ္တအနားယူခဲ့ပါတယ်။ ဒါပေမဲ့ရက်ပိုင်းအကြာမှာပဲ ဘောက်ချာ ရုပ်ရှင် ဇာတ်ကားပရီမီယံရှိုးပြသပွဲကို သူရဲ့ဆရာဖြစ်သူ ထူးအံ့လွင်နဲ့အတူတက်ရောက်ခဲ့ပြီး အကယ်ဒမီ မြင့်မြတ်၊ ခင်လှိုင်တို့နဲ့အတူ ခေါင်းဆောင်မင်းသမီးနေရာကနေ တွဲဖက်သရုပ်ဆောင်မယ့် အကြောင်း ထုတ်ဖော်အသိပေးခဲ့ခြင်းဖြစ်ပါတယ်။
လက်ရှိမှာ သဲစုညိမ်းက စိန်နန်းတော်ကြော်ငြာများ၊ EV ကား ကြော်ငြာများ ရိုက်ကူးခြင်း၊ Brand
များစွာက လက်တွဲ အလုပ်လုပ်ကိုင်ဖို့ရှိနေကြောင်း၊ ရုပ်ရှင်ဇာတ်ကားကြီးများရိုက်ကူးဖို့လည်း ကမ်းလှမ်း မှုတွေရရှိထားကြောင်းနဲ့ သရုပ်ဆောင်ပညာပိုင်းကိုလည်း လေ့လာသင်ယူမှုတွေရှိနေကြောင်း အသိပေး ပြောပြထားပါတယ်။

ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကိုတော့ ဒီမှာတင်ရပ်နားခွင့်ပြုပါ။

Related news

© 2021. All rights reserved.