ရေကြီးရေလျှံမှုဒဏ်ကို ခံခဲ့ရသော အင်းလေးဒေသသို့ ခရီးသွားများ ပြန်လည်ဝင်ရောက်လာပြီး တန်ဆောင်တိုင်လပြည့်နေ့တွင် အများဆုံးဖြစ်ခဲ့

 445

ချယ်ရီ (NP News) - နိုဝင်ဘာ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ရေကြီးရေလျှံမှုဒဏ်ကို ခံခဲ့ရသော အင်းလေးဒေသသို့ ခရီးသွားများ ပြန်လည်ဝင်ရောက်လာပြီး တန်ဆောင်တိုင်လပြည့်နေ့တွင် အများဆုံးဖြစ်ခဲ့ကြောင်း အင်းလေးဒေသခံများကို NP News က မေးမြန်းထားချက်များအရ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလမှစတင်၍ ရေကြီးရေလျှံမှုဒဏ်ကို ခံစားခဲ့ရသော အင်းလေးဒေသခံများ၏ စီးပွားရေးအခြေအနေမှာ နလန်ပြန်ထူရန် အခက်အခဲများရှိနေခဲ့ကြောင်း အင်းလေးစက်လှေဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုအခါတွင် ရေများ အနည်းငယ်ပြန်လာကျဆင်းလာ၍ ဘုရားဖူးရာသီကာလအတွင်း အင်းလေးသို့ ခရီးသွားဝင်ရောက်မှုမှာ ပိုမိုများပြားလာရာ တန်ဆောင်တိုင်လပြည့်နေ့တွင် အများဆုံးဖြစ်ခဲ့ကြောင်း အင်းလေးဒေသခံတစ်ဦးက ဆိုသည်။

“အခုတန်ဆောင်တိုင်ကာလမှာ ခရီးသွားဝင်ရောက်မှုက များလာပါတယ်။ ခန့်မှန်းခြေကတော့ တစ်နေ့ကို (၂,၀၀၀) ဝန်းကျင်လောက်ရှိမယ် ထင်ပါတယ်။ (၁၀)လပိုင်းတုန်းကတော့ ခရီသွားကတော့ ရှိပေမယ့် နည်းတာပေါ့နော်။ အရင်တုန်းကလို မများတော့ဘူးပေါ့” ဟု အင်းလေးစက်လှေဝန်ဆောင်မှု လုပ်ကိုင်သူဒေသခံတစ်ဦးက ပြောသည်။

အင်းလေးသို့ ဘုရားဖူးလာရောက်ကြသူများတွင် ရန်ကုန်တိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ခရီးသွားများ အများဆုံးလာရောက်လည်ပတ်ခဲ့ကြကြောင်း သိရသည်။
“လပြည့်နေ့ကဆို တော်တော်များတယ်။ စက်လှေတွေတောင် မကျန်ဘူး ဖြစ်တာဗျ။ ဒီနေ့အထိလည်း တော်တော်ဝင်နေသေးတယ်။ ညောင်ရွှေမြို့ထဲမှာက ကားပါကင်တွေ အများရှိတယ်လေ။ ကျွန်တော်တို့ထားတဲ့ ကားပါကင်တစ်ဝင်းဆို ကားချည်း(၁၀၀)ကျော်လောက် ဆန့်တယ်ဗျ။ အဲဒါ ကားပါကင်ကို ထားစရာနေရာတောင် မရှိဘူး” အင်းလေး စက်အင်းလေးစက်လှေဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ဆိုသည်။

ထို့ပြင် လာမည့်လများတွင်လည်း ယခင်နှစ်များကဲ့သို့ အင်းလေးဒေသကို ခရီးသွားဝင်ရောက်မှုများ ပိုမိုများပြားလာဖွယ်ရှိနိုင်ကြောင်း ဒေသခံများက ခန့်မှန်းထားကြသည်။

Related news

© 2021. All rights reserved.