UFO တွေ့ ရှိမှုအသစ် အစီရင်ခံစာ ရာပေါင်းများစွာကို အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်လက်ခံရရှိ
82
Pika (NP News) - နိုဝင်ဘာ ၁၇
အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်သည် စိတ်ဝင်စားစရာ ကောင်းသောကိစ္စအများအပြား အပါအဝင် UFO တွေ့ရှိမှုအသစ် အစီရင်ခံစာ ရာပေါင်းများစွာကို လက်ခံရရှိခဲ့ကြောင်း အဆိုပါအစီရင်ခံစာများကို စုံစမ်းစစ်ဆေးသည့် ရုံး ဒါရိုက်တာ ဂျွန်ကိုလော့စကီ ၏ ပြောကြားချက်အရ သိရသည်။ သို့သော်လည်း ဂြိုဟ်သားလုပ်ဆောင်မှုဆိုင်ရာ သက်သေအထောက် အထားများကို မတွေ့ရှိရကြောင်း ဂျွန်ကိုလော့စကီ က ပြောကြားခဲ့သည်။
အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူး ရုံး (ODNI) အပြင် အခြားအစိုးရအေဂျင်စီများနှင့် လက်တွဲ ဆောင်ရွက်နေသော ပင်တဂွန်စစ်ဌာနချုပ်သည် (၂၀၂၃) ခုနှစ် မေလမှ (၂၀၂၄) ခုနှစ် ဇွန်လကြားတွင် အစီရင်ခံစာအသစ် (၇၅၇) စောင် အပါအဝင် ယနေ့အထိ အစီရင်ခံစာစုစုပေါင်း (၁၆၅၂) စောင် ကို လက်ခံရရှိခဲ့ကြောင်း အသစ်ထုတ်ပြန် ထားသော နှစ်စဉ်အစီရင်ခံစာအရ သိရသည်။
ထို့ပြင် UFO တွေ့ရှိမှုအများအပြားမှာ အမေရိကန်စစ်အခြေစိုက်စခန်းများနှင့် အမျိုးသားလုံခြုံရေး အဆောက် အအုံများအနီးတွင်ဖြစ်ကြောင်းလည်း သိရသည်။ All-domain Anomaly Resolution Office (AARO) ၏ ဒါရိုက်တာဂျွန်ကိုလော့စကီက “အထူးသဖြင့် အမျိုးသားလုံခြုံရေးနေရာတွေအနီးမှာ အမျိုးအမည်မသိအရာတွေ တွေ့ရှိရ တဲ့ဖြစ်စဉ်တွေနဲ့ပတ်သက်တဲ့အစီရင်ခံစာတွေကို အမေရိကန်အစိုးရက သေချာဂရုစိုက်ပြီး သိပ္ပံနည်းကျ စုံစမ်းစစ်ဆေးမှု တွေ လုပ်ဆောင်ရမယ်” ဟုပြောသည်။
UFO များနှင့်ပတ်သက်သည့်ခေါင်းစဉ်များသည် လူအများအပြား၏ အာရုံစိုက်မှုများကိုရရှိထားပြီး အမေရိကန်အစိုးရက ဂြိုဟ်သားများနှင့်ပတ်သက်သည့်အထောက်အထားများကို ဖုံးကွယ်ထားသည်ဆိုသည့် သီအိုရီများလည်း ထွက်ပေါ်လျက် ရှိသည်။
ဂျွန်ကိုလော့စကီက “AARO ရုံးဟာ ကမ္ဘာ့ ပြင်ပက သတ္တဝါတွေ၊ လှုပ်ရှားမှု ဒါမှမဟုတ် နည်းပညာဆိုင်ရာ အတည်ပြုနိုင်တဲ့အထောက်အထားတွေကို မတွေ့ရှိခဲ့ပါဘူး။ AARO က ဖြေရှင်းတဲ့ကိစ္စတွေ အားလုံးမှာ အဆင့်မြင့် စွမ်းရည်တွေ ဒါမှမဟုတ် အောင်မြင်တဲ့နည်းပညာတွေကို ညွှန်ပြ၊ တွေ့ရှိတာမျိုးတွေလည်း မရှိခဲ့ပါဘူး” ဟု ပြောသည်။