ကားသစ် Brand-new များ အရောင်းအဝယ်အေးနေသော်လည်း သိန်း(၅၀၀)နှင့် သိန်း(၁၀၀၀)ကြားကားများ ပိုရောင်းနေရ

 3197

နာမူ (NP News) - ဇန်နဝါရီ ၂၅

ကားသစ် Brand-new များ အရောင်းအဝယ်အေးနေသော်လည်း သိန်း(၅၀၀)နှင့် သိန်း(၁၀၀၀)ကြားကားများ ပိုရောင်းနေရကြောင်း
မြန်မာ့မော်တော်ယာဥ်ထုတ်လုပ်ရေးနှင့်ဖြန်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း(MAMDA)၏ အထွေထွေအတွင်းရေးမှူး ချုပ် ဦးကျော်စွာထွန်းမြင့်က ပြောသည်။

ဦးကျော်စွာထွန်းမြင့်က ယနေ့ (ဇန်နဝါရီလ ၂၅ရက်)တွင် ဦးဝိစာရလမ်းရှိ Myanmar Culture Valley ၌ ကျင်းပပြုလုပ်ခဲ့သည့် MAMDA ၏ တတိယ အကြိမ်မြောက် ကားအရောင်းပြပွဲတွင် NP News ၏ မေးမြန်းချက်ကို ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါပြပွဲကို မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များ အသင်း (MAMDA) နှင့် မော်တော်ကား လုပ်ငန်းရှင်များ ပူးပေါင်းကာ ကျင်းပခြင်းဖြစ်ကြောင်းလည်း ဦးကျော်စွာထွန်းမြင့်၏ ပြောပြချက်အရ သိရသည်။

လက်ရှိ ကားဈေးကွက်အခြေအနေမှာ အရောင်းအဝယ်အေးနေပြီး သိန်း(၅၀၀)နှင့် (၁၀၀၀)ကြားကားများမှာ အရောင်းအဝယ်ပိုဖြစ်နေကြောင်း သိရသည်။

"ကားဈေးကွက် အေးပါတယ်။ အရောင်းအဝယ်လည်း ပုံမှန်ပါပဲ။ အရမ်းကြီး အရောင်းအဝယ်ဖြစ်တယ်ဆိုတာလည်း မရှိသလောက်ပါပဲ။ အဓိကကတော့ လက်ရှိ ကားဈေးကွက်မှာ ကားအရောင်းအဝယ်ဖြစ်တာတော့ အများသုံးနိုင်တဲ့ ကားမျိုးတွေ အရောင်းအဝယ်ဖြစ်ပါတယ်။ ကားသစ် Brand-new တွေ အရမ်း Luxury မြင့်တဲ့ ကားတွေကတော့ အေးတာပေါ့နော်။ အရောင်းအဝယ်အဖြစ်ဆုံး ဈေးပြောရင်တော့ လက်ရှိဖြစ်နေတာတော့ ၅၀၀ နဲ့ ၁၀၀၀ ကြားကတော့ ပိုမြန်တယ်ပေါ့လေ။ တကယ်လို့ ထောင်ကျော်တန် ထောင်ကျော်လေးမှာ အသစ် Brand-new ဆိုရင်တော့ တစ်ထောင်နဲ့ နှစ်ထောင်ကျော်ကြားထဲမှာပဲ။ အရမ်းဈေးမြင့်သွားရင်တောင် နည်းနည်းလေး မဖြစ်ဘူးလို့ မဆိုလိုဘူး။ အရောင်းဝယ်နည်းသွားတာပေါ့။ ပါးသွားတာပေါ့" ဟု ဦးကျော်စွာထွန်းမြင့်က ပြောသည်။

ထို့ပြင် EV ကားဈေးကွက်နှင့် ICE ကားဈေးကွက်များမှာ တစ်လှည့်စီ ဈေးကွက်ဦးဆောင်ခဲ့ကြရာ လက်ရှိတွင် ဈေးကွက်မျှခြေ (Equilibrium) ဖြစ်သွားပြီ ဖြစ်ကြောင်းလည်း ၎င်းကဆိုထားသည်။

အဆိုပါ ကားအရောင်းပြပွဲတွင် ကုမ္ပဏီပေါင်း (၅၀) ခန့် ပါဝင်ပြီး ကုမ္ပဏီပေါင်း (၂၅) ခုမှ ICE Brand-new ကားများ၊ EV Brand-new ကားများအပြင် Used Car များ ပါဝင်ပြသထားသည်။

Zawgyi Version:
နိုင်ငံတကာဈေးနှုန်း အရှိန်အဟုန်ဖြင့်ကျဆင်းနေခြင်းကြောင့် ပြည်တွင်းဆန်‌စပါးဈေးကွက်တွင် ဝယ်လိုအားကျဆင်းနေ

ယွန်း(NP News)- ဇန်နဝါရီ ၂၅

နိုင်ငံတကာဈေးနှုန်း အရှိန်အဟုန်ဖြင့်ကျဆင်းနေခြင်းကြောင့် ပြည်တွင်းဆန်စပါးဈေးကွက်တွင်လည်း ဝယ်လိုအားကျဆင်းနေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

ဦးရဲမင်းအောင်က ပြီးခဲ့သည့်ရက်ပိုင်းတွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) ၏ နှစ်ပတ်လည်အထွေထွေအစည်းအဝေးနှင့် အထွေထွေညီလာခံ၌ အထက်ပါကဲ့သို့ အသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဆန်စပါးဈေးကွက်အတွင်း၌ ဝယ်လိုအားကျဆင်းမှုဖြစ်ပေါ်နေပြီး ဆန်စပါးလုပ်ငန်းရှင်များအနေဖြင့်လည်း ဝယ်ယူရန်ခက်ခဲနေကြောင်း သိရသည်။

"ဆန်စပါးဈေးကွက်အတွင်းမှာ ဝယ်လိုအားကျဆင်းနေတဲ့အခက်အခဲဖြစ်ပါတယ်။ ဆန်စက်လုပ်ငန်းရှင်တွေအနေနဲ့လည်း ဝယ်ယူဖို့အတွက် အခက်အခဲဖြစ်နေတယ်။ ပြည်ပတင်ပို့ တဲ့ကုမ္ပဏီများအနေနဲ့လည်း အခက်အခဲတွေဖြစ်နေတယ်။ အဓိကက ဘာကြောင့်ဖြစ်တာလဲဆိုတော့ နိုင်ငံတကာဈေးနှုန်းတွေပြုတ်ကျတဲ့ အနေအထားဖြစ်ပါတယ်။ နိုင်ငံတကာဈေးနှုန်းတွေက အင်မတန်မှ ထူးခြားစွာနဲ့ အရှိန်အဟုန်နဲ့ဈေးတွေထိုးကျနေတာတွေ့ရပါတယ်" ဟု ဦးရဲမင်းအောင်က ပြောသည်။

ထိုသို့နိုင်ငံတကာဈေးနှုန်းကျဆင်းမှုသည် ပြည်ပတင်ပို့သည့်ဧည့်မထဆန်များတွင် အဓိကကြုံတွေ့နေရပြီး ကုမ္ပဏီများနှင့် ဆန်စက်များအနေဖြင့် လယ်သမားများထံမှ စပါးများကို ထိန်း၍ဝယ်ယူပေးရန် ဦးရဲမင်းအောင်က အသိပေးထားသည်။

"နိုင်ငံတကာဈေးကွက်ရဲ့ ဈေးနှုန်းအနေအထားတွေကြောင့် ပြည်တွင်းဝယ်လိုအားတွေကျဆင်းပါတယ်။ စပါးဈေးတွေကျတယ်။ စပါးဈေးကျတယ်ဆိုတဲ့နေရာမှာ ဧည့်မထစပါးတွေ ကျတာများပါတယ်။ အထူးဧည့်မထတွေနဲ့ ပေါ်ဆန်းစပါးတွေကတော့ သိသိသာသာကျတဲ့အနေအထားမဟုတ်ပါဘူး။ Export နဲ့ဆက်စပ်တဲ့စပါးတွေ၊ Export နဲ့ ပတ်သက်တဲ့ ဆန်ဈေးတွေ ကျဆင်းမှုကို ကြုံတွေ့နေရပါတယ်။ ကုမ္ပဏီ‌နဲ့စုပေါင်းမယ်၊ ဆန်စက်တွေနဲ့စုပေါင်းမယ်၊ တတ်နိုင်သမျှတောင်သူတွေအဆင်ပြေအောင် အထူးသဖြင့် ဧည့်မထစပါး စိုက်ပျိုးတဲ့တောင်သူတွေအဆင်ပြေအောင် ထိန်းပြီးတော့ ဝယ်ယူပေးဖို့လည်း မေတ္တာရပ်ခံလိုပါတယ်"ဟု ၎င်းကဆက်လက်ပြောသည်။

အဆိုပါဝယ်လိုအားကျဆင်းမှုအပေါ် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် အစိုးရဌာနဆိုင်ရာများက ညှိနှိုင်း၍ ဧည့်မထဆန်များနှင့် ဧည့်မထစပါးများကို သင့်တင့်မျှတသည့် ဈေးနှုန်းတစ်ခုသို့ရောက်ရှိနိုင်ရေးကို ဝိုင်းဝန်းကြိုးပမ်းပြီး နိုင်ငံတကာဈေးကွက်၌ ပိုပြီးရောင်းချနိုင်စေရေး စီမံဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း သိရသည်။။

Related news

© 2021. All rights reserved.