မြဝတီမြို့ကို ထိုင်းနိုင်ငံမှ လျှပ်စစ်ဓါတ်အားဖြတ်တောက်ပြီးနောက် ဒေသခံများ စက်သုံးဆီ တိုးဝှေ့ဝယ်ယူနေ
![](/img/icon_eye.svg)
38
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67a4da9180262c280c6de564/banner-67a4da9180262c280c6de564-x800.jpg)
NP News – ဖေဖော်ဝါရီ ၆
မြန်မာ-ထိုင်းနယ်စပ်ရှိ၊ ကရင်ပြည်နယ်၊ မြဝတီမြို့ကို ထိုင်းနိုင်ငံမှ လျှပ်စစ်ဓါတ်အား ဖြတ်တောက်ပြီးနောက် ဒေသခံများ စက်သုံးဆီတိုးဝှေ့ဝယ်ယူနေကြကြောင်း မြို့ခံများထံမှ သိရသည်။
မြန်မာ-ထိုင်းနယ်စပ်ရှိ၊ မြဝတီမြို့၊ ရွှေကုက္ကိုမြို့သစ်နှင့် KK Park၊ ဘုရားသုံးဆူမြို့နှင့် တာချီလိတ်မြို့များသို့ ထိုင်းနိုင်ငံမှပေးပို့နေသော လျှပ်စစ်ဓာတ်အားကိုဖြတ်တောက်ရန် ထိုင်းအစိုးရမှ PEA (ပြည်နယ်လျှပ်စစ် အာဏာပိုင်) ကို ပြီးခဲ့သည့်ရက်ပိုင်းက အမိန့်ပေးခဲ့ ပြီးနောက် ယင်းဒေသများတွင် ယမန်နေ့ (ဖေဖော်ဝါရီလ ၅ ရက်) နံနက်ပိုင်းမှစတင်ကာ လျှပ်စစ်မီးပြတ်တောက်သွားခဲ့ကြောင်း သိရသည်။
“ထိုင်းနိုင်ငံဘက်က မီးရယ်၊ လောင်စာဆီရယ်ဖြတ်တာ။ အခက်အခဲကတော့ ဆီတွေဝယ်ဖို့ တန်းစီရတယ်။ တိုးရ တယ်။ အဲဒါမျိုးလေးတွေတော့ရှိတာပေါ့။ ဆီတွေလည်း အကန့်အသတ်နဲ့ပဲ ရောင်းပေးတယ်။ ဆိုင်အကုန်လုံးတော့ မရောင်းဘူး။ ပိတ်ထားတဲ့ဆိုင်တွေလည်း ပိတ်ထားတာပေါ့။ ဖွင့်ပြီး မျှမျှတတ ရောင်းတဲ့ဆိုင်တွေလည်း ရောင်းကြ တာပေါ့။ ဆီဆိုင်တွေကတော့ အများကြီးရှိတယ်။ မီးဖျက်ထားတာတော့ ကိစ္စမရှိပါဘူး။ မြို့ထဲက လူတွေက ဆိုလာ တွေ သုံးကြတာများတယ်လေ” ဟု ဒေသခံတစ်ဦးက NP News ကို ပြောသည်။
လက်ရှိတွင် မြဝတီမြို့ရှိ စက်သုံးဆီဆိုင်များအနေဖြင့် ဆိုင်ကယ်တစ်စီးလျှင် (၁)သောင်းကျပ်ဖိုး၊ ကားတစ်စီးလျှင် (၃)သောင်းကျပ်ဖိုးနှုန်းဖြင့် ကန့်သတ်ရောင်းချပေးနေလျက်ရှိကြောင်းလည်း သိရသည်။
“မီးဖြတ်လိုက်တော့ အောက်ဆီဂျင်စက်ရုံတွေ တော့ နည်းနည်း အခက်အခဲရှိတာပေါ့။ လောင်စာဆီ အကုန်လုံးကို ဖြတ်တာဆိုတော့ အောက်ဆီဂျင်တွေလည်း ပြတ်တာပေါ့။ နည်းနည်းတော့ ဒုက္ခရောက်တာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။
ကျားဖျန့်လုပ်ငန်းများလုပ်ငန်းများကို နှိမ်နင်းရန်အတွက်ရည်ရွယ်၍ မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်ရှိ ကရင် ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုလ်၊ KK Park၊ ဘုရားသုံးဆူမြို့တို့အပါအဝင် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တို့ကို ထိုင်းအစိုးရဖက်မှ လျှပ်စစ်မီးဖြတ်တောက်ပြီးနောက် ယင်းဒေသများတွင် စက်သုံးဆီတန်းဆီ ဝယ်ယူခြင်းများဖြစ် ပေါ် ခဲ့ကြောင်း သိရသည်။