ထိုင်းတော်ဝင် ကြည်းတပ်မှ အထူးတပ်ဖွဲ့ဝင်(၅၅)ဦး မြန်မာနိုင်ငံသို့ ယနေ့ရောက်ရှိ

10404

ယွန်း (NP News) - မတ် ၃၀
ငလျင်ဘေးဒဏ်သင့် ပြည်သူများအား ကူညီကယ်ဆယ်ရန် ထိုင်းတော်ဝင်ကြည်းတပ်မှ အထူးတပ်ဖွဲ့ဝင်(၅၅)ဦး မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ အထူးတပ်ဖွဲ့ဝင်(၅၅)ဦးကို ယနေ့(မတ်လ ၃၀ ရက်)တွင် ထိုင်းအစိုးရမှ မြန်မာနိုင်ငံသို့ အထူးလေယာဥ်ဖြင့်စေလွှတ်ခဲ့ကြောင်း သိရသည်။
၎င်းတို့သည် ငလျင်ဘေးဒဏ်ကြောင့် မြန်မာနိုင်ငံတွင်ကြုံတွေ့နေရမှုများကို ကူညီပေးသွားမည်ဖြစ်ကာ နေပြည်တော်နှင့် မန္တလေးတိုင်းတို့တွင်ရောက်ရှိနေသည့် ထိုင်းလူမျိုးများကိုလည်း ကူညီကယ်ဆယ်မှုများပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအထူးတပ်ဖွဲ့ထဲတွင် စီမံခန့်ခွဲရေးအဖွဲ့ ၊တပ်မတော်သားများ ပါဝင်သောအဖွဲ့၊ ရှာဖွေရေး နှင့်ကယ်ဆယ်ရေးအဖွဲ့၊ အရေးပေါ်ကူညီနိုင်ရန် ဆေးအဖွဲ့၊ ပျက်စီးဆုံးရှုံးမှုများအား စစ်ဆေးရေးအဖွဲ့ နှင့် ဆက်သွယ်ရေးအဖွဲ့ အစရှိသည်တို့ ပါဝင်ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှလည်း ထိုင်းစစ်သံမှူး၊ ပထမအတွင်းဝန်၊ ဒုတိယအတွင်းဝန်နှင့် သံရုံးဝန်ထမ်းများပူးပေါင်း ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုအပ်သည့်အထောက်အပံ့များကို အစွမ်းကုန်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မတ်လ(၂၈)ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် စုစုပေါင်း သေဆုံးသူအရေ အတွက် (၁၆၄၄) ဦးနှင့် ဒဏ်ရာရသူ (၃၄၀၈) ဦးအထိ ရှိလာပြီး (၁၃၉) ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က မတ်လ (၂၉) ရက် ညပိုင်းက သတင်းထုတ်ပြန်ထားသည်။