ရုရှား နှင့် ယူကရိန်းနိုင်ငံတို့သည် လာမည့်ရက်ပိုင်းအတွင်း ငြိမ်းချမ်းရေးသဘောတူညီမှုရဖွယ်ရှိနေကြောင်း အမေရိကန်သမ္မတ မျှော်လင့်

109

ဂျန်ဇက် (NP News) - ဧပြီ ၂၁
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ရုရှား နှင့် ယူကရိန်းနိုင်ငံတို့သည် လာမည့်ရက်ပိုင်းအတွင်း ငြိမ်းချမ်းရေးသဘောတူညီမှုရဖွယ်ရှိနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
အမေရိကန်သမ္မတက "ရုရှားနဲ့ ယူကရိန်းဟာ ဒီသီတင်းပတ်အတွင်း ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးနိုင် မလားဆိုတာ မျှော်လင့်နေပါတယ်။ နှစ်နိုင်ငံစလုံးဟာ စစ်ဖြစ်မယ့်အစား အမေရိကန် နဲ့ ကြီးမားတဲ့ကုန်သွယ်ရေး လုပ်ဆောင်ဖို့ စတင်သင့်တယ်" ဟု ပြောသည်။
ရုရှားသမ္မတပူတင်သည် အီစတာပွဲတော်အထိမ်းအမှတ်အဖြစ် ယူကရိန်းနိုင်ငံအပေါ် ထိုးစစ်ဆင်တိုက်ခိုက်ခြင်း များကို ယာယီရပ်စဲသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ရုရှားသည် ယူကရိန်းအပေါ် ယာယီအပစ်ခတ်ရပ်စဲ ထားခဲ့သော်လည်း ယူကရိန်းက ချိုးဖောက်မှုများရှိခဲ့ပြီး အီစတာပွဲတော် အပစ်ခတ်ရပ်စဲထားချိန်အတွင်း အမြှောက်များ၊ ဒရုန်းများနှင့် အကြိမ်ပေါင်း ၁၃၀၀ ကျော် တိုက်ခိုက်ခဲ့ကြောင်း ရုရှားစစ်ဘက်က ပြောသည်။
ရုရှား နှင့် ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေသည့်စစ်ပွဲက သုံးနှစ်ကျော်လာခဲ့ပြီး လက်ရှိအချိန်အထိ အပစ်ခတ် ရပ်စဲရေး ရယူနိုင်ခြင်း မရှိသေးဘဲ အမေရိကန်နိုင်ငံက ကြားဝင်စေ့စပ်ဆွေးနွေးနေကြောင်း သိရသည်။ အမေရိကန် ၏ ကြားဝင်စေ့စပ်မှုကြောင့် ယူကရိန်းနှင့် ရုရှားသည် မတ်လအတွင်း စွမ်းအင်အဆောက်အဦးများကို ရက်ပေါင်း ၃၀ ကြာတိုက်ခိုက်ခြင်းမလုပ်ဆောင်မည့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုရရှိခဲ့သော်လည်း ချိုးဖောက်မှုများရှိခဲ့သည်ဟု အပြန်အလှန်စွပ်စွဲမှုများရှိခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက "ဆွေးနွေးပွဲများ ပြိုပျက်သွားပါက အမေရိကန်ရဲ့ ငြိမ်းချမ်းရေး အစပျိုးမှုကို ရပ်ဆိုင်းနိုင်တယ်။ အခုရက်ပိုင်းအတွင်းမှာပဲ ငြိမ်းချမ်းရေးဆွေးနွေးမှုနဲ့ သဘောတူညီမှုတွေကေို လုပ်နိုင်မလားဆို တာ အဖြေရှာဖို့ လိုပါတယ်” ဟု ပြောသည်။