(၂၀၂၅ - ၂၀၂၆) ဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၄)ရဲ့ ပွဲကြိုသုံးသပ်ချက်နဲ့ အလားအလာ

384

ရဲထက် (NP News) - စက်တင်ဘာ ၁၂
၂၀၂၅ - ၂၀၂၆ ပရီးမီးယားလိဂ် ပွဲစဉ်(၄)ကို ရောက်ရှိလာချိန်မှာ လက်ရှိချန်ပီယံ လီဗာပူးလ် အသင်းက ပွဲစဉ်(၃) ပြီးဆုံးချိန်မှာ (၃)ပွဲလုံးကို အနိုင်ရထားပြီး ရမှတ် (၉)မှတ်နဲ့အတူ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ရှုံးပွဲမရှိ သေးတာလည်းဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းကတော့ လီဗာပူးလ်အသင်းနဲ့ ရမှတ် (၂)မှတ်အကွာနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး ရှုံးပွဲမရှိသေးတဲ့အနေအထားမှာ လီဗာပူးလ်အသင်းကို အနီးကပ်ဖိအားပေးနေပါတယ်။ အာဆင်နယ်၊ မန်ယူ၊ မန်စီးတီးနဲ့ စပါးစ်အသင်းတွေကတော့ ရှုံးပွဲအသီးသီးတွေ့ကြုံထားပြီး အမှတ်ပေးဇယားမှာ အမှတ်သိပ် မကွာတဲ့ အနေအထားမှာရှိနေပါတယ်။ ဒါ့ပြင် ပရီးမီးယားလိဂ်ပွဲစဉ်(၃) ပွဲပြီးဆုံးသွားချိန်မှာ (၁၇)သင်း ရှုံးပွဲတွေ့ကြုံထားပြီး အသင်း(၃)သင်းကသာ ရှုံးပွဲမရှိသေးတာကိုတွေ့ရပါတယ်။ နိုင်ငံတကာပွဲစဉ်တွေပြီးဆုံးသွားချိန်မှာ ပြန်လည်ယှဉ်ပြိုင်ကြ မယ့် ပွဲစဉ်တွေဖြစ်တာကြောင့်လည်း အနည်းငယ် ဒဏ်ရာ ရရှိထားတဲ့ ကစားသမားတွေ ပြန်လည်ပါဝင်လာမှာဖြစ်ပြီး စောင့်ကြည့်ချင်စရာကောင်းတဲ့ ပွဲကောင်း တွေလည်းရှိနေပါတယ်။ ဒါကြောင့် NP News ဂျာနယ်ကနေ ပရီးမီးယား လိဂ်ပွဲစဉ်(၄)ရဲ့ ဖြစ်လာနိုင် တဲ့အလားအလာတွေနဲ့ ပွဲကြိုသုံးသပ်ချက်တွေကို ဖော်ပြပေးချင်ပါတယ်။
မန်စီးတီး Vs မန်ယူ
ပရီးမီးယားလိဂ်နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
မန်ယူ ၂ - ၄ မန်စီးတီး (၆ - ၄ -၂၀၂၅)
မန်စီးတီး ၁ - ၂ မန်ယူ (၁၅-၁၂-၂၀၂၄)
မန်စီးတီး ၄ - ဝ မန်ယူ (၃-၃-၂၀၂၄)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
မန်စီးတီး ၂ - ၁ မန်ယူ
မန်စီးတီး ၃ - ၂ မန်ယူ
မန်စီးတီးအသင်းက ပရီးမီးယားလိဂ်ပွဲစဉ် (၃)ပွဲကစားပြီးချိန်မှာ (၂)ပွဲ ရှုံးနိမ့်ထားတဲ့အသင်းဖြစ်ပြီး နည်းပြ ဂွာဒီယိုလာနဲ့ မန်စီးတီးကစားသမား တွေကြားမှာ လိုအပ်ချက်များစွာရှိနေပြီလို့ ပြောလို့ရ နေပြီပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီရာသီမှာတော့ မန်စီးတီး အသင်းရဲ့ ခြေစွမ်းဟာ ရိုဒရီပြန်လည် ပါဝင်လာနိုင်ခဲ့ ပေမယ့်လည်း ကစားပုံက သိသိသာသာ တိုးတက်လာ တာကို မတွေ့ရသေးတာဖြစ်ပါတယ်။ ရာသီအဖွင့် ပွဲစဉ်မှာ ဝုဗ်အသင်းကို (၄)ဂိုးပြတ်နဲ့ နိုင်ခဲ့တာကြောင့် အဖွင့်လှခဲ့ပေမယ့် ဝုဗ်အသင်းက ကစားသမား ကောင်းတွေ ဆုံးရှုံးထားတဲ့အသင်းဖြစ်သလို ရုန်းကန် နေရတဲ့ ကာလဖြစ် တာကြောင့် မန်စီးတီးအသင်းနိုင် ပွဲရခဲ့တာဖြစ်ပါတယ်။ ပွဲစဉ်(၂)မှာ စပါးစ်အသင်းနဲ့ တွေ့ဆုံချိန်မှာတော့ မန်စီးတီး အသင်းနဲ့နည်းပြ ဂွာဒီယိုလာတို့ရဲ့ ဘောလုံးပိုင်ဆိုင်မှုနဲ့ ကွင်းလယ်ပိုင်း စိုးမိုးမှုတွေအပြင် ကစားသမားတစ် ယောက်ချင်း စီက အရည်အချင်းတွေကိုပါ မမြင်ရတော့ဘဲ စပါးစ် အသင်းရဲ့ တိုက်စစ်ကိုသာ လိုက်လံကာကွယ်နေခဲ့ ရတာကိုတွေ့ရပြီး ရှုံးပွဲတွေ့ကြုံသွားခဲ့ပါတယ်။ ဒါ့ပြင် ပွဲစဉ်(၃)မှာလည်း ဘရိုက်တန်အသင်းကို အဝေးကွင်းမှာ ရှုံးနိမ့်ထား တာကိုတွေ့ရပါတယ်။ မန်စီးတီး အသင်းရဲ့ အဓိကကျဆင်းသွားတဲ့အချက်ဟာ ကွင်းလယ်နဲ့တိုက်စစ်ပိုင်းထက် ခံစစ်ပိုင်းနဲ့ ဂိုးသမား နေရာက လိုအပ်ချက်တွေ ပိုများလာတာကို တွေ့ရပြီး အမှားများလာတာကိုလည်းတွေ့ရပါတယ်။ မန်ယူ အသင်းကလည်း မန်စီးတီးအသင်းလိုပဲ ကစားသမားတွေနဲ့ နည်းပြ အမ်မိုရင်ကြားမှာ ကစားကွက် အရလို အပ်ချက်တွေအပြင် မန်ယူအသင်းရဲ့ကစား သမားတွေကိုယ်တိုင်ရဲ့ စွမ်းဆောင်ရည်တွေကျဆင်း နေတာကိုတွေ့ရ ပါတယ်။ ပိုဆိုးတဲ့အချက်က ကာရာ ဘောင်းဖလားပြိုင်ပွဲကနေ စောစောစီးစီးထွက်ခဲ့ရခြင်း ဖြစ်သလို ပရီးမီးယား လိဂ်ပွဲစဉ်(၃)ပွဲမှာ (၁)ပွဲသာအနိုင်ရရှိထားတာကိုတွေ့ရပါတယ်။ နည်းပြ အမ်မိုရင် အနေနဲ့လည်း ဒီရလဒ်နဲ့ ခြေစွမ်းတွေ အတိုင်းသာ ဆက်သွားရင် မန်ယူအသင်းရဲ့ နည်းပြနေရာမှာ မြဲပါ့မလားဆိုတဲ့ မေးခွန်းလည်းရှိနေသလို တစ်ဖက် မှာလည်း မန်ယူအသင်းရဲ့ကစားသမားတွေ အပေါ်မှာ လည်း မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ ဒါကြောင့် ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုက နှစ်သင်းလုံးအတွက် အရေးကြီးတဲ့ပွဲစဉ်ဖြစ်ပြီး မန်းတီးအသင်း ကလည်း ရမှတ်တွေ လိုအပ်နေသလို မန်ယူအသင်းကလည်း ရမှတ်လိုအပ်နေတဲ့အနေအထားမှာ အကြိတ်အနယ်ရှိတဲ့ မန်ချက်စတာဒါဘီ ပွဲကောင်းတစ်ပွဲဖြစ် လာဖို့ရှိနေပါတယ်။ ရလဒ်ပိုင်းအနေနဲ့ကတော့ မန်စီးတီးအသင်းက အိမ်းကွင်းဖြစ်တာကြောင့် အနည်းငယ် အသာစီးရယူမှာဖြစ်ပြီး အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေကျသွားနိုင်သလို နိုင်ပွဲအနေနဲ့ကတော့ မန်စီးတီး အသင်းက (၁)ဂိုးလောက်အသာနဲ့သာ ကပ်နိုင်ပါလိမ့်မယ်။
အာဆင်နယ် Vs နော်တင်ဖောရက်စ်
ပရီးမီးယားလိဂ်နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ဖောရက်စ် ဝ - ဝ အာဆင်နယ် (၂၇ - ၂ -၂၀၂၅)
အာဆင်နယ် ၃ - ဝ ဖောရက်စ် (၂၃-၁၁-၂၀၂၄)
ဖောရက်စ် ၁ - ၂ အာဆင်နယ် (၃၁-၁-၂၀၂၄)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
အာဆင်နယ် ၂ - ၂ ဖောရက်စ်
အာဆင်နယ် ၃- ၂ ဖောရက်စ်
အာဆင်နယ်အသင်းက ပရီးမီးယားလိဂ် ပွဲစဉ်(၃)မှာ လီဗာပူးလ်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် အမှတ်ပေး ဇယားမှာ ရမှတ်(၆)သာ ရရှိထားပြီး လီဗာပူးလ်အသင်းနဲ့ရမှတ်(၃)မှတ်ကွာဟနေသလို ချဲလ်ဆီးအသင်းနဲ့ ရမှတ်(၁) မှတ်ကွာဟနေပါတယ်။ ဒါကြောင့် ဒီပွဲစဉ်မှာ အာဆင်နယ်အသင်းအနေနဲ့ မဖြစ်မနေ နိုင်ပွဲရဖို့လိုအပ်နေတဲ့ အနေ အထားဖြစ်ပြီး အိမ်ကွင်းမှာ အနိုင်(၃)မှတ်ကို သေချာပေါက်ရယူ ထားနိုင်မှသာ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အသင်း အဖြစ် ဆက်လက်ရပ်တည်နေနိုင်မှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ ကစားပုံဟာ ဒီရာသီမှာ လူအင်အားဖြည့် တင်းမှုတွေနဲ့အတူ အကောင်းဆုံး အနေအထား တစ်ခုမှာရှိနေပြီလို့ ပြောလို့ရနေပါတယ်။ ဘာဖြစ်လို့လဲဆိုရင် လီဗာပူးလ် အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့ ကစားပုံကောင်းမွန်ခဲ့တာကိုတွေ့ရပြီး ပထမပိုင်းတစ်ပိုင်းလုံး လီဗာပူးလ် အသင်းဘက်ကို အသားစီးရယူပြီး သွင်းဂိုးတွေနဲ့ လည်း နီးစပ်ခဲ့တဲ့ အနေအထားမျိုးတွေရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ မထင်မှတ်ထားလောက်တဲ့ ဖရီးကစ် တစ်ခုကြောင့်သာ လီဗာပူးလ်အသင်းကို အရှုံးပေးခဲ့ရတာဖြစ်ပြီး တစ်ပွဲလုံး အနေအထားအရကြည့်ရင် အာဆင်နယ်အသင်းက ပိုကောင်းတဲ့အသင်းတစ် သင်းဖြစ်ခဲ့တာကိုတွေ့ရပါတယ်။ အာဆင် နယ်အသင်းမှာ ကွင်းလယ်ပိုင်းနဲ့တိုက်စစ်ပိုင်းအပြင် ခံစစ်မှာ အကောင်းဆုံးလူစားတစ်ရပ်ကို ပြိုင်ဆိုင်ထား တာကြောင့်လည်း ဘယ်အသင်းကိုမဆို အနိုင်ယူ ကျော်ဖြတ်နိုင်လောက်တဲ့ အနေအထားတစ်ရပ်မှာရှိ နေပါတယ်။ ဒါပေမဲ့ ခံစစ်ပိုင်းမှာ ဆလီဘာ ဒဏ်ရာရရှိခဲ့တာကြောင့် အသင်းရဲ့ ခံစစ်ပိုင်းမှာ အားနည်း သွားနိုင်တာကြောင့် နော်တင် ဖောရက်စ်နဲ့ ပွဲစဉ်ဟာ အာဆင်နယ်အသင်းအတွက် ခက်ခဲလာနိုင်ဖို့ရှိနေပါတယ်။ နော်တင်ဖောရက်စ်အသင်းကတော့ လူငယ် ခြေတက်ကစားသမားအများစုနဲ့ ဖွဲ့စည်းထားတဲ့အသင်းဖြစ်တာကြောင့် တစ်ပွဲလုံးကို မမောတမ်းကစား နိုင်တဲ့အပြင် တန်ပြန်တိုက်စစ်ကနေပါ သွင်းဂိုးရယူ နိုင်တာကြောင့် အာဆင်နယ်အသင်းကို အကောင်းဆုံး စိန်ခေါ် လာနိုင်မယ့်အသင်းဖြစ်ပါတယ်။ ဒါ့ပြင် အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ နော်တင်ဖောရက်စ်အသင်းကို အိမ်ကွင်းရောအဝေးကွင်းမှာပါ မရှုံးခဲ့တာကြောင့် နော်တင်ဖောရက်စ်နဲ့တွေ့တိုင်း ခြေစွမ်းကောင်းတတ်ပါတယ်။ ဒါ ကြောင့် ဒီပွဲစဉ်က အာဆင်နယ်အသင်းအတွက် နိုင်ပွဲရဖို့ ခက်ခဲနေပေမယ့် အိမ်ကွင်းအမ်းမရိတ်မှာဖြစ်တဲ့အတွက် အာဆင်နယ်အသင်းကပဲ (၁)ဂိုးလောက် အကွာနဲ့နိုင် ပါမယ်။ အပြန်အလှန်သွင်းဂိုးတွေကိုတော့ မြင်တွေ့ ရဖို့မရှိ နိုင်ပါဘူး။
ဘန်လေ Vs လီဗာပူးလ်
ပရီးမီးယားလိဂ်နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
လီဗာပူးလ် ၃ - ၁ ဘန်လေ (၁၀ - ၂ -၂၀၂၄)
ဘန်လေ ဝ - ၂ လီဗာပူးလ် (၂၇-၁၂-၂၀၂၄)
ဘန်လေ ၁ - ၂ လီဗာပူးလ် (၁၃-၂-၂၀၂၂)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ဘန်လေ ဝ - ၂ လီဗာပူးလ်
ဘန်လေ ဝ - ၃ လီဗာပူးလ်
လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်သလို ဒီရာသီမှာ ချန်ပီယံဆုကို ကာကွယ် နိုင်ဖို့ အကောင်းဆုံးသော စတင်မှုတွေကို လုပ်ဆောင်နေခဲ့ပြီဖြစ်ပါတယ်။ အဲဒါက ဘာလဲဆိုရင် ဒီရာသီမှာ လီဗာပူးလ် အသင်းရဲ့ ကစား သမားခေါ်ယူမှုတွေအတွက် ငွေကြေးသုံးစွဲမှုတွေဟာ အသင်းရဲ့သမိုင်းတစ်လျှောက် အများဆုံးငွေကြေး သုံးစွဲမှုဖြစ်ခဲ့တာကြောင့်ပါ။ လက်ရှိမှာလည်း ဗြိတိန်စံတင်ချိန်ပြောင်းရွှေ့ကြေးအများဆုံးနဲ့ နယူးကာဆယ် အသင်းက တိုက်စစ်မှူး အလက်ဇန်းဒါး အီဆက်ကိုခေါ်ယူပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်မှာလည်း အများဆုံး ပြောင်းရွှေ့ ကြေးကို ပေးခေါ်ခဲ့တာ လည်းဖြစ်ပါတယ်။ ဒါကြောင့် လီဗာပူးလ်အသင်းဟာ ဗြိတိန်သမိုင်းတစ်လျှောက် စံချိန်တင် ပြောင်းရွှေ့ကြေးကို ကော်တင်ဟို ၊ တောရက်စ်တို့နဲ့ အမြင့်ဆုံးရရှိခဲ့တဲ့အသင်းဖြစ်တဲ့အပြင် ဗြိတိန်စံချိန်တင်ပြောင်း ရွှေ့ကြေးအများဆုံးပေးခဲ့တဲ့အသင်းအဖြစ်လည်း အီဆက်ကိုခေါ်ယူရာမှာ စံချိန်တင်နိုင်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လီဗာပူးလ်အသင်းရဲ့ လူစာရင်းက တော့ ပြိုင်ဘက်အသင်းတွေအတွက် ထိတ်လန့်စရာ ဖြစ်ပြီး အီဆက်ပါဝင်လာခဲ့ရင် လီဗာပူးလ်အသင်းရဲ့တိုက်စစ်ပိုင်းက ပိုအားကောင်းလာဖို့ရှိနေသလို သွင်း ဂိုးတွေအတွက်လည်း စိတ်ပူစရာမလိုတော့တဲ့ အနေ အထားမျိုးဖြစ်ပါတယ်။ ဒါကြောင့် ဘန်လေ အသင်းကို အဝေးကွင်းမှာ သွားကန်ရမှာဖြစ်ပေမယ့် နှစ်သင်း ကြားမှာ ကွာဟချက်များလွန်းတာကြောင့် လီဗာပူးလ် အသင်းအတွက် ဒီပွဲစဉ်က နောက်ထပ်အနိုင်(၃)မှတ်ကို ရယူသွားနိုင်မယ့် ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။ အနည်းဆုံး (၂)ဂိုးပြတ်ပါမယ်။
ဘရန်းဖို့ဒ် Vs ချဲလ်ဆီး
ပရီးမီးယားလိဂ်နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ဘရန်းဖို့ဒ် ဝ - ဝ ချဲလ်ဆီး (၆ - ၄ -၂၀၂၅)
ချဲလ်ဆီး ၂ - ၁ ဘရန်းဖို့ဒ် (၁၆-၁၂-၂၀၂၄)
ဘရန်းဖို့ဒ် ၂ - ၂ ချဲလ်ဆီး (၂-၃-၂၀၂၄)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ဘရန်းဖို့ဒ် ၂ - ၃ ချဲလ်ဆီး
ဘရန်းဖို့ဒ် ၁ - ၂ ချဲလ်ဆီး
ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ရမှတ်(၇)မှတ်နဲ့ အဆင့်(၂)နေရာမှာရပ်တည် နေပေမယ့် ခြေစွမ်းပိုင်းအရ ကြည့်ရင် အားရစရာမကောင်းသေးတဲ့အပြင် လီဗာပူးလ်၊ အာဆင်နယ်တို့နဲ့ယှဉ်ကြည့်ရင် လည်း လိုအပ်ချက် တွေရှိနေသေးတာကို မြင်တွေ့ရပါတယ်။ အထူးသဖြင့် ကစားပွဲထဲမှာ ကစားကွက်တည်ဖို့ အထလေး တတ်တဲ့အသင်းဖြစ်ပြီး ချိတ်ဆက်ကစားမှုတွေမှာ လည်း အနည်းငယ်အထိုင်မကျသေးတဲ့ ပုံစံမျိုးတွေကို မြင်တွေ့ ရပါတယ်။ ဒါ့ပြင် ပရီးမီးယားလိဂ်ပွဲစဉ်(၃)ပွဲကစားပြီးချိန်မှာ ချဲလ်ဆီးအသင်းဟာ အသင်းကြီးတွေနဲ့ ထိပ်တိုက် တွေ့ဆုံမှုမရှိခဲ့တာကြောင့် တခြားသောအသင်းတွေထက် ရလဒ်ပိုကောင်းနေတာမျိုး ဖြစ်ပါတယ်။ ဖူဟမ်နဲ့လန်ဒန်ဒါဘီ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃)မှာဆိုရင်လည်း ကိုးလ်ပါးမား မပါဝင်လာနိုင်သည့်တိုင်အောင် နိုင်ပွဲ တစ်ပွဲကို ခြေစွမ်းပိုင်းမကောင်းပေမယ့် ရလဒ်ပိုင်း မှာတော့ နိုင်ပွဲတစ်ပွဲရရှိအောင် စွမ်းဆောင်သွားနိုင်ခဲ့ ပါတယ်။ နောက်ထပ်တစ်ချက်က ချဲလ်ဆီးအသင်းဟာ ဒီပွဲစဉ်ကို မဖြစ်မနေ နိုင်ပွဲရအောင်ကစားပြီး ရမှတ် (၃)မှတ် ရယူနိုင်ဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် နောက်ထပ် ရင်ဆိုင်ရမယ့်အသင်းဟာ မန်ယူအသင်း ဖြစ်နေတာကြောင့် ဒီပွဲစဉ်ကို အနိုင်ရမှသာ မန်ယူ အသင်းနဲ့ ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နိုင်မယ့် အခြေအနေမျိုးဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲစဉ်ကို ခန့်မှန်းရရင် ချဲလ်ဆီးအသင်းက အဝေးကွင်းမှာ နိုင်ပွဲရဖို့ ရုန်းကန်လာရနိုင်ပြီး အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေကျသွား နိုင်သလို နိုင်ပွဲအနေနဲ့ဆိုရင်တော့ ချဲလ် ဆီးအသင်းက (၁)ဂိုးအကွာနဲ့သာ နိုင်ပွဲရယူနိုင်ပါမယ်။
၁၃-၉-၂၀၂၅ (စနေနေ့ညပိုင်း)
ည(၆းဝဝ) အာဆင်နယ် Vs နော်တင်ဖောရက်စ်
၁၄-၉-၂၀၂၅ (တနင်္ဂနွေနေ့နံနက်ပိုင်း)
နံနက်(၁း၃၀) ဘရန်းဖို့ဒ် Vs ချဲလ်ဆီး
ည(၆းဝဝ) ဘန်လေ Vs လီဗာပူးလ်
ည(၆းဝဝ) မန်စီးတီး Vs မန်ယူ