၂၀၂၆ အမျိုးသမီး U-17 အာရှဖလားခြေစစ်အောင်မြင်ရန် ကြိုးစားရမည်ဟု မြန်မာ U-17 နည်းပြပြော

304

သန့်ဇင်(NP News)-အောက်တိုဘာ ၁၂
၂၀၂၆ အမျိုးသမီး U-17 အာရှဖလားခြေစစ်အောင်မြင်ရန် ကြိုးစားရမည်ဖြစ်ကြောင်း မြန်မာလက်ရွေးစင် U-17နည်းပြ Kumiko Tashiro က ပြောကြားခဲ့ကြောင်း သိရသည်။
ယနေ့(အောက်တိုဘာ ၁၂ ရက်) မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း Press Conference Roomတွင် ပြုလုပ်ခဲ့သော မြန်မာ၊ အင်ဒိုနီးရှားနှင့် မကာအိုအသင်းတို့ ယှဉ်ပြိုင်မည့် ၂၀၂၆ အမျိုးသမီး ယူ-၁၇ အာရှဖလားခြေစစ် ပွဲစဉ်အတွက် သုံးပွင့်ဆိုင် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ခြေစစ်ပွဲနဲ့ပတ်သက်ပြီးပြောလို့တော့မရသေးပါဘူး။ ကြိုးစားနေဆဲပါ။ ပြိုင်ဘက်အင်ဒိုနီးရှားအသင်းက Speed တွေ Technique တွေ ကောင်းတယ်။ ဘာလို့ဆို အခုကအင်ဒိုနီးရှားက တိုးတက်နေပါပြီ။ အခုဆို U-15 လိဂ်၊ U-18 လိဂ်တွေကို ဒီနစ်မှာစပြီးကျင်းပနေပြီဆိုတော့ တိုးတက်လာတော့မယ့် လက္ခဏာကို မြင်ပါတယ်။ သူ့အနေနဲ့ ပြိုင်ဘက်အသင်းပေါ်ကို လေးစားပါတယ်။ အင်ဒိုနီးရှား နဲ့ပွဲမှာ အကောင်းဆုံးကြိုးစားသွားမှာ ဖြစ်ပါတယ်။ အဲဒါအပြင် ခြေစစ်ပွဲအောင်ဖို့အတွက်လည်း ကြိုးစားသွားမှာပါ”ဟု မြန်မာအသင်းနည်းပြ ဂျပန်လူမျိုး Kumiko Tashiro က ပြောသည်။
ထို့ပြင် အင်ဒိုနီးရှားအသင်းအနေဖြင့် ကစားပွဲများစွာ ကစားရန်မျှော်လင့်ထားသော်လည်း မွန်ဂိုလီးယားအသင်းအနေဖြင့် U-17 အာရှဖလားခြေစစ်ပွဲမှ နုတ်ထွက်သွားသည့်အတွက် စိတ်ပျက်ခဲ့ရကြောင်း အင်ဒိုနီးရှားယူ U-17 နည်းပြ Timo ကဆိုသည်။
“ ကျွန်တော်က အင်ဒိုနဲ့ ဂျာမန်စပ်ထားသူပါ။ ငယ်ဘဝကို အင်ဒိုနီးရှားမှာ ကြီးပြင်းခဲ့တာဖြစ်ပြီး တက္ကသိုလ် ပညာကို အမေရိကန်မှာ သွားတက်ခဲ့တာပါ။ ကစားသမားတွေကို အချိန်ပေး ရွေးခဲ့တာ ဖြစ်ပါတယ်။ တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ ဖြန့်ကျက်ရွေးချယ်ခဲ့တာပါ။ ကျွန်တော့် ကစားသမားတွေကို ပွဲများများ ကစားခွင့်ရဖို့ မျှော်လင့်ထားခဲ့ပေမယ့် မွန်ဂိုလီးယားအသင်းက နုတ်ထွက်သွားတာကြောင့် စိတ်ပျက်ခဲ့ရပါတယ်။ ခြေစစ်ပွဲအောင်ဖို့ထက် အမျိုးသမီးတွေ ဘောလုံးကို ကောင်းကောင်းကစားနိုင်ဖို့၊ ခြေစွမ်းတိုးတက်လာဖို့ ပိုအလိုရှိပါတယ် ” ဟု အင်ဒိုနီးရှား U-17 နည်းပြက ပြောသည်။
ထို့နောက် မကာအို U-17 အသင်းမှ ကစားသမားအများစုသည် ကျောင်းသားများဖြစ်ကြပြီး အပျော်တမ်းကစားနေသူများဖြစ်သောကြောင့် လူရွေးချယ်ရာတွင် အခက်အခဲရှိပြီး အချို့သော ကစားသမားများသည် ဖူဆယ်ကစားနေသူများသာ ဖြစ်ကြောင်း မကာအို U-17 အသင်းနည်းပြ Chen Yan က ဆိုသည်။
“ အသင်းက ကစားသမားအများစုက ကျောင်းသားတွေ ဖြစ်ကြပြီး အပျော်တမ်းကစားနေကြသူတွေပါ။ လူရွေးချယ်ရာမှာ အခက်အခဲတွေရှိခဲ့ပါတယ်။ အချို့ ကစားသမားတွေဆိုရင် ဖူဆယ်ကစားနေသူတွေပါ။ ကစားသမား အများစုက သင်ယူရဦးမှာဖြစ်လို့ စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အနိုင်ရဖို့ထက် ဘောလုံးကို ပျော်ရွှင်အောင် ဘယ်လိုကစားရမလဲဆိုတာ သင်ယူဖို့ လာရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ် ”ဟု ၎င်းကပြောသည်။
မြန်မာ၊ အင်ဒိုနီးရှားနှင့် မကာအိုအသင်းတို့ ယှဉ်ပြိုင်မည့် ၂၀၂၆ အမျိုးသမီး ယူ-၁၇ အာရှဖလားခြေစစ်ပွဲမျာကို အောက်တိုဘာလ (၁၃)ရက်မှ (၁၇) ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည် ဖြစ် ကြောင်း သိရသည်။
ပွဲစဉ်များအရ အောက်တိုဘာ (၁၃)ရက်၌ မကာအိုအသင်းနှင့် အင်ဒိုနီးရှားအသင်း၊ အောက်တိုဘာ (၁၅)ရက်တွင် မြန်မာနှင့် မကာအိုအသင်း၊ အောက်တိုဘာ (၁၇) ရက်တွင် မြန်မာနှင့် အင်ဒိုနီးရှားအသင်းတို အသီးသီးယှဉ် ပြိုင်သွားမည်ဖြစ်ကြောင်း သိရပြီး လက်မှတ်စျေးနှုန်း များအနေဖြင့် အထူးတန်း (၅၀၀၀) ကျပ်၊ ရိုးရိုးတန်း (၂၀၀၀) ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

Zawgyi Version:
၂၀၂၆ အမ်ိဳးသမီး U-17 အာရွဖလားေျခစစ္ေအာင္ျမင္ရန္ ႀကိဳးစားရမည္ဟု ျမန္မာ U-17 နည္းျပေျပာ
သန႔္ဇင္(NP News)-ေအာက္တိုဘာ ၁၂
၂၀၂၆ အမ်ိဳးသမီး U-17 အာရွဖလားေျခစစ္ေအာင္ျမင္ရန္ ႀကိဳးစားရမည္ျဖစ္ေၾကာင္း ျမန္မာလက္ေ႐ြးစင္ U-17နည္းျပ Kumiko Tashiro က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ယေန႔(ေအာက္တိုဘာ ၁၂ ရက္) မြန္းလြဲ ၁ နာရီက ရန္ကုန္ၿမိဳ႕၊ သုဝဏၰကြင္း Press Conference Roomတြင္ ျပဳလုပ္ခဲ့ေသာ ျမန္မာ၊ အင္ဒိုနီးရွားႏွင့္ မကာအိုအသင္းတို႔ ယွဥ္ၿပိဳင္မည့္ ၂၀၂၆ အမ်ိဳးသမီး ယူ-၁၇ အာရွဖလားေျခစစ္ ပြဲစဥ္အတြက္ သုံးပြင့္ဆိုင္ ပြဲႀကိဳသတင္းစာ ရွင္းလင္းပြဲတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ေျခစစ္ပြဲနဲ႔ပတ္သက္ၿပီးေျပာလို႔ေတာ့မရေသးပါဘူး။ ႀကိဳးစားေနဆဲပါ။ ၿပိဳင္ဘက္အင္ဒိုနီးရွားအသင္းက Speed ေတြ Technique ေတြ ေကာင္းတယ္။ ဘာလို႔ဆို အခုကအင္ဒိုနီးရွားက တိုးတက္ေနပါၿပီ။ အခုဆို U-15 လိဂ္၊ U-18 လိဂ္ေတြကို ဒီနစ္မွာစၿပီးက်င္းပေနၿပီဆိုေတာ့ တိုးတက္လာေတာ့မယ့္ လကၡဏာကို ျမင္ပါတယ္။ သူ႔အေနနဲ႔ ၿပိဳင္ဘက္အသင္းေပၚကို ေလးစားပါတယ္။ အင္ဒိုနီးရွား နဲ႔ပြဲမွာ အေကာင္းဆုံးႀကိဳးစားသြားမွာ ျဖစ္ပါတယ္။ အဲဒါအျပင္ ေျခစစ္ပြဲေအာင္ဖို႔အတြက္လည္း ႀကိဳးစားသြားမွာပါ”ဟု ျမန္မာအသင္းနည္းျပ ဂ်ပန္လူမ်ိဳး Kumiko Tashiro က ေျပာသည္။
ထို႔ျပင္ အင္ဒိုနီးရွားအသင္းအေနျဖင့္ ကစားပြဲမ်ားစြာ ကစားရန္ေမွ်ာ္လင့္ထားေသာ္လည္း မြန္ဂိုလီးယားအသင္းအေနျဖင့္ U-17 အာရွဖလားေျခစစ္ပြဲမွ ႏုတ္ထြက္သြားသည့္အတြက္ စိတ္ပ်က္ခဲ့ရေၾကာင္း အင္ဒိုနီးရွားယူ U-17 နည္းျပ Timo ကဆိုသည္။
“ ကြၽန္ေတာ္က အင္ဒိုနဲ႔ ဂ်ာမန္စပ္ထားသူပါ။ ငယ္ဘဝကို အင္ဒိုနီးရွားမွာ ႀကီးျပင္းခဲ့တာျဖစ္ၿပီး တကၠသိုလ္ ပညာကို အေမရိကန္မွာ သြားတက္ခဲ့တာပါ။ ကစားသမားေတြကို အခ်ိန္ေပး ေ႐ြးခဲ့တာ ျဖစ္ပါတယ္။ တစ္တိုင္းျပည္လုံး အတိုင္းအတာနဲ႔ ျဖန႔္က်က္ေ႐ြးခ်ယ္ခဲ့တာပါ။ ကြၽန္ေတာ့္ ကစားသမားေတြကို ပြဲမ်ားမ်ား ကစားခြင့္ရဖို႔ ေမွ်ာ္လင့္ထားခဲ့ေပမယ့္ မြန္ဂိုလီးယားအသင္းက ႏုတ္ထြက္သြားတာေၾကာင့္ စိတ္ပ်က္ခဲ့ရပါတယ္။ ေျခစစ္ပြဲေအာင္ဖို႔ထက္ အမ်ိဳးသမီးေတြ ေဘာလုံးကို ေကာင္းေကာင္းကစားႏိုင္ဖို႔၊ ေျခစြမ္းတိုးတက္လာဖို႔ ပိုအလိုရွိပါတယ္ ” ဟု အင္ဒိုနီးရွား U-17 နည္းျပက ေျပာသည္။
ထို႔ေနာက္ မကာအို U-17 အသင္းမွ ကစားသမားအမ်ားစုသည္ ေက်ာင္းသားမ်ားျဖစ္ၾကၿပီး အေပ်ာ္တမ္းကစားေနသူမ်ားျဖစ္ေသာေၾကာင့္ လူေ႐ြးခ်ယ္ရာတြင္ အခက္အခဲရွိၿပီး အခ်ိဳ႕ေသာ ကစားသမားမ်ားသည္ ဖူဆယ္ကစားေနသူမ်ားသာ ျဖစ္ေၾကာင္း မကာအို U-17 အသင္းနည္းျပ Chen Yan က ဆိုသည္။
“ အသင္းက ကစားသမားအမ်ားစုက ေက်ာင္းသားေတြ ျဖစ္ၾကၿပီး အေပ်ာ္တမ္းကစားေနၾကသူေတြပါ။ လူေ႐ြးခ်ယ္ရာမွာ အခက္အခဲေတြရွိခဲ့ပါတယ္။ အခ်ိဳ႕ ကစားသမားေတြဆိုရင္ ဖူဆယ္ကစားေနသူေတြပါ။ ကစားသမား အမ်ားစုက သင္ယူရဦးမွာျဖစ္လို႔ စိန္ေခၚမႈေတြ အမ်ားႀကီး ရင္ဆိုင္ရမွာျဖစ္ပါတယ္။ အႏိုင္ရဖို႔ထက္ ေဘာလုံးကို ေပ်ာ္႐ႊင္ေအာင္ ဘယ္လိုကစားရမလဲဆိုတာ သင္ယူဖို႔ လာေရာက္ယွဥ္ၿပိဳင္တာ ျဖစ္ပါတယ္ ”ဟု ၎ကေျပာသည္။
ျမန္မာ၊ အင္ဒိုနီးရွားႏွင့္ မကာအိုအသင္းတို႔ ယွဥ္ၿပိဳင္မည့္ ၂၀၂၆ အမ်ိဳးသမီး ယူ-၁၇ အာရွဖလားေျခစစ္ပြဲမ်ာကို ေအာက္တိုဘာလ (၁၃)ရက္မွ (၁၇) ရက္အထိ ျမန္မာႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပသြားမည္ ျဖစ္ ေၾကာင္း သိရသည္။
ပြဲစဥ္မ်ားအရ ေအာက္တိုဘာ (၁၃)ရက္၌ မကာအိုအသင္းႏွင့္ အင္ဒိုနီးရွားအသင္း၊ ေအာက္တိုဘာ (၁၅)ရက္တြင္ ျမန္မာႏွင့္ မကာအိုအသင္း၊ ေအာက္တိုဘာ (၁၇) ရက္တြင္ ျမန္မာႏွင့္ အင္ဒိုနီးရွားအသင္းတို အသီးသီးယွဥ္ ၿပိဳင္သြားမည္ျဖစ္ေၾကာင္း သိရၿပီး လက္မွတ္ေစ်းႏႈန္း မ်ားအေနျဖင့္ အထူးတန္း (၅၀၀၀) က်ပ္၊ ႐ိုး႐ိုးတန္း (၂၀၀၀) က်ပ္ သတ္မွတ္ထားေၾကာင္း သိရသည္။