PDF အဖွဲ့ဖမ်းဆီးထားသည့် ဝင်းဝင်းနို့ဆီမြန်မာကျောင်း ဆရာတော်အား အမြန်ဆုံးလွှတ်ပေးရန် IBEC ဆရာတော် မေတ္တာရပ်ခံ

 198

သန့်ဇင် (NP News) - နိုဝင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် (၁၀)ရက် ကျော်ကာလအထိ PDF အဖွဲ့၏ ဖမ်းဆီးခံထားရသော ဝင်းဝင်းနို့ဆီ မြန်မာကျောင်းဆရာတော်အား အမြန်ဆုံးလွှတ်ပေးရန် IBEC ဆရာတော်က ဒေါက်တာ အရှင်သောဘိတ က ယနေ့(နိုဝင်ဘာ ၁၇ ရက်) တွင် မေတ္တာရပ်ခံစာ ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၅ ရက်၊ နံနက်ပိုင်းက ရွှေဘိုမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသည့် ခရီးသည်တင်ယာဉ်ပေါ်တွင် လိုက်ပါလာသော အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာရှိဝင်းဝင်းနို့ဆီမြန်မာကျောင်းဆရာတော် ဒေါက်တာဝိသုတ နှင့်အတူ ကိုရင်ကြီးတစ်ပါး၊ ဒကာမတစ်ဦး အစရှိသည့် ပုဂ္ဂိုလ်များအား ရွှေဘိုမြို့အထွက် ကင်းဗျားကျေးရွာအနီးတွင် ပကဖ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ် ဆောင်သွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဖမ်းဆီးခံထားရသော ဆရာတော် ဒေါက်တာဝိသုတသည် ရွှေဘိုမြို့ဇာတိဖြစ်ပြီး ဗုဒ္ဓဂါယာတွင် အိန္ဒိယနိုင်ငံသို့ ပညာသင်ကြားရန် လာရောက်ကြသော ရဟန်းသံဃာများ၊ ဘုရားဖူး လာရောက်ကြသော ပုဂ္ဂိုလ်များ တည်းခိုကြ သည့် ဝင်းဝင်းနို့ဆီမြန်မာကျောင်းအား တည်ထောင်ထားသည့် ဆရာတော်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဘာသာသာသနာကို အထူးလေးစားကာ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး၊ ဗုဒ္ဓသာသနာထွန်းကား ပြန့်ပွားရေးကို တစိုက် မတ်မတ် ကြိုးပမ်းအားထုတ်လျက်ရှိသော ဆရာတော်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် နိုင်ငံရေးကိစ္စအကြောင်းအရာ၊ နိုင်ငံရေးအရောင်အဝါကင်းရှင်းသော ဆရာတော်ဖြစ်သည့် ဝင်းဝင်းနို့ဆီ မြန်မာကျောင်း ဆရာတော် ဒေါက်တာဝိသုတနှင့်အတူ ဖမ်းဆီးခံထားရသော ကိုရင်နှင့် ဒကာမတစ်ဦးတို့အား ဖမ်းဆီးသွားသော မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းဖြစ်စေ ဆရာတော် အပါအဝင် ဖမ်းဆီးခံရသည့် ပုဂ္ဂိုလ်များ အား ဘေးမသီရန်မခဘဲ အမြန်ဆုံးပြန်လွှတ်ပေးရန် မေတ္တာရပ်ခံစာ ထုတ်ပြန်ထားသည်။
ထို့ပြင် နောင်တွင် မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပါစေ ဗုဒ္ဓဘာသာသာသနာတော်၏ အကျိုးကိုသာ ရှေးရှုဆောင်ရွက်နေကြသော ဆရာတော်သံဃာတော်များအား ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ဖမ်းဆီး သတ်ဖြတ်ခြင်း များအား ထပ်မံမပြုလုပ်ကြပါရန် စတော့ဟုမ်းငြိမ်းချမ်းရေးဆုရှင် IBEC ဆရာတော်က မေတ္တာရပ်ခံထားကြောင်း သိရသည်။

Zawgyi Version:

Related news

© 2021. All rights reserved.