ဝယ်လိုအားနှင့် ရောင်းလိုအား မမျှတခြင်းကြောင့် နိုင်ငံခြားငွေကြေးဈေးနှုန်းများမြင့်တက်လာ

515

သန့်ဇင် (NP News) - ဒီဇင်ဘာ ၂
ဝယ်လိုအားနှင့်ရောင်းလိုအားမမျှတခြင်းကြောင့် နိုင်ငံခြားငွေကြေးဈေးနှုန်းများ မြင့်တက်လာနေကြောင်း ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန် နေ့(ဒီဇင်ဘာ ၁ ရက်) မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးရှိ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်)၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း (ဇီးပင် ကြီး)နှင့် ဗဟိုမီးသတ် သင်တန်းကျောင်း (ပြင်ဦးလွင်) တို့မှ နည်းပြအရာရှိများနှင့် သင်တန်းသား သင်တန်းသူများအား နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အထက် မြန်မာပြည်)ရှိ ရတနာခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
စီးပွားရေးနှင့်ပတ်သက်၍ ခေတ်အဆက်ဆက်တွင် ကျင့်သုံးခဲ့သည့် စီးပွားရေးစနစ်များကို ပြန်လည်သုံးသပ်ကြည့် မည်ဆိုပါက ကုန်သွယ်မှု လိုငွေများရှိခဲ့ပြီး အဆိုပါလိုငွေများကို Non-Trade များမှ ရရှိသည့်ငွေများဖြင့် ပြန်လည် ဖြည့်တင်းခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
ထို့ပြင် ဒီမိုကရေစီအစိုးရ သက်တမ်းနှစ်ခုတွင်လည်း ကုန်သွယ်မှုလိုငွေများရှိခဲ့ကြောင်း၊ Non- Trade မှ ရသည့် ငွေများတွင် ပြည်ပမှချေးငွေများ၊ ထောက်ပံ့ငွေများပါဝင်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်မှသာလျှင် ထုတ်ကုန်ပစ္စည်းများရရှိလာမည်ဖြစ်ပြီး ပြည်ပ ပို့ကုန်များလည်း တိုးမြင့်လာမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန်ထမ်းဆောင်ချိန်တွင် အခက်အခဲများကြားမှ ကုန်သွယ်မှုလိုငွေများ လျော့နည်းစေရေး ကုန်ထုတ်လုပ်ငန်းများတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ကုန်ပစ္စည်းများထုတ်လုပ်နိုင်မှသာ ကုန်သွယ်မှုအတွက်လိုအပ်သည့် ပို့ကုန်များကိုရရှိမည်ဖြစ်ကြောင်းနှင့် ပို့ကုန် များရရှိမှသာ နိုင်ငံတော်အတွက်လိုအပ်သည့် နိုင်ငံခြားငွေများရရှိမည်ဖြစ်ပြီး ကုန်သွယ်မှုလိုငွေများ လျော့နည်း လာမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
ဝယ်လိုအားနှင့် ရောင်းလိုအားမမျှတခြင်းကြောင့် နိုင်ငံခြားငွေကြေးဈေးနှုန်း များမြင့်တက်လာကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ထို့ကြောင့် ပြည်တွင်း၌ လိုအပ်လျက်ရှိသည့် ထုတ်ကုန်ပစ္စည်းများကို လုံလောက်စွာထုတ်လုပ်ပြီး ပိုလျှံသည့် ထုတ်ကုန်များကို ပြည်ပသို့တင်ပို့နိုင်မည်ဆိုပါက နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ထုတ်ကုန်များထုတ်လုပ်ရာတွင်လည်း ပြည်တွင်း၌ရှိပြီးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့်ထုတ်ကုန်များ ကို ပိုမိုတိုးတက် ထုတ်လုပ် နိုင်ရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
ပြည်တွင်းလိုအပ်ချက်ရှိသည့် အခြေခံစားကုန်၊ သုံးကုန်ပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ်နိုင်မည် ဆိုပါက သွင်းကုန်အတွက် ကုန်ကျနေရသည့် နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ထို့ကြောင့် စားကုန်၊ သုံးကုန်၊ သောက်ကုန်များကို ပြည်ပမှတင်သွင်းခြင်းထက် ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်သွားမည်ဆိုပါက နိုင်ငံခြားငွေများသုံးစွဲရမှုများစွာ လျော့နည်းသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်ပြောကြားခဲ့သည်။

Zawgyi Version: