၂၀၂၅ ခုနှစ်တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောပြောင်းလဲမှုများစွာ ဖြစ်ပေါ်ခဲ့ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

85

သန့်ဇင်(NP News)-ဇန်နဝါရီ ၁
၂၀၂၅ ခုနှစ်တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောပြောင်းလဲမှုများစွာ ဖြစ်ပေါ်ခဲ့ကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံ ရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၆ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားစဉ်အထက်ပါကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“၂၀၂၅ ခုနှစ်အတွင်းမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့ပြောင်းလဲမှုများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ မိတ်ဆွေနိုင်ငံများနဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို တိုးမြှင့်တည်ဆောက်နိုင်ခဲ့သလို၊ ပြည်တွင်းထုတ်ကုန်တွေကို ပြည်ပဈေးကွက်ရရှိစေဖို့နဲ့ ပြည်တွင်းမှာ အဓိကလိုအပ်နေတဲ့နေရာတွေမှာ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်လာစေဖို့အတွက် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ထို့ပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA၏ (၁၀) နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားအပါအဝင် ငြိမ်း ချမ်းရေး တွေ့ဆုံဆွေးနွေးမှုများလည်း ဆောင်ရွက်နိုင်ခဲ့ပြီး ထာဝရငြိမ်းချမ်းရေးအတွက် အရေးပါသည့်အခြေခံအုတ်မြစ်များလည်း ချမှတ်နိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
“ကျွန်တော်တို့ အစိုးရကာလအတွင်း တွေ့ဆုံဆွေးနွေးမှုတွေကနေ ရရှိလာတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်းအကောင်အထည်ဖော်မယ်ဆိုတဲ့အချက်တွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)မှာ ပြင်ဆင်နိုင်ရေးအတွက် အချက် ၄၃ ချက်တို့ကို သဘောတူညီခဲ့ကြပြီးဖြစ်လို့ ဖြစ်ပေါ်လာမယ့် လွှတ်တော်မှာဆွေးနွေးပြီး ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက် သွားကြရမှာဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
နိုင်ငံတော်တာဝန်ယူစဉ်ကာလ တစ်လျှောက်လုံး နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်ခဲ့ကြောင်း လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ထို့နောက် ရွေးကောက်ပွဲပြီးကာလတွင် ထွက်ပေါ်လာမည့်အစိုးရအား နိုင်ငံ့တာဝန်တွေ လွှဲပြောင်းပေးအပ်ပြီး ဒုတိယစာမျက်နှာကို အကောင်းဆုံးဖြစ် အောင် ထမ်းဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
“ယခု ကူးပြောင်းရောက်ရှိတဲ့ ၂၀၂၆ ခုနှစ်ဟာ ကျွန်တော်တို့နိုင်ငံအတွက် မင်္ဂလာရှိတဲ့ နှစ်သစ်၊ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ပြန်လည်တည်ဆောက်နိုင်မယ့်နှစ်လို့ ယုံကြည်ပါတယ်။ ပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေတဲ့ ရေရှည်တည် တံ့ခိုင်မြဲတဲ့ ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ့် နှစ်တစ်နှစ်ဖြစ်ပြီး တိုင်းရင်းသားပြည်သူအားလုံးရဲ့ လူမှုစီးပွားဘဝတွေ ဖွံ့ဖြိုးတိုးတက်လာမယ့်နှစ်လို့လည်း ယုံကြည်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
ထို့ကြောင့် ၂၀၂၆ ခုနှစ်တွင် နှစ်ဟောင်းက အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး နိုင်ငံနှင့်လူမျိုးကိုချစ်တဲ့စိတ်၊ ပြည်ထောင်စုစိတ် ဓာတ်များ ကိုအခြေခံကာ အချင်းချင်းစည်းလုံးညီညွတ်မှု၊ နားလည်ယုံကြည်မှုများနှင် အောင်မြင်ရန် ကျော်လွှားသွားကြရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
၂၀၂၆ ခုနှစ်ဟာ မိဘပြည်သူတိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးရဲ့ အောင်ပွဲဖြစ်တဲ့ ဒီမိုကရေစီပန်းတိုင်ကိုအရောက်လှမ်းပြီး နိုင်ငံအတွက် သမိုင်းကောင်းအမွေကို လက်ဆင့်ကမ်းပေးကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။ယခုလို မင်္ဂလာရှိတဲ့ နှစ်သစ်ကူးအချိန် အခါသမယကစပြီး မြန်မာနိုင်ငံသူ နိုင်ငံသား၊ မိဘပြည်သူတိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး တစ်ဦးအပေါ်တစ်ဦး အပြန်အလှန်မေတ္တာ စေတနာထားပြီး ပြည်ထောင်စုကြီးရဲ့ ကောင်းကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်ကြပါစေ၊ မှန်ကန်တဲ့အတွေးသစ်၊ အမြင်သစ်၊ ယုံကြည်ချက်ခံယူချက်အသစ်တွေနဲ့ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနဲ့ ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ကြပါစေ၊ ပျော်ရွှင်ချမ်းမြေ့စွာနဲ့ အေးချမ်းသာယာတဲ့ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်ခင်ဗျား”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
zawgyi version
မြန်မာနိုင်ငံကူးလက်မှတ်စာအုပ် အမြန်ဝန်ဆောင်မှု ကို ဇန်နဝါရီ (၅)ရက်တွင် စတင်မည်
စော(NP News)-ဇန်နဝါရီ ၁
မြန်မာနိုင်ငံကူးလက်မှတ်စာအုပ် (၅)ရက်အတွင်း ရရှိရေး အမြန်ဝန်ဆောင်မှုကို ဇန်နဝါရီ (၅)ရက်တွင် စတင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ယနေ့ (ဇန်နဝါရီ ၁ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက အရေးကြီး သို့မဟုတ် အရေးပေါ်ဖြင့် ပြည်ပသို့ သွားရောက်လိုသူများ Online Booking တင်ခြင်း၊ ရုံးတွင်းဆောင်ရွက်ခြင်းတို့တွင် စောင့်ဆိုင်းရန် မလိုဘဲ အမြန်ဝန်ဆောင်မှု (Express Service) ဖြင့် လျှောက်ထားနိုင်ရေး စီစဉ်ထားကြောင်း ထုတ်ပြန်ထားသည်။
ထိုသို့လျှောက်ထားနိုင်သည့်အတွက် မည်သည့်အိမ်ထောင်စုစာရင်းဝင်မဆို မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများဖြစ်သော ရန်ကုန်၊ မန္တလေး၊ နေပြည်တော် တို့တွင် လျှောက်ထားနိုင်၍ လျှောက်လွှာလက်ခံပြီး (၅) ရက်အကြာတွင် နိုင်ငံကူးလက်မှတ်စာအုပ်ရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
သို့ဖြစ်ပါ၍ အမြန်ဝန်ဆောင်ခမှာ စာအုပ်ဖိုးအပါအဝင် (၅၄၅,၀၀၀) ကျပ် ဖြစ်ပြီး အဆိုပါအမြန်ဝန်ဆောင်မှု (Express Service) ကို လာမည့် ဇန်နဝါရီ (၅)ရက်တွင် စတင်မည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။
သို့သော် အမည်မည်းစာရင်းတွင် ပါဝင်သူများ၊ ပြစ်မှုကျူးလွန်ပြီး စစ်ဆေးချက် မပြီးစီးသူများ၊ ပြစ်ဒဏ်ကာလမပြီးမီ လွတ်ငြိမ်းချမ်းသာဖြင့် လွတ်မြောက်လာသူများ၊ ပြည်ပထွက်ခွာမှု တားဆီးခံရသူများ၊ လက်ရှိနိုင်ငံ့ဝန်ထမ်းများ၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အခြားအဖွဲ့အစည်းများနှင့် ပုဂ္ဂလိအဖွဲ့အစည်းများမှ ထောက်ခံချက်လိုအပ်သူများအနေဖြင့် ငွေ မဆုံးရှုံးစေရေးအတွက် ရုံးများတွင် စုံစမ်းပြီးမှသာ လျှောက်ထားရန်လည်း အသိပေးထုတ်ပြန်ထားသေးသည်။
အဆိုပါ အမြန်ဝန်ဆောင်မှုလုပ်ငန်းအတွက် ငွေပေးချေရာတွင် K Pay ၊ Wave Pay၊ AYA Pay၊ A Plus တို့ဖြင့် ပေးချေနိုင်ရန် စီစဉ်ထားကြောင်းလည်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံး နှင့် နီးစပ်သူများက NP Newsသို့ ဖြေကြားထားဖူးသည်။