တရုတ်နိုင်ငံ၏ ထိုင်ဝမ်နှင့် ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေး ရည်ရွယ်ချက်ကိုထောက်ခံကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

119

သန့်ဇင် (NP News) - ဇန်နဝါရီ ၂
တရုတ်နိုင်ငံ၏ ထိုင်ဝမ်နှင့် ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေး ရည်ရွယ်ချက်ကိုထောက်ခံကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်က ယခုလက်ရှိ တင်းမာမှုများဖြစ်ပွားနေသည့် ထိုင်ဝမ်ပြဿနာ (Taiwan Question)နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ သဘောထားရပ်တည်ချက်အား ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့သေဘောထားရပ်တည်ချက်ဟာ (၁) တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်ပေါ်ပေါက်လာစဉ်ကတည်းက တရုတ်နိုင်ငံရဲ့လွတ်လပ်ရေးကို အစောဆုံးအသိအမှတ်ပြုခဲ့သည့်နိုင်ငံဖြစ်ပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy) အပေါ် အစဉ်တစိုက်ရပ်တည်ထောက်ခံခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်အချင်းချင်းတွေ့ဆုံစဉ်၌လည်း ထပ်လောင်းအတည်ပြုပြီးဖြစ်ပါတယ်။ တရုတ်နိုင်ငံ၏ ထိုင်ဝမ်နှင့် ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေး ရည်ရွယ်ချက်ကိုလည်း ထောက်ခံရပ်တည်လျက်ရှိပါတယ်” ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့သည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်ကို သဘောတူလိုက်နာနေသည့် နိုင်ငံများဖြစ်သည်နှင့်အညီ တစ်နိုင်ငံနှင့်တစ်နိုင်ငံ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အချုပ်အခြာအာဏာကို လေးစားကြောင်းနှင့် ၎င်းအတွက် ကြိုးပမ်းမှုများကိုလည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုသည်။
“တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်နိုင်ငံက လေးစားမှုပြုရေးမူဝါဒအရလည်း ထိုင်ဝမ်ပြဿနာ (Taiwan Question)ဟာ တရုတ်၏ ပြည်တွင်း ရေးပင်ဖြစ်ပြီး ထိုင်ဝမ်သည် တရုတ်၏ ခွဲခြမ်းစိတ်ဖြာ၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း အသိအမှတ်ပြုပါတယ်။ ဒီခွဲထွက်ရေးလှုပ်ရှားမှုများသည် ဒေသတွင်းလုံခြုံရေးကို ထိခိုက်စေနိုင်တဲ့အတွက် အဲဒီလှုပ်ရှားမှုများကို အသိအမှတ်မပြုပါဘူး။ ပဋိပက္ခဖြစ်ပွားမှုများကို မြင့်တက်စေမည့် မည်သည့်အားပေးမှုကိုမဆို ထိန်းသိမ်းဆောင်ရွက်စေလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် တရုတ်၏ အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံ၊ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးရှိသည့် နိုင်ငံ၊ အေးအတူပူ အမျှအသိုက်အဝန်းကို အတူထူထောင်ထားသည့် နိုင်ငံအဖြစ် အစဉ်အမြဲရပ်တည်သွားမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

Zawgyi Version:
=========
အွန်လိုင်းအသုံးပြုလိမ်လည်မှုအတွက် ကမ္ဘောဒီးယားနိုင်ငံသို့ ပို့ဆောင်ခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်
စော( NP News)- ဇန်နဝါရီ ၂
အွန်လိုင်းအသုံးပြုလိမ်လည်မှုအတွက် ကမ္ဘောဒီးယားနိုင်ငံသို့ ပို့ဆောင်ခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ်စီချမှတ်ခဲ့ခြင်းကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှသိရသည်။
ဖြစ်စဉ်မှာမန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်ကူမဲမြို့နေ ဒေါ်ဇာဇာစန်းနှင့် ခင်ပွန်းဖြစ်သူ ခင်မောင်လွင်တို့က မြစ်သားမြို့နယ်နေ လူငယ်လေးဦးတို့ကို ၎င်း၏သားဖြစ်သူ လွင်မင်းထက်မှာ ကမ္ဘောဒီးယား Online Slot Game လုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေပြီး Slot Game လုပ်ငန်း ပိုင်ရှင်နှင့် ရင်းနှီးသဖြင့် တစ်လလျှင်လစာငွေကျပ်သိန်း၄၀ ရရှိမည်ဖြစ်ပြီး လမ်းစရိတ်အကုန်အကျခံ ပို့ဆောင်ပေးမည်ဟု စည်းရုံးပြောဆိုခဲ့ကြောင်း သိရသည်။
ထို့နောက် မန္တလေးလေဆိပ်မှတစ်ဆင့် တာချီလိတ်မြို့၊ တာချီလိတ်မြို့ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံ၊ ထိုင်းနိုင်ငံမှတစ်ဆင့် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ Slot Game အလုပ်ရုံသို့ အဆင့်ဆင့်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ထို့သို့ ပို့ဆောင်ခဲ့ပြီးနောက် လူငယ်လေးဦးအနက်တစ်ဦးမှာ ကွန်ပျူတာစာစီစာရိုက်မရသဖြင့် ခေါင်းဆောင်ဖြစ်သူစွမ်းလင်းထက်မှ လမ်းစရိတ်ကုန်ကျငွေ ဒေါ်လာ ၁၉၀၀ ကို Paing Thet Kyaw အမည်ဖြင့် ဖွင့်လှစ်ထားသည့် KBZ Pay Account 09 767704410 သို့ ပေးလျော်ရန်၊ မပေးလျော်နိုင်ပါက ရောင်းစား မည်ဖြစ်ကြောင်းနှင့် ထွက်ပြေးပါက အစောင့်များက ကျင်စက်ဖြင့်တို့ပြီး ရိုက်နှက်နှိပ်စက်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျန်လူငယ်သုံးဦးမှာလည်း တစ်နေကုန်နားချိန်မရှိဘဲ အွန်လိုင်းမှငွေလိမ်သည့် အလုပ်များအား လုပ်ကိုင်ရသည့်အပြင် လိမ်လည်ရန်လူရှာမရပါက အကြိမ် ၂၀၀ ခန့် ဒိုက်ထိုးခိုင်းကြောင်း သိရသည်။
ထို့ကြောင့် ကွန်ပျူတာ စာစီစာရိုက်မရသည့် လူငယ်၏ အဖေမှ လျော်ကြေးငွေအဖြစ် မြန်မာငွေကျပ် ၁၀၅ သိန်းအား Paing Thet Kyaw Acc သို့ KBZ Pay ဖြင့် လွှဲပေးခဲ့သဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း စိစစ်သိရှိရသဖြင့် အမှတ်(၁၁)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မန္တလေး)မှ တရားလို ပြုလုပ်တိုင်တန်းခဲ့ရာ မြစ်သားမြို့နယ်ကူမဲနယ်မြေရဲစခန်းက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(ခ)ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၃၀ ရက်တွင် ကျောက်ဆည် ခရိုင် တရားရုံးမှ ဖမ်းမိသူဒေါ်ဇာဇာစန်းနှင့် ဦးခင်မောင်လွင်တို့နှစ်ဦးကို လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၆ အရ အလုပ်နှင့်ထောင်ဒဏ် တစ်ဆယ်နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ စွမ်းလင်းထက်၊ ပိုင်သက်ကျော်နှင့် လွင်မင်းထက်တို့ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။