နှစ် (၁၀၀) ကျော် သက်တမ်းရှိ ဝဇီရာရုပ်ရှင်ရုံကို နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် ဆောင်ရွက်

129

ထိုက်စံ(NP News)-ဇန်နဝါရီ ၂၆
ရန်ကုန်မြို့တွင်နှစ်ပေါင်း (၁၀၀) ကျော် သက်တမ်းရှိသည့် ဝဇီရာရုပ်ရှင်ရုံကို မူလလက်ရာမပျက်စေဘဲ နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် ပြုပြင်ဆောင်ရွက်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၏ပြောကြားချက်အရသိရသည်။
ယမန်နေ့ (ဇန်နဝါရီ ၂၅ရက်)၊ မွန်းလွဲပိုင်းအချိန်တွင် ရန်ကုန်မြို့ ၊ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ ဝဇီရာရုပ်ရှင်ရုံအား နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုနှင့် မင်္ဂလာတောင်ညွန့်မြို့နယ် ဥယျာဉ်ရပ်ကွက် ဗိုလ်မင်းခေါင်လမ်းရှိ အမှတ် (၁၈-A) ၌ စာဆိုဗိမာန်သုံးထပ် (RC) အဆောက်အအုံတည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးရာတွင် ပြောကြားခဲ့ကြောင်းသိရသည်။
ဦးစွာ ဝဇီရာရုပ်ရှင်ရုံအဆင့် မြှင့်တင်နေမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ မြန်မာနိုင်ငံဗိသုကာကောင်စီဥက္ကဋ္ဌ ဦးဝင်းဇော်နှင့် ရွှေတောင်ကုမ္ပဏီမှ တာဝန်ရှိသူများမှ ဝဇီရာရုပ်ရှင်ရုံ အဆင့်မြှင့်တင်ရေးလုပ်ငန်းများအပိုင်း လိုက်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ ဝဇီရာရုပ်ရှင်ရုံကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ မူလလက်ရာမပျက်စေဘဲ နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံဗိသုကာကောင်စီနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီတို့၏ Assessment Report များအား အခြေခံ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ အဆောက်အအုံသက်တမ်းသည် နှစ်ပေါင်း (၁၀၀ )ကျော် ရှိနေပြီး မြန်မာနိုင်ငံတွင် တစ်ခုတည်းသော ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် တန်ဖိုးထားထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ယခင်က လုပ်ငန်းလျာထားခဲ့သည့် ပြုပြင်မွမ်းမံခြင်းအဆင့်နှင့် မလုံလောက်သဖြင့် အဆင့်မြှင့်တင်ပြုပြင်ခြင်း Retrofitting နှင့် Upgrading လုပ်ငန်းများကိုလည်း မလွှဲမရှောင်သာ ဆောင်ရွက်ခဲ့ရသည့်အတွက် မူလလျာထားချက်ထက် ကုန်ကျငွေပိုမိုများပြားလာကြောင်း၎င်းမှပြောသည်။
ထို့ပြင်အများပြည်သူဝင်ထွက်အသုံးပြုမည့် ကဇာတ်ရုံဖြစ်၍ ဘေးကင်းလုံခြုံရန်လိုအပ်ခြင်း နှင့် နိုင်ငံတကာဂုဏ်ပြုခံ ကဇာတ်ရုံဂုဏ်အင်္ဂါအဆင့်အတန်းနှင့် ကိုက်ညီရန် လိုအပ်ခြင်းတို့ကြောင့် စနစ်တကျ ပြုပြင်စေလိုကြောင်းလည်းပြောကြားခဲ့သည်။
ထို့နောက် ဝဇီရာရုပ်ရှင်ရုံရှေ့ မြန်မာ့မီးရထားပိုင်မြေနေရာတွင် ယာဉ်ရပ်နားရန် နေရာလျာထားဆောင်ရွက်သွားမည့်နေရာနှင့် စာဆိုဗိမာန်သုံးထပ် (RC) အဆောက်အအုံတည်ဆောက်နေမှုတို့ကိုလည်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

Zawgyi Version:
အင်ဒိုနီးရှားနိုင်ငံမှာ မြေပြိုမှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံးလူ(၇)ဦးသေဆုံးကာ အခြားလူ(၈၂)ဦးပျောက်ဆုံးနေ
Pika(NP News) - ဇန်နဝါရီ ၂၆
အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်မှာ မြေပြိုမှုတစ်ခုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၇)ဦးသေဆုံးကာ အခြားလူ(၈၂)ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။အနောက်ဂျာဗားပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းနေမှုနဲ့အတူ ယခုလိုမြေပြိုကျမှုတွေဖြစ်ပွားခဲ့တာဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။မြေပြိုမှုဟာ အနောက်ဂျာဗားပြည်နယ် West Bandungဒေသမှာရှိတဲ့ ရွာတစ်ရွာမှာဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဒေသတွင်းအရာရှိတစ်ဦးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။သဘာဝဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီပြောရေးဆိုခွင့်ရှိသူ အက်ဘ်ဒူလ်မူဟာရီက”ပျောက်ဆုံးနေသူအရေအတွက်က အရမ်းကိုများပြားတာကြောင့် ကျွန်တော်တို့ရဲ့ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ။”လို့ပြောဆိုခဲ့ပါတယ်။အနောက်ဂျာဗားပြည်နယ်မှာ သီတင်းပတ်တစ်ပတ်ကြာအောင် မိုးသည်းထန်စွာရွာသွန်းခဲ့မှုနဲ့အတူ ပြင်းထန်တဲ့ရာသီဥတုအကြောင်း အင်ဒိုနီးရှားသဘာဝဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီက သတိပေးခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ယခုလိုဖြစ်ရပ်တွေဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။