ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်(၂၀)ကိုယခုလအတွင်းခွင့်ပြုပေးခဲ့

172

ကိုဖြိုး(NP News)ဇန်နဝါရီ ၂၇
ပြည်တွင်းတွင် အမေရိကန်ဒေါ်လာ (၆၂ ဒသမ ၉၁၁) သန်းတန်ဖိုးရှိသော ရင်းနှီးမြုပ်နှံမှုလုပ်ငန်းအသစ် (၂၀) ခွင့်ပြုပေးလိုက်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်များတွင် စက်မှုကဏ္ဍနှင့်ဝန်ဆောင်မှုကဏ္ဍတို့မှ လုပ်ငန်းအသစ်လေးခု၊ စက်မှု၊ ဟိုတယ်ခရီး၊ လျှပ်စစ်၊ အိမ်ရာအဆောက်အအုံတည်ဆောက်ခြင်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍများမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အသစ် (၁၆) ခုတို့ကို ခွင့်ပြုပေးခဲ့ပြီး လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၆၂ ဒသမ ၉၁၁) သန်းနှင့် ကျပ် (၂,၁၂၀,၄၃၆ ဒသမ ၆၅၂) သန်းတို့ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့သောခွင့်ပြုပေးလိုက်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြောင့် အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၃၃၈၀) ကျော်ကို အခွင့်အလမ်းများဖန်တီးပေးနိုင်မည်ဟုလည်း သိရသည်။
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် (၂၀) တွင် စက်မှုကဏ္ဍနှင့်ဝန်ဆောင်မှုကဏ္ဍတို့မှ လုပ်ငန်းအသစ်လေးခုတို့မှာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများဖြစ်ပြီး ကျန်လုပ်ငန်းအသစ် (၁၆) ခုမှာ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများလည်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/၂၀၂၆) ကြိမ် မြောက်အစည်းအဝေးကို ဇန်နဝါရီလ (၂၆) ရက်က နေပြည်တော်၌ ကျင်းပစဉ် ယင်းကဲ့သို့ခွင့်ပြုပေးလိုက်ခြင်းလည်းဖြစ်ကြောင်း သိရသည်။