စစ်ပွဲဖြစ်ပွားလာပါက ဒေသတွင်း စစ်ပွဲကြီးအသွင်ကူးပြောင်းသွားမည်ဟု အီရန်ဘာသာရေးခေါင်းဆောင်ခါမေနီ ပြင်းထန်စွာသတိပေး

271

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁
အရှေ့အလယ်ပိုင်းဒေသတွင်း စစ်ရေးတင်းမာမှုများ အမြင့်ဆုံးအခြေအနေသို့ရောက်ရှိနေချိန်တွင် အီရန် ဘာသာရေးခေါင်းဆောင်အယာတိုလာ ခါမေနီက အမေရိကန်နှင့် ၎င်း၏ မဟာမိတ်နိုင်ငံများအား ပြင်းထန်သော သတိပေးချက်တစ်ရပ် ထုတ်ပြန်လိုက်ပြီး စစ်ပွဲမီးတောက် စတင်သည်နှင့်တပြိုင်နက် ၎င်းသည် နိုင်ငံတစ်နိုင်ငံတည်းတွင် ရပ်တန့်သွားမည်မဟုတ်ဘဲ ဒေသတစ်ခုလုံး လောင်ကျွမ်းမည့် စစ်ပွဲကြီးဖြစ်လာမည်ဟု သတိပေးလိုက်သည်။
အယာတိုလာ ခါမေနီက "ကျွန်ုပ်အနေဖြင့် ရှင်းလင်းစွာ ပြောကြားလိုတယ်။ တကယ်လို့ စစ်ပွဲတစ်ခုသာ လမ်းစပေါ်လာခဲ့ရင် အဲဒီစစ်ပွဲက သေချာပေါက် ဒေသတွင်းစစ်ပွဲကြီးအဖြစ်ကို ကူးပြောင်းသွားမယ်" ဟု ပြောသည်။
လက်ရှိအချိန်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့သည် အီရန်နိုင်ငံအပေါ် စီးပွားရေးနှင့် စစ်ရေးအရ ဖိအားပေးမှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။ ပင်လယ်ကွေ့ဒေသသို့ အမေရိကန် လေယာဉ်တင်သင်္ဘောအုပ်စုများ စေလွှတ်ထားခြင်းနှင့်ပတ်သက်၍လည်း အီရန်ဘက်က ပြင်းပြင်းထန်ထန် တုံ့ပြန်လျက်ရှိသည်။
ခါမေနီ၏ သတိပေးချက်သည် အီရန်နိုင်ငံကို တိုက်ခိုက်လာပါက လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာ၊ ယီမင်ရှိ ဟူသီသူပုန်များနှင့် အီရတ်ရှိ ပြည်သူ့စစ်အဖွဲ့များ ပါဝင်သော "ခုခံမှုဝင်ရိုးတန်း" (Axis of Resistance) တစ်ခုလုံးက တပြိုင်နက်တည်း တုံ့ပြန်တိုက်ခိုက်လာနိုင်ကြောင်း သွယ်ဝိုက်ခြိမ်းခြောက်လိုက်ခြင်းလည်းဖြစ်သည်ဟု နိုင်ငံတကာ စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။
အီရန်ကာကွယ်ရေးဝန်ကြီး အမီယာဟာတာမီကလည်း အီရန်တပ်မတော်အနေဖြင့် ရန်သူ၏ မည်သည့် ကျူးကျော်မှုကိုမဆို တုံ့ပြန်ရန် အမြင့်ဆုံးစစ်ရေးအသင့်အနေအထားတွင် ရှိနေကြောင်းပြောသည်။
ဟော်မုဇ်ရေလက်ကြား တွင် စစ်ရေးလှုပ်ရှားမှုများ ပိုမိုများပြားလာခြင်းသည် ကမ္ဘာ့ရေနံတင်ပို့မှု လမ်းကြောင်းကို ခြိမ်းခြောက်လျက်ရှိပြီး ပဋိပက္ခ အမှန်တကယ်ဖြစ်ပွားလာပါက ကမ္ဘာ့စီးပွားရေးအပေါ်ကြီးမားသော ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း သတိပေးချက်များလည်း ထွက်ပေါ်လျက်ရှိသည်။

Zawgyi Version;
စစ္ပြဲျဖစ္ပြားလာပါက ေဒသတြင္း စစ္ပြဲႀကီးအသြင္ကူးေျပာင္းသြားမည္ဟု အီရန္ဘာသာေရးေခါင္းေဆာင္ခါေမနီ ျပင္းထန္စြာသတိေပး
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁
အေရွ႕အလယ္ပိုင္းေဒသတြင္း စစ္ေရးတင္းမာမႈမ်ား အျမင့္ဆုံးအေျခအေနသို႔ေရာက္ရွိေနခ်ိန္တြင္ အီရန္ ဘာသာေရးေခါင္းေဆာင္အယာတိုလာ ခါေမနီက အေမရိကန္ႏွင့္ ၎၏ မဟာမိတ္ႏိုင္ငံမ်ားအား ျပင္းထန္ေသာ သတိေပးခ်က္တစ္ရပ္ ထုတ္ျပန္လိုက္ၿပီး စစ္ပြဲမီးေတာက္ စတင္သည္ႏွင့္တၿပိဳင္နက္ ၎သည္ ႏိုင္ငံတစ္ႏိုင္ငံတည္းတြင္ ရပ္တန႔္သြားမည္မဟုတ္ဘဲ ေဒသတစ္ခုလုံး ေလာင္ကြၽမ္းမည့္ စစ္ပြဲႀကီးျဖစ္လာမည္ဟု သတိေပးလိုက္သည္။
အယာတိုလာ ခါေမနီက "ကြၽႏ္ုပ္အေနျဖင့္ ရွင္းလင္းစြာ ေျပာၾကားလိုတယ္။ တကယ္လို႔ စစ္ပြဲတစ္ခုသာ လမ္းစေပၚလာခဲ့ရင္ အဲဒီစစ္ပြဲက ေသခ်ာေပါက္ ေဒသတြင္းစစ္ပြဲႀကီးအျဖစ္ကို ကူးေျပာင္းသြားမယ္" ဟု ေျပာသည္။
လက္ရွိအခ်ိန္တြင္ အေမရိကန္သမၼတေဒၚနယ္ထရမ့္၏ အစိုးရအဖြဲ႕သည္ အီရန္ႏိုင္ငံအေပၚ စီးပြားေရးႏွင့္ စစ္ေရးအရ ဖိအားေပးမႈမ်ား တိုးျမႇင့္လုပ္ေဆာင္လ်က္ရွိသည္။ ပင္လယ္ေကြ႕ေဒသသို႔ အေမရိကန္ ေလယာဥ္တင္သေဘၤာအုပ္စုမ်ား ေစလႊတ္ထားျခင္းႏွင့္ပတ္သက္၍လည္း အီရန္ဘက္က ျပင္းျပင္းထန္ထန္ တုံ႔ျပန္လ်က္ရွိသည္။
ခါေမနီ၏ သတိေပးခ်က္သည္ အီရန္ႏိုင္ငံကို တိုက္ခိုက္လာပါက လက္ဘႏြန္ရွိ ဟစ္ဇ္ဘိုလာ၊ ယီမင္ရွိ ဟူသီသူပုန္မ်ားႏွင့္ အီရတ္ရွိ ျပည္သူ႔စစ္အဖြဲ႕မ်ား ပါဝင္ေသာ "ခုခံမႈဝင္႐ိုးတန္း" (Axis of Resistance) တစ္ခုလုံးက တၿပိဳင္နက္တည္း တုံ႔ျပန္တိုက္ခိုက္လာႏိုင္ေၾကာင္း သြယ္ဝိုက္ၿခိမ္းေျခာက္လိုက္ျခင္းလည္းျဖစ္သည္ဟု ႏိုင္ငံတကာ စစ္ေရးေလ့လာသူမ်ားက သုံးသပ္ၾကသည္။
အီရန္ကာကြယ္ေရးဝန္ႀကီး အမီယာဟာတာမီကလည္း အီရန္တပ္မေတာ္အေနျဖင့္ ရန္သူ၏ မည္သည့္ က်ဴးေက်ာ္မႈကိုမဆို တုံ႔ျပန္ရန္ အျမင့္ဆုံးစစ္ေရးအသင့္အေနအထားတြင္ ရွိေနေၾကာင္းေျပာသည္။
ေဟာ္မုဇ္ေရလက္ၾကား တြင္ စစ္ေရးလႈပ္ရွားမႈမ်ား ပိုမိုမ်ားျပားလာျခင္းသည္ ကမာၻ႔ေရနံတင္ပို႔မႈ လမ္းေၾကာင္းကို ၿခိမ္းေျခာက္လ်က္ရွိၿပီး ပဋိပကၡ အမွန္တကယ္ျဖစ္ပြားလာပါက ကမာၻ႔စီးပြားေရးအေပၚႀကီးမားေသာ ႐ိုက္ခတ္မႈမ်ား ရွိလာႏိုင္ေၾကာင္း သတိေပးခ်က္မ်ားလည္း ထြက္ေပၚလ်က္ရွိသည္။