မြန်မာ့လက်ဖက်အစို စားသုံးခြင်း ယဉ်ကျေးမှုဓလေ့ကို လာမည့် မတ်လအတွင်း ယူနက်စကို တင်မည်

84

စော (NP News) - ဖေဖော်ဝါရီ ၂
မြန်မာ့လက်ဖက်အစို စားသုံးခြင်း ယဉ်ကျေးမှုဓလေ့ကို ယူနက်စကိုသို့ လာမည့်မတ်လအတွင်း တင်သွင်းသွားမည် ဖြစ်ကြောင်း မြန်မာ့ယဥ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (MCHT) မှ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်က ယနေ့ (ဖေဖော်ဝါရီ ၂ ရက်) တွင် ရန်ကုန်မြို့ရှိ စိမ်းလန်းစိုပြည်ဥယျာဉ်၌ ပြုလုပ်သော မြန်မာ့လက်ဖက်ပွဲတော် မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားသည်။
ထိုသို့တင်သွင်းနိုင်ရေးအတွက် မြန်မာ့ယဥ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က လူမှုအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေသည့်အပြင် မြန်မာ့လက်ဖက်ပွဲတော်ကိုလည်း ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီနှစ်ရဲ့မတ်လမှာ အပြီးတင်ရမှာပါ။ ဒါကြောင့်မို့လို့ အစိုးရအနေနဲ့ ဝန်ကြီးဌာနအနေနဲ့က နိုင်ငံခြားရေးဝန်ကြီး ဌာနကိုတင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနကနေမှ ယူနက်စကိုအဖွဲ့ချုပ် Paris ကို လှမ်းပြီးတင်ရမှာဖြစ်တော့ မတ်လမှာ တင်ရမှာဖြစ်တော့ ကျွန်မတို့အတွက်က လူမှုအဖွဲ့အစည်းတွေက ပူးပေါင်းပြီးတော့ ခုနကပြောတဲ့ လုပ်ရတဲ့ အကြောင်းအရာအားလုံးကို ဒီဖေဖော်ဝါရီလ ၂၈ရက်မှာ ဝန်ကြီးဌာနကို အပြီးပေးပို့မှာ ဖြစ်ပါတယ်” ဟု ဒေါ်စန္ဒာခင်က ပြောသည်။
ယူနက်စကိုတင်သွင်းရန်အတွက် ယဉ်ကျေးမှုတစ်ခုသည် Sustainable Culture Heritage ဖြစ်ရမည့်အပြင် ကျား၊ မ တန်းတူဖြစ်ခြင်း၊ အလွှာအဆင့်အတန်း ခွဲခြားမရှိခြင်း၊ စဉ်ဆက်မပြတ် နည်းမျိုးစုံဖြင့် ထိန်းသိမ်းခဲ့၍ ယခုချိန်ထိ ရှိနေသည့် ယဉ်ကျေးမှုဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။
“ယူနက်စကို သတ်မှတ်တဲ့စံထက်တောင် ကျွန်မက သာလွန်သာတွေ့ရတယ်။ အဲဒါဘာလဲဆိုရင် လက်ဖက်က ရရှိတာက တောင်ပေါ်ဒေသက ရရှိတာ။ မြေပြန့်မှာ လက်ဖက်မပေါက်ပါဘူး။ တောင်ပေါ်ဒေသအသီးသီး ကရရှိ တယ်။ ပင်လယ်ရေမျက်နှာပြင် အထက်ဘယ်လောက်မှာ လက်ဖက်ပင်ပေါက်ရောက်တယ်။ ရှေးကထဲက သဘာဝ လက်ဖက်ပင်တွေရှိတယ်။ နောက်ပိုင်းစိုက်ပျိုးတဲ့ လက်ဖက်တွေရှိတယ်။ အဲဒီလိုရရှိတဲ့ တောင်ပေါ်ဒေသက ရရှိတဲ့ သူ့ချည်းပဲစားတာမဟုတ်ဘူး။ လက်ဖက်အစိုကို စားဖို့အတွက်ဆိုတာ မြေပြန့်ဒေသက ရရှိတဲ့ ပဲဆီ၊ နှမ်းဆီ ဒါနဲ့ နယ်ဖက် စားကြတယ်။ တစ်ချို့ကျတော့လက်ဖက်သုပ်တွေနဲ့ အကြော်မျိုးစုံ စသည့်ဖြင့် စားတာဆိုတော့ လက်ဖက် ကောင်းတစ်ခုစားဖို့ ဆိုတာ မြေပြန့်နဲ့တောင် ပေါ်နဲ့ပေါင်းမှ စားလို့ရတာ။ တစ်နည်းအားဖြင့် ပေါင်းစည်းခြင်း Unity ကိုပြတာပဲ” ဟု ၎င်းက ပြောသည်။
လက်ဖက်အစိုသည် လွန်ခဲ့သော နှစ်ပေါင်းထောင်ချီကာလတည်းက ရှိခဲ့သည်ကို သမိုင်းအထောက်အထားများ ရှိ ကြောင်းလည်း ဒေါ်စန္ဒာခင်က ပြောသည်။
“နိုင်ငံတကာကပါ ကျွန်မတို့ရဲ့လက်ဖက်စိုစားသုံးတဲ့ဓလေ့လေးကို ပိုမိုပြီးကျယ်ကျယ်ပြန့်ပြန့်သိရှိလာစေချင် တယ်။ နောက်တခုကတော့ ကျွန်မတို့ရဲ့မြန်မာနိုင်ငံရဲ့လက်ဖက်စားတဲ့ ဒြပ်မဲ့ယဉ်ကျေးမှုဓလေ့လေးကို ကျွန်မတို့က UNESCO Representative of the Intangible Culture Heritage တနည်းအားဖြင့်တော့ ယူနက်စကိုရဲ့လူသား မျိုးနွယ်ဆိုင်ရာဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ်နဲ့ အတည်ပြုရရှိချင်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်သည် ပြီးခဲ့သည့် (၂၀၂၄)ခုနှစ်က ပထမဆုံးအကြိမ်အဖြစ် UNESCO ၏ လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း ဝင်နိုင်ခဲ့ပြီး မြန်မာ့ရိုးရာ သနပ်ခါးလိမ်းခြင်း ဓလေ့ ကိုလည်း (၂၀၂၅)ခုနှစ်က ယူနက်စကိုသို့ ထပ်မံတင်သွင်းထားသည်။