မြန်မာနိုင်ငံမှ (၇)ရက်အတွင်း ပြန်လည်ထွက်ခွာရန် တီမောလက်စ်တေသံရုံးယာယီတာဝန်ခံအား ခေါ်ယူညွှန်ကြားထား

 132

သုတကျော် (NP News) - ဖေဖော်ဝါရီ ၁၆

မြန်မာနိုင်ငံမှ (၇)ရက်အတွင်း ပြန်လည်ထွက်ခွာရန် တီမောလက်စ်တေသံရုံးယာယီတာဝန်ခံအား ခေါ်ယူညွှန်ကြားထားပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၅ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

တီမောလက်စ်တေအစိုးရက ပြည်တွင်းရေးဝင်ရောက်စွက်ဖက်ခြင်းမပြုရေးမူ အပါအဝင် အာဆီယံပဋိညာဉ်ပါအခြေခံမူများကို လေးစားလိုက်နာမည်ဖြစ်ကြောင်း စာဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း အကြိမ်ကြိမ်ကတိကဝတ်ပြုခဲ့ခြင်းကြောင့် တီမောလက်စ်တေနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်ဖြစ်ရေးကိစ္စအပေါ် မြန်မာနိုင်ငံက မိမိ၏မူလရပ်တည်ချက်ကို ပြန်လည်သုံးသပ်ခဲ့ပြီးနောက် အာဆီယံ၏တူညီဆန္ဒဖြင့် လိုက်ပါဆောင်ရွက်ခဲ့သည်။ သို့ရာတွင် တီမောလက်စ်တေအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာပြီးသည့် နောက်ပိုင်းကာလများတွင်လည်း ၎င်း၏ ကတိကဝတ်များနှင့်တာဝန်များကို လိုက်နာဆောင်ရွက်ခဲ့ခြင်းမရှိသည်ကိုလေ့လာတွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တီမောလက်စ်တေသမ္မတသည် မြန်မာတပ်မတော်အရာရှိကြီးအချို့အပေါ် တရားစွဲဆိုသည့် ချင်းလူ့အခွင့်အရေးအဖွဲ့၏ကိုယ်စားလှယ်ဆိုသူများကို ၁၄-၁-၂၀၂၆ ရက်တွင် လက်ခံ တွေ့ဆုံခဲ့ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏နိုင်ငံအကြီးအကဲတစ်ဦးက အခြားသောအာဆီယံ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို ဆန့်ကျင်နေသည့် တရားမဝင်အဖွဲ့အစည်းတစ်ခုနှင့် ထိတွေ့ဆက်ဆံခဲ့ခြင်းသည် လုံးဝလက်ခံနိုင်ဖွယ်ရာမရှိသည့်အပြင် အဆိုပါအပြုအမူသည် အာဆီယံပဋိညာဉ်နှင့် အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်တို့တွင် ဖော်ပြပါရှိသည့် အခြေခံမူများကိုပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းပင်ကြောင်း ရေးသားထားသည်။

သို့ဖြစ်ရာ နိုင်ငံခြားရေးဝန်ကြီးဌာနသည် တီမောလက်စ်တေသံရုံးယာယီတာဝန်ခံအား ၁၆-၁-၂၀၂၆ ရက်တွင်ဆင့်ခေါ်၍ အဆိုပါအပြုအမူကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း အသိပေးပြီး တီမောလက်စ်တေအနေဖြင့် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနည်းတူ အာဆီယံပဋိညာဉ်ပါအခြေခံမူများကို လေးစားလိုက်နာရန်နှင့် တီမောလက်စ်တေ၏ အပြုသဘော မဆောင်သည့်အပြုအမူအပေါ် ကျိုးကြောင်းဆီလျော်မှုရှိသည့် ဖြေရှင်းချက်တစ်ရပ်ကို တရားဝင် ပြန်လည်ပေးပို့ပေးရန် တောင်းဆိုခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် အခြေအနေကို နီးကပ်စွာ ဆက်လက်လေ့လာစောင့်ကြည့်၍ မြန်မာနိုင်ငံအပေါ်ထားရှိသည့် တီမောလက်စ်တေ၏ သဘောထားရပ်တည်ချက်ပြောင်းလဲခြင်းမရှိပါက ပိုမိုပြင်းထန်သည့် အစီအမံများကို ထပ်မံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည့် သတိထောက်လွှာတစ်စောင်ကိုလည်း တီမောလက်စ်တေသံရုံးယာယီတာဝန်ခံနှင့်တွေ့ဆုံစဉ် ပေးအပ်ခဲ့သည်။
ဆက်လက်၍ အာဆီယံ ၏အခြေခံမူများနှင့်အလေ့အထများကိုဖောက်ဖျက်သည့် တီမောလက်စ်တေ၏ အပြုအမူများကို ပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချသည့် သတင်းထုတ်ပြန်ချက်ကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ၁၈-၁-၂၀၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အလားတူ ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးကာလအတွင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်သည် တီမောလက်စ်တေနိုင်ငံခြားရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးနှင့် ၂၉-၁-၂၀၂၆ ရက်တွင် တွေ့ဆုံစဉ် တီမောလက်စ်တေ၏အပြုအမူကို ပြစ်တင်ရှုတ်ချသည့် မြန်မာအစိုးရ၏ ရပ်တည်ချက်သဘောထားကို ထပ်မံအသိပေးခဲ့ပြီး တီမောလက်စ်တေအစိုးရအနေဖြင့် ၎င်း၏ ကတိကဝတ်များနှင့် အာဆီယံပဋိညာဉ်ပါအခြေခံမူများကို လေးစားလိုက်နာရန်နှင့် နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုယိုယွင်းသွားစေနိုင်သည့်အရေးကိစ္စများအား ရှောင်ရှားနိုင်ရေးအတွက် ကျိုးကြောင်းဆီလျော်မှုရှိသည့် ဖြေရှင်းချက်တစ်ရပ်ကို တရားဝင်ပေးပို့ရန် ထပ်မံတောင်းဆိုခဲ့ရာ ဝန်ကြီးက ဖြေရှင်းချက်ကို တစ်ပတ်အတွင်းပေးပို့မည်ဟု ကတိပြုခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် တီမောလက်စ်တေဘက်မှ ပေးပို့လာမည့် ဖြေရှင်းချက်ကို စောင့်ဆိုင်းနေသည့်ကာလအတွင်း တီမောလက်စ်တေအစိုးရသည် ချင်းလူ့အခွင့်အရေးအဖွဲ့၏ တရားစွဲဆိုမှုကို လက်ခံ၍ အမှုကိုလေ့လာကြည့်ရှုရန် ဝါရင့်ရှေ့နေတစ်ဦးကို ခန့်အပ်တာဝန် ပေးအပ်ခဲ့ကြောင်း ဖော်ပြပါရှိသည့်သတင်းများကို စိတ်ပျက်ဖွယ်ရာတွေ့ရှိရကြောင်း၊ တရားစွဲဆိုမှု ကိုလက်ခံသည့် အလားတူဖြစ်စဉ်မျိုး အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် ယခင်ကမရှိခဲ့ဖူးသဖြင့် ဤဖြစ်စဉ်သည် ယခင်ကမရှိခဲ့ဖူးသည့်အစဉ်အလာနှင့် အပြုသဘောမဆောင်သည့်ဘက်မှ အဓိပ္ပါယ်ကောက်ယူမှုများကို ဖြစ်ပေါ်စေခဲ့သည့်အပြင် မြန်မာပြည်သူများ၏နာကြည်းခံပြင်းမှု များကိုလည်း ပိုမိုမြင့်တက်စေခဲ့သဖြင့် နောက်ဆုံးတွင် အကျိုးဆက်အဖြစ် မြန်မာနိုင်ငံနှင့် တီမောလက်စ်တေနိုင်ငံတို့၏ လက်ရှိနှစ်နိုင်ငံဆက်ဆံရေးအပေါ် မလိုလားအပ်သည့်တန်ပြန် ဆိုးကျိုးများ သက်ရောက်စေခဲ့ကြောင်း ဖော်ပြထားသည်။

ယခင်ကလည်း အကြိမ်ကြိမ် ထောက်ပြပြောဆိုခဲ့သည့်နည်းတူ တီမောလက်စ်တေ သမ္မတ၏ အပြုသဘောမဆောင်သည့်ပြုမူဆောင်ရွက်ချက်များနှင့် ချဉ်းကပ်မှုပုံစံများသည် အာဆီယံပဋိညာဉ်ပါအခြေခံမူများ အထူးသဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး၏ အချုပ် အခြာအာဏာပိုင်ဆိုင်မှုကို လေးစားရန်၊ အခြားသောအာဆီယံအဖွဲ့ဝင်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကသော်လည်းကောင်း၊ အာဆီယံအဖွဲ့ဝင်မဟုတ်သည့် အခြားနိုင်ငံတစ်နိုင်ငံကသော်လည်းကောင်း၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းတစ်ခုခုသော်လည်းကောင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု၊ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့်နိုင်ငံရေးနှင့် စီးပွားရေးတည်ငြိမ်မှုတို့ကို ခြိမ်းခြောက်ရေး အတွက် မိမိ၏ပိုင်နက်နယ်မြေကို အသုံးပြုခွင့်ပြုခြင်းမှ ရှောင်ကြဉ်ရန် ပြဋ္ဌာန်းထားသည့် ပဋိညာဉ် အပိုဒ် ၂၊ အပိုဒ်ခွဲ ၂ (က) ၊ (င) နှင့် (ဋ) ပါ အချက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းပင် ဖြစ်သည်။

မြန်မာနိုင်ငံနှင့် တီမောလက်စ်တေနိုင်ငံတို့၏ နှစ်နိုင်ငံအစိုးရတို့အကြား ဆက်ဆံရေးကောင်းမွန်မှုရှိသော်လည်း တီမောလက်စ်တေ သမ္မတအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်ရေးကို မကြာခဏ ဝင်ရောက်စွက်ဖက်နေသည့်အတွက်ကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ရန်ကုန်မြို့ရှိ တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံ မစ္စတာ အဲလီစီယို ဒို ရိုဆားရီရိုဒီဆော်ဆာ အား ၁၃-၂-၂၀၂၆ ရက်တွင် ဆင့်ခေါ်၍ သံတမန်ဆက်ဆံရေးနှင့်စပ်လျဉ်းသည့် ဗီယင်နာကွန်ဗင်းရှင်း (၁၉၆၁) အပိုဒ် ၉ နှင့် အညီ ၂၀-၂-၂၀၂၆ ရက်မတိုင်မီ မြန်မာနိုင်ငံမှအပြီးအပိုင်ထွက်ခွာရန် ၎င်းအား ညွှန်ကြားခဲ့ပြီး အကယ်၍ တီမောလက်စ်တေအနေဖြင့် မြန်မာနိုင်ငံအပေါ်ထားရှိသည့် ၎င်း၏ ရပ်တည်ချက်သဘောထားများပြောင်းလဲခြင်းမရှိသေးပါက ပိုမိုပြင်းထန်သည့်အစီအမံများ ထပ်မံချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း အသိပေးပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံများအကြား တန်းတူရည်တူရှိရေး၊ အပြန်အလှန်လေးစားရေး၊ ပြည်တွင်းရေးကိစ္စကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရေး၊ အချုပ်အခြာအာဏာလေးစားရေးနှင့် အာဆီယံပဋိညာဉ် နှင့် အရှေ့တောင်အာရှချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်ပါအခြေခံမူများကို လေးစားလိုက်နာရေး စသည့်မူဝါဒများအပေါ်တွင်အခြေပြု၍ နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို ထိန်းသိမ်းထားရှိရန် ဆက်လက်ကတိ ကဝတ်ပြုကြောင်းလည်း ဖော်ပြထားသည်။

Zawgyi Version;
ျမန္မာႏိုင္ငံမွ (၇)ရက္အတြင္း ျပန္လည္ထြက္ခြာရန္ တီေမာလက္စ္ေတသံ႐ုံးယာယီတာဝန္ခံအား ေခၚယူၫႊန္ၾကားထား
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၁၆

ျမန္မာႏိုင္ငံမွ (၇)ရက္အတြင္း ျပန္လည္ထြက္ခြာရန္ တီေမာလက္စ္ေတသံ႐ုံးယာယီတာဝန္ခံအား ေခၚယူၫႊန္ၾကားထားၿပီးျဖစ္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေဖေဖာ္ဝါရီလ ၁၅ ရက္ ညပိုင္းတြင္ သတင္းထုတ္ျပန္သည္။

တီေမာလက္စ္ေတအစိုးရက ျပည္တြင္းေရးဝင္ေရာက္စြက္ဖက္ျခင္းမျပဳေရးမူ အပါအဝင္ အာဆီယံပဋိညာဥ္ပါအေျခခံမူမ်ားကို ေလးစားလိုက္နာမည္ျဖစ္ေၾကာင္း စာျဖင့္လည္းေကာင္း၊ ႏႈတ္ျဖင့္လည္းေကာင္း အႀကိမ္ႀကိမ္ကတိကဝတ္ျပဳခဲ့ျခင္းေၾကာင့္ တီေမာလက္စ္ေတႏိုင္ငံ၏ အာဆီယံအဖြဲ႕ဝင္ျဖစ္ေရးကိစၥအေပၚ ျမန္မာႏိုင္ငံက မိမိ၏မူလရပ္တည္ခ်က္ကို ျပန္လည္သုံးသပ္ခဲ့ၿပီးေနာက္ အာဆီယံ၏တူညီဆႏၵျဖင့္ လိုက္ပါေဆာင္႐ြက္ခဲ့သည္။ သို႔ရာတြင္ တီေမာလက္စ္ေတအေနျဖင့္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံျဖစ္လာၿပီးသည့္ ေနာက္ပိုင္းကာလမ်ားတြင္လည္း ၎၏ ကတိကဝတ္မ်ားႏွင့္တာဝန္မ်ားကို လိုက္နာေဆာင္႐ြက္ခဲ့ျခင္းမရွိသည္ကိုေလ့လာေတြ႕ရွိရေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

တီေမာလက္စ္ေတသမၼတသည္ ျမန္မာတပ္မေတာ္အရာရွိႀကီးအခ်ိဳ႕အေပၚ တရားစြဲဆိုသည့္ ခ်င္းလူ႔အခြင့္အေရးအဖြဲ႕၏ကိုယ္စားလွယ္ဆိုသူမ်ားကို ၁၄-၁-၂၀၂၆ ရက္တြင္ လက္ခံ ေတြ႕ဆုံခဲ့ရာ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံတစ္ႏိုင္ငံ၏ႏိုင္ငံအႀကီးအကဲတစ္ဦးက အျခားေသာအာဆီယံ အဖြဲ႕ဝင္ႏိုင္ငံတစ္ႏိုင္ငံကို ဆန႔္က်င္ေနသည့္ တရားမဝင္အဖြဲ႕အစည္းတစ္ခုႏွင့္ ထိေတြ႕ဆက္ဆံခဲ့ျခင္းသည္ လုံးဝလက္ခံႏိုင္ဖြယ္ရာမရွိသည့္အျပင္ အဆိုပါအျပဳအမူသည္ အာဆီယံပဋိညာဥ္ႏွင့္ အေရွ႕ေတာင္အာရွခ်စ္ၾကည္ေရးႏွင့္ ပူးေပါင္းေဆာင္႐ြက္ေရးသေဘာတူစာခ်ဳပ္တို႔တြင္ ေဖာ္ျပပါရွိသည့္ အေျခခံမူမ်ားကိုေျပာင္ေျပာင္တင္းတင္း ခ်ိဳးေဖာက္ျခင္းပင္ေၾကာင္း ေရးသားထားသည္။

သို႔ျဖစ္ရာ ႏိုင္ငံျခားေရးဝန္ႀကီးဌာနသည္ တီေမာလက္စ္ေတသံ႐ုံးယာယီတာဝန္ခံအား ၁၆-၁-၂၀၂၆ ရက္တြင္ဆင့္ေခၚ၍ အဆိုပါအျပဳအမူကို ျပင္းထန္စြာကန႔္ကြက္ရႈတ္ခ်ေၾကာင္း အသိေပးၿပီး တီေမာလက္စ္ေတအေနျဖင့္ အျခားအာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားနည္းတူ အာဆီယံပဋိညာဥ္ပါအေျခခံမူမ်ားကို ေလးစားလိုက္နာရန္ႏွင့္ တီေမာလက္စ္ေတ၏ အျပဳသေဘာ မေဆာင္သည့္အျပဳအမူအေပၚ က်ိဳးေၾကာင္းဆီေလ်ာ္မႈရွိသည့္ ေျဖရွင္းခ်က္တစ္ရပ္ကို တရားဝင္ ျပန္လည္ေပးပို႔ေပးရန္ ေတာင္းဆိုခဲ့သည္။
ထို႔ျပင္ ျမန္မာႏိုင္ငံအေနျဖင့္ အေျခအေနကို နီးကပ္စြာ ဆက္လက္ေလ့လာေစာင့္ၾကည့္၍ ျမန္မာႏိုင္ငံအေပၚထားရွိသည့္ တီေမာလက္စ္ေတ၏ သေဘာထားရပ္တည္ခ်က္ေျပာင္းလဲျခင္းမရွိပါက ပိုမိုျပင္းထန္သည့္ အစီအမံမ်ားကို ထပ္မံေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ေဖာ္ျပပါရွိသည့္ သတိေထာက္လႊာတစ္ေစာင္ကိုလည္း တီေမာလက္စ္ေတသံ႐ုံးယာယီတာဝန္ခံႏွင့္ေတြ႕ဆုံစဥ္ ေပးအပ္ခဲ့သည္။
ဆက္လက္၍ အာဆီယံ ၏အေျခခံမူမ်ားႏွင့္အေလ့အထမ်ားကိုေဖာက္ဖ်က္သည့္ တီေမာလက္စ္ေတ၏ အျပဳအမူမ်ားကို ျပင္းျပင္းထန္ထန္ျပစ္တင္ရႈတ္ခ်သည့္ သတင္းထုတ္ျပန္ခ်က္ကိုလည္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ၁၈-၁-၂၀၂၆ ရက္တြင္ ထုတ္ျပန္ခဲ့သည္။

အလားတူ ဖိလစ္ပိုင္ႏိုင္ငံ၊ စီဘူးၿမိဳ႕တြင္ က်င္းပသည့္ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ား၏ သီးသန႔္အစည္းအေဝးကာလအတြင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ အၿမဲတမ္းအတြင္းဝန္သည္ တီေမာလက္စ္ေတႏိုင္ငံျခားေရးႏွင့္ပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီးႏွင့္ ၂၉-၁-၂၀၂၆ ရက္တြင္ ေတြ႕ဆုံစဥ္ တီေမာလက္စ္ေတ၏အျပဳအမူကို ျပစ္တင္ရႈတ္ခ်သည့္ ျမန္မာအစိုးရ၏ ရပ္တည္ခ်က္သေဘာထားကို ထပ္မံအသိေပးခဲ့ၿပီး တီေမာလက္စ္ေတအစိုးရအေနျဖင့္ ၎၏ ကတိကဝတ္မ်ားႏွင့္ အာဆီယံပဋိညာဥ္ပါအေျခခံမူမ်ားကို ေလးစားလိုက္နာရန္ႏွင့္ ႏွစ္ႏိုင္ငံ ဆက္ဆံေရးကို ပိုမိုယိုယြင္းသြားေစႏိုင္သည့္အေရးကိစၥမ်ားအား ေရွာင္ရွားႏိုင္ေရးအတြက္ က်ိဳးေၾကာင္းဆီေလ်ာ္မႈရွိသည့္ ေျဖရွင္းခ်က္တစ္ရပ္ကို တရားဝင္ေပးပို႔ရန္ ထပ္မံေတာင္းဆိုခဲ့ရာ ဝန္ႀကီးက ေျဖရွင္းခ်က္ကို တစ္ပတ္အတြင္းေပးပို႔မည္ဟု ကတိျပဳခဲ့သည္။

ႏိုင္ငံျခားေရးဝန္ႀကီးဌာနအေနျဖင့္ တီေမာလက္စ္ေတဘက္မွ ေပးပို႔လာမည့္ ေျဖရွင္းခ်က္ကို ေစာင့္ဆိုင္းေနသည့္ကာလအတြင္း တီေမာလက္စ္ေတအစိုးရသည္ ခ်င္းလူ႔အခြင့္အေရးအဖြဲ႕၏ တရားစြဲဆိုမႈကို လက္ခံ၍ အမႈကိုေလ့လာၾကည့္ရႈရန္ ဝါရင့္ေရွ႕ေနတစ္ဦးကို ခန႔္အပ္တာဝန္ ေပးအပ္ခဲ့ေၾကာင္း ေဖာ္ျပပါရွိသည့္သတင္းမ်ားကို စိတ္ပ်က္ဖြယ္ရာေတြ႕ရွိရေၾကာင္း၊ တရားစြဲဆိုမႈ ကိုလက္ခံသည့္ အလားတူျဖစ္စဥ္မ်ိဳး အျခားအာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားတြင္ ယခင္ကမရွိခဲ့ဖူးသျဖင့္ ဤျဖစ္စဥ္သည္ ယခင္ကမရွိခဲ့ဖူးသည့္အစဥ္အလာႏွင့္ အျပဳသေဘာမေဆာင္သည့္ဘက္မွ အဓိပၸါယ္ေကာက္ယူမႈမ်ားကို ျဖစ္ေပၚေစခဲ့သည့္အျပင္ ျမန္မာျပည္သူမ်ား၏နာၾကည္းခံျပင္းမႈ မ်ားကိုလည္း ပိုမိုျမင့္တက္ေစခဲ့သျဖင့္ ေနာက္ဆုံးတြင္ အက်ိဳးဆက္အျဖစ္ ျမန္မာႏိုင္ငံႏွင့္ တီေမာလက္စ္ေတႏိုင္ငံတို႔၏ လက္ရွိႏွစ္ႏိုင္ငံဆက္ဆံေရးအေပၚ မလိုလားအပ္သည့္တန္ျပန္ ဆိုးက်ိဳးမ်ား သက္ေရာက္ေစခဲ့ေၾကာင္း ေဖာ္ျပထားသည္။

ယခင္ကလည္း အႀကိမ္ႀကိမ္ ေထာက္ျပေျပာဆိုခဲ့သည့္နည္းတူ တီေမာလက္စ္ေတ သမၼတ၏ အျပဳသေဘာမေဆာင္သည့္ျပဳမူေဆာင္႐ြက္ခ်က္မ်ားႏွင့္ ခ်ဥ္းကပ္မႈပုံစံမ်ားသည္ အာဆီယံပဋိညာဥ္ပါအေျခခံမူမ်ား အထူးသျဖင့္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံအားလုံး၏ အခ်ဳပ္ အျခာအာဏာပိုင္ဆိုင္မႈကို ေလးစားရန္၊ အျခားေသာအာဆီယံအဖြဲ႕ဝင္ႏိုင္ငံ၏ ျပည္တြင္းေရးကိစၥကို ဝင္ေရာက္စြက္ဖက္ျခင္းမျပဳရန္၊ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံတစ္ႏိုင္ငံကေသာ္လည္းေကာင္း၊ အာဆီယံအဖြဲ႕ဝင္မဟုတ္သည့္ အျခားႏိုင္ငံတစ္ႏိုင္ငံကေသာ္လည္းေကာင္း၊ အစိုးရမဟုတ္သည့္ အဖြဲ႕အစည္းတစ္ခုခုေသာ္လည္းေကာင္း အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ား၏ အခ်ဳပ္အျခာအာဏာ ပိုင္ဆိုင္မႈ၊ နယ္ေျမတည္တံ့ခိုင္ၿမဲမႈႏွင့္ႏိုင္ငံေရးႏွင့္ စီးပြားေရးတည္ၿငိမ္မႈတို႔ကို ၿခိမ္းေျခာက္ေရး အတြက္ မိမိ၏ပိုင္နက္နယ္ေျမကို အသုံးျပဳခြင့္ျပဳျခင္းမွ ေရွာင္ၾကဥ္ရန္ ျပ႒ာန္းထားသည့္ ပဋိညာဥ္ အပိုဒ္ ၂၊ အပိုဒ္ခြဲ ၂ (က) ၊ (င) ႏွင့္ (ဋ) ပါ အခ်က္မ်ားကို ေျပာင္ေျပာင္တင္းတင္း ခ်ိဳးေဖာက္ျခင္းပင္ ျဖစ္သည္။

ျမန္မာႏိုင္ငံႏွင့္ တီေမာလက္စ္ေတႏိုင္ငံတို႔၏ ႏွစ္ႏိုင္ငံအစိုးရတို႔အၾကား ဆက္ဆံေရးေကာင္းမြန္မႈရွိေသာ္လည္း တီေမာလက္စ္ေတ သမၼတအေနျဖင့္ ျမန္မာႏိုင္ငံ၏ ျပည္တြင္ေရးကို မၾကာခဏ ဝင္ေရာက္စြက္ဖက္ေနသည့္အတြက္ေၾကာင့္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနသည္ ရန္ကုန္ၿမိဳ႕ရွိ တီေမာလက္စ္ေတ သံ႐ုံးယာယီတာဝန္ခံ မစၥတာ အဲလီစီယို ဒို ႐ိုဆားရီ႐ိုဒီေဆာ္ဆာ အား ၁၃-၂-၂၀၂၆ ရက္တြင္ ဆင့္ေခၚ၍ သံတမန္ဆက္ဆံေရးႏွင့္စပ္လ်ဥ္းသည့္ ဗီယင္နာကြန္ဗင္းရွင္း (၁၉၆၁) အပိုဒ္ ၉ ႏွင့္ အညီ ၂၀-၂-၂၀၂၆ ရက္မတိုင္မီ ျမန္မာႏိုင္ငံမွအၿပီးအပိုင္ထြက္ခြာရန္ ၎အား ၫႊန္ၾကားခဲ့ၿပီး အကယ္၍ တီေမာလက္စ္ေတအေနျဖင့္ ျမန္မာႏိုင္ငံအေပၚထားရွိသည့္ ၎၏ ရပ္တည္ခ်က္သေဘာထားမ်ားေျပာင္းလဲျခင္းမရွိေသးပါက ပိုမိုျပင္းထန္သည့္အစီအမံမ်ား ထပ္မံခ်မွတ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းကိုလည္း အသိေပးေျပာၾကားခဲ့သည္။

ျမန္မာႏိုင္ငံအေနျဖင့္ ႏိုင္ငံမ်ားအၾကား တန္းတူရည္တူရွိေရး၊ အျပန္အလွန္ေလးစားေရး၊ ျပည္တြင္းေရးကိစၥကို ဝင္ေရာက္စြက္ဖက္ျခင္းမျပဳေရး၊ အခ်ဳပ္အျခာအာဏာေလးစားေရးႏွင့္ အာဆီယံပဋိညာဥ္ ႏွင့္ အေရွ႕ေတာင္အာရွခ်စ္ၾကည္ေရးႏွင့္ပူးေပါင္းေဆာင္႐ြက္ေရးသေဘာတူစာခ်ဳပ္ပါအေျခခံမူမ်ားကို ေလးစားလိုက္နာေရး စသည့္မူဝါဒမ်ားအေပၚတြင္အေျချပဳ၍ ႏိုင္ငံအားလုံးႏွင့္ ခ်စ္ၾကည္ရင္းႏွီးေသာဆက္ဆံေရးကို ထိန္းသိမ္းထားရွိရန္ ဆက္လက္ကတိ ကဝတ္ျပဳေၾကာင္းလည္း ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.