ဘဏ္ဍာရေး အကျပ်အတည်းနဲ့အတူ ကုလသမဂ္ဂ နိဂုံးချုပ်ချိန်ရောက်ပြီလား

 232

တင်ဇာ (NP News) - ဖေဖော်ဝါရီ ၁၇

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဟာ “ကုလသမဂ္ဂရဲ့ လက်ရှိ ဘဏ္ဍာရေး အခြေအနေကို အလေးပေးဖော်ပြဖို့” အတွက် ပြီးခဲ့တဲ့ အပတ်က ကုလသမဂ္ဂအဖွဲ့ဝင် (၁၉၃) နိုင်ငံဆီ စာတစ်စောင် ရေးသားပေးပို့ခဲ့ပါတယ်။ ကုလ သမဂ္ဂအဖွဲ့ကြီးဟာ ဘဏ္ဍာရေးဆိုင်ရာ ပြိုလဲမှုနဲ့ ရင်ဆိုင်နေရပြီး အခုလာမယ့် ဇူလိုင်လအစောပိုင်းမှာတင် ငွေကြေးပြတ်လပ်သွားနိုင်တယ်လို့ သူက ရေး သားခဲ့ပါတယ်။ “အလုပ်အကိုင်တွေ ဆုံးရှုံးနေတာ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ အကြီးအကျယ် ဖြတ်တောက်ခံရတာတွေကို ကျွန်တော်တို့မြင်တွေ့နေရပါတယ်။ စားနပ် ရိက္ခာ ခွဲတမ်းတွေ ဖြတ်တောက်ခံရသလို ဒုက္ခသည်တွေအတွက် ဝန်ဆောင်မှုတွေကိုလည်း လျှော့ချ လိုက်ရပါပြီ” လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူ ဂျာရစ်က ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ သတင်းရင်းမြစ်တွေကတော့ ဒီနွေရာသီမှာ မန်ဟက်တန်မှာရှိတဲ့ ကုလသမဂ္ဂဌာန ချုပ်ကို ပိတ်ပစ်ရဖို့သေချာသလောက်ရှိနေပြီလို့ ဖော်ပြကြပါတယ်။ အခုအချိန်အထိ ဌာနချုပ်ရဲ့လုပ်ငန်း လည်ပတ်မှုစရိတ်တွေလျှော့ချဖို့ ဆောင်ရွက်ချက်တွေထဲမှာ လုံခြုံရေးဂိတ်တွေ လျှော့ချတာ၊ စက်လှေ ကားတွေ ပိတ်ထားတာ၊ အပူပေးစနစ် လျှော့ချတာ၊ စားသောက်ကုန် ဝန်ဆောင်မှုတွေ ရပ်နားတာနဲ့ ရေချိုးခန်းတွေက လက်သုတ်ပဝါတွေကို ဖယ်ရှားတာတွေ ပါဝင်နေပါတယ်။ တစ်ဖက်မှာလည်း UN80 လို့ လူသိများတဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ထိရောက်မှုမြှင့်တင်ရေးစီမံချက်အရ ကုလသမဂ္ဂရဲ့ ဝန်ထမ်းအင် အား (၃၅,ဝဝဝ) ထဲက (၂၀) ရာခိုင်နှုန်းကို ဖြတ်တောက်ဖို့လုပ်ဆောင်နေတာကြောင့် အဖွဲ့ကြီးရဲ့အဓိက တာဝန်တွေကို ထမ်းဆောင်နိုင်စွမ်းအပေါ် စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ တစ်ဖွဲ့လုံးအတိုင်းအတာနဲ့ ကြည့်ရင်လည်း ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာဟာ အနိမ့်ဆုံးအခြေအနေကို ရောက်ရှိနေပါ တယ်။
ကုလသမဂ္ဂအရာရှိတွေရဲ့အဆိုအရ ကုလသမဂ္ဂ ပုံမှန်ဘတ်ဂျက်အတွက် ပေးသွင်းဖို့ကျန်ရှိနေတဲ့ အကြွေးစုစုပေါင်းရဲ့ (၉၅) ရာခိုင်နှုန်းကျော်ဟာ အမေရိကန်က ပေးရမယ့် အကြွေးတွေ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ အစောပိုင်းအထိ အမေရိကန်ကပေးရမယ့် အကြွေးပမာဏဟာ ဒေါ်လာ (၂ ဒသမ ၁၉) ဘီလျံရှိနေပါတယ်။ ဒါ့ပြင် အမေရိကန်ဟာ ယခုလက်ရှိနဲ့ ယခင်က ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်း စဉ်တွေအတွက် ဒေါ်လာ (၂ ဒသမ ၄) ဘီလျံနဲ့ ကုလသမဂ္ဂခုံရုံးတွေအတွက် ဒေါ်လာ (၄၃ ဒသမ ၆) သန်း ပေးဆောင်ဖို့ကျန်ရှိနေသေးပါတယ်။ ရက်သတ္တပတ်ပေါင်းများစွာ ညှိနှိုင်းဆွေးနွေးပြီးနောက်မှာ ကုလ သမဂ္ဂ အထွေထွေညီလာခံက (၂၀၂၆) ခုနှစ် ပုံမှန်ဘတ်ဂျက်အတွက် ဒေါ်လာ (၃ ဒသမ ၄၅) ဘီလျံကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ၊ (၃၀) ရက်မှာ အတည်ပြုပေးခဲ့ပါတယ်။ ဒီဘတ်ဂျက်ဟာ နယူးယောက်မှာရှိတဲ့ ဌာနချုပ်အပါအဝင် ကမ္ဘာတစ်ဝန်းက ကုလသမဂ္ဂ ရုံးခန်းတွေလည်ပတ်ဖို့၊ ဝန်ထမ်းလစာတွေပေးဖို့၊ အစည်းအဝေးတွေ ကျင်းပဖို့နဲ့ ဖွံ့ဖြိုးရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းတွေအတွက် ကုန်ကျ စရိတ် တွေကို အသုံးပြုမှာ ဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ ဘဏ္ဍာရေးအကျပ်အတည်းဟာ သမ္မတဒေါ်နယ်ထရမ့်လက်ထက်မှာ အမေရိကန် က ကဏ္ဍပေါင်းစုံမှာ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးလမ်းစဉ်ကနေ နောက်ဆုတ်လာချိန်မှာ စတင်ပေါ် ပေါက်လာတာဖြစ်ပါတယ်။ အမေရိကန်ရဲ့ ကုလသမဂ္ဂ အကြွေးတင်တဲ့ ရာဇဝင်ဟာ ဆယ်စုနှစ်ပေါင်း များစွာ ကြာခဲ့ပြီဖြစ်ပေမယ့် ထရမ့်သမ္မတသက်တမ်းအတွင်းမှာတော့ ပေးသွင်းဖို့ကျန်ရှိနေတဲ့ အကြွေး ပမာဏဟာ သိသိသာသာကို တိုးလာခဲ့ပါတယ်။ ကုလသမဂ္ဂအရာရှိတွေရဲ့ပြောကြားချက်အရ အမေရိ ကန်ဟာ ပြီးခဲ့တဲ့နှစ်က ပုံမှန်ဘတ်ဂျက်အတွက် ငွေကြေးပေးသွင်းခဲ့ခြင်း မရှိဘဲ အဲဒီအတွက် ဒေါ်လာ (၈၂၇) သန်းနဲ့ (၂၀၂၆) ခုနှစ်အတွက် ဒေါ်လာ (၇၆၇) သန်းပေးဆောင်ဖို့ ကျန်ရှိနေပါတယ်။
ဖေဖော်ဝါရီလ (၃) ရက်မှာ သမ္မတထရမ့်ဟာ ကုလသမဂ္ဂနဲ့ တခြားနိုင်ငံတကာအဖွဲ့အစည်းတွေ ကို ပေးဆောင်ရမယ့် အမေရိကန်ရဲ့ အကြွေးတွေအတွက် ဒေါ်လာ (၃ ဒသမ ၁) ဘီလျံပါဝင်တဲ့ အသုံး စရိတ် ဥပဒေကြမ်းကို လက်မှတ်ရေးထိုးအတည်ပြုခဲ့ပါတယ်။ သူပြောတဲ့ ဒီရန်ပုံငွေဟာ ပြီးခဲ့တဲ့နှစ်က ပေးဖို့ ကျန်တဲ့ အကြွေးလား၊ (၂၀၂၆) ခုနှစ်အတွက်လား ဒါမှမဟုတ် နှစ်ခုလုံးအတွက်လားလို့ မေးမြန်းရာ မှာတော့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် ဝေါ့စ်က “ယေဘုယျအားဖြင့်တော့ ပေးဖို့ကျန်နေတဲ့ အကြွေးတွေအတွက် ဖြစ်သလို၊ ကျွန်တော်တို့မြင်တွေ့နေရတဲ့ ကုလသမဂ္ဂရဲ့ ပြုပြင်ပြောင်းလဲမှုတချို့ကို အသိအမှတ်ပြုတဲ့အနေနဲ့လည်းဖြစ်ပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။ ထရမ့်လက်ထက်မှာ ကုလသမဂ္ဂရဲ့ ပုံမှန်ဘတ်ဂျက်နဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းမှု ဘတ်ဂျက်တွေအတွက် မဖြစ်မနေပေးသွင်းရမယ့်ငွေတွေကို ငြင်းဆန်ခဲ့ရုံတင်မကဘဲ၊ ကိုယ်ပိုင် ဘတ်ဂျက်နဲ့ရပ်တည်နေတဲ့ ကုလသမဂ္ဂ လက်အောက်ခံ အေဂျင်စီ တွေကို စေတနာအလျောက် ထောက်ပံ့နေတဲ့ရန်ပုံငွေတွေကိုလည်း အမေရိကန်ကဖြတ်တောက်ခဲ့ပါ တယ်။ ဒါ့ပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းတွေကနေ နုတ်ထွက် ဖို့လည်းလုပ်ဆောင်ခဲ့ပါတယ်။
ကုလသမဂ္ဂကနေ အမေရိကန်နုတ်ထွက်ဖို့ ကြိုးပမ်းနေတဲ့အချိန်မှာ ကုလသမဂ္ဂအနေနဲ့ရော ငြိမ်း ချမ်းရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းတွေအပါအဝင် ကမ္ဘာ့အကျိုးပြုလုပ်ငန်းတွေကို အမှန် တကယ်ပဲ ထိထိရောက်ရောက် စွမ်းဆောင်နိုင်ရဲ့လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ဒီ ပြဿနာတွေဟာ အခုမှ ပေါ်ပေါက်လာတာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ အနှစ် (၂၀)၊ (၂၀ဝ၅) ခုနှစ်တုန်းက အမေရိကန် ဗဟိုဘဏ်ဥက္ကဋ္ဌဟောင်း ပေါလ်ဗော်လ် ကာဦးဆောင်တဲ့ စုံစမ်းရေးကော်မတီဟာ ကုလ သမဂ္ဂရဲ့ “ရေနံနဲ့ စားနပ်ရိက္ခာ လဲလှယ်ရေး” (Oil-for-food) အစီအစဉ်ရဲ့အရှုပ်တော်ပုံတွေကို ဖော်ထုတ် ခဲ့ပါတယ်။ ဒီအစီအစဉ်ဟာ (၁၉၉၆) ခုနှစ်က အီရတ်ပြည်သူတွေကို ကူညီဖို့ အီရတ်ရဲ့ ကိုယ်ပိုင် ရေနံ ရောင်းရငွေနဲ့ လည်ပတ်ခဲ့တဲ့ ပထမဆုံးသော လူသားချင်းစာနာမှုဆိုင်ရာ စီမံကိန်းကြီးဖြစ်ပါတယ်။ အဲဒီ အချိန်က အထက်လွှတ်တော်မှာ ဗော်လ်ကာတင်ပြခဲ့တဲ့ အစီရင်ခံစာအရ ကုလသမဂ္ဂ အတွင်းပိုင်းအထိ ပျံ့နှံ့နေတဲ့ စီမံခန့်ခွဲမှု အလွဲအချော်တွေ၊ ကျင့်ဝတ်ပျက်ယွင်းမှုတွေနဲ့ အဂတိလိုက်စားမှုတွေဟာ အဖွဲ့ကြီး ရဲ့ ဂုဏ်သိက္ခာနဲ့ လုပ်နိုင်စွမ်းအပေါ် ယုံကြည်မှုကို အကြီးအကျယ်ပျက်စီးစေခဲ့ပါတယ်။ ဒါကြောင့်လည်း ကုလသမဂ္ဂအနေနဲ့ “ဘက်စုံပြုပြင်ပြောင်းလဲမှုတွေ အရေးတကြီးလိုအပ်နေတယ်” ဆိုတဲ့ ရှောင်လွှဲလို့ မရ တဲ့ ကောက်ချက်ကို ချမှတ်ခဲ့ပါတယ်။
ဒါပေမဲ့ (၂၀ဝ၅) ခုနှစ်ကနေအခုအထိ ကုလသမဂ္ဂဟာ သူတို့ရဲ့ဂုဏ်သိက္ခာကို ပြန်လည်အဖတ် ဆယ်နိုင်ခြင်း မရှိသေးတာကို တွေ့ရပါတယ်။ အာဖရိက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ လာဘ်ပေး လာဘ်ယူမှုတွေ၊ ပစ္စည်းဝယ်ယူမှုတွေမှာ လိမ်လည်မှုတွေအပြင် ဗဟိုအာဖရိကသမ္မတနိုင်ငံမှာရှိတဲ့ ငြိမ်း ချမ်းရေးထိန်းသိမ်းရေးသမားတွေရဲ့ လိင်ပိုင်းဆိုင်ရာအလွဲသုံးစားမှုစွပ်စွဲချက်တွေပါ ထပ်မံပေါ်ထွက်လာ ခဲ့ပါတယ်။ ဒီလိုကြီးလေးတဲ့ကိစ္စရပ်တွေကို ကိုင်တွယ်ရာမှာလည်း ကုလသမဂ္ဂရဲ့အဖွဲ့အစည်းအတွင်း စောင့်ကြည့်စစ်ဆေးရေး ယန္တရားတွေအပေါ်မှာပဲ ပုံသေအားကိုးပြီး ဆုံးဖြတ်နေခဲ့ကြတာဖြစ်ပါတယ်။
ဒါ့ပြင် ဝေဖန်သူတချို့က ကုလသမဂ္ဂဟာ ဘက်လိုက်မှုရှိတယ်လို့သတ်မှတ်ကြပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကို မျှမျှတတ ကိုင်တွယ်နိုင်စွမ်း ရှိ၊ မရှိ မေးခွန်းထုတ်နေကြ ပါတယ်။ ဥပမာအားဖြင့် အမေရိကန်ရဲ့ အီရတ်ကျူးကျော်စစ်မှာ ကုလသမဂ္ဂရဲ့ရပ်တည်ချက်ဟာ ဘက် လိုက်မှုရှိတယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ ပရော်ဖက်ဆာ မော်ရပ်ဆစ်က “ဒီမိုကရေစီဆိုတာ အတင်းအဓမ္မ တိုက်တွန်းတာ ဒါမှမဟုတ် ပြဋ္ဌာန်းတာမျိုး မဖြစ်သင့်ဘူး” လို့ဆိုပါတယ်။ ဘုရှ်အစိုးရရဲ့ အီရတ်အရေးမှာ ဝင်ရောက်စွက်ဖက်မှုဟာ စေတနာအမှန်နဲ့ လုပ်ဆောင်တာလို့ ရှုမြင်ကြပေမဲ့ လုံးဝကို မှားယွင်းခဲ့ပါ တယ်။ ကုလသမဂ္ဂဟာ အမေရိကန်ရဲ့ အီရတ်အပေါ် တိုက်ခိုက်မှုကို မတားဆီးနိုင်ခဲ့တာကြောင့် အာရပ် ကမ္ဘာ့နိုင်ငံအတော်များများရဲ့ ထောက်ခံမှုကို ဆုံးရှုံးခဲ့ရပါတယ်။
ဒါ့ပြင် ပါလက်စတိုင်းနဲ့ အစ္စရေးစစ်ပွဲမှာ ကုလသမဂ္ဂက ကြားဝင်စွက်ဖက်ဖို့ ပျက်ကွက်ခဲ့တာဟာ လည်း နိုင်ငံတကာကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ သူတို့ရဲ့ဂုဏ်သိက္ခာနဲ့ အရည်အချင်းအပေါ် မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။ ထပ်မံပြောရရင် ယူဂိုဆလားဗီးယားနိုင်ငံအပေါ် နေတိုးအဖွဲ့ရဲ့ ဗုံး ကြဲမှုကို ကုလသမဂ္ဂက ရှုတ်ချဖို့ ပျက်ကွက်ခဲ့တာဟာ အဖွဲ့ကြီးအနေနဲ့ ဘက်မလိုက်ဘဲ ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်းရှိ၊ မရှိ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ဇင်ဘာဘွေနိုင်ငံဟာ ဒီမိုကရေစီ မဆန်ဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ ကုလသမဂ္ဂက ကုန်သွယ်ရေးပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တာမျိုးရှိခဲ့ဖူးပါတယ်။ နောက်ထပ် အားနည်းချက်တစ်ခုကတော့ ကုလသမဂ္ဂဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေအပေါ် အလွန်အမင်း မှီခို နေရတာပဲ ဖြစ်ပါတယ်။ ဒီလိုအလွန်အမင်း မှီခိုနေရမှုဟာ အဖွဲ့ကြီးရဲ့ ဘက်မလိုက်ဘဲ ဆုံးဖြတ်ချက်ချ နိုင်စွမ်းအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေရှိနေပါတယ်။ ဒီဖွံ့ဖြိုးပြီးနိုင်ငံတွေဟာ ကုလသမဂ္ဂအတွက် အဓိကရန်ပုံငွေ ထည့်ဝင်နေသူတွေဖြစ်တာကြောင့် သူတို့အပေါ် အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ ကုလ သမဂ္ဂအတွက် ခက်ခဲနေတာဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် အငြင်းပွားမှုတွေကို ဘက် မလိုက်ဘဲ ဖြေရှင်းနိုင်မယ့် ကုလသမဂ္ဂရဲ့ စွမ်းဆောင်ရည်အပေါ် သံသယတွေ မြင့်တက်လာစေပါတယ်။
ကုလသမဂ္ဂဟာ ဖွဲ့စည်းပုံဆိုင်ရာ အားနည်းချက်တွေ၊ အဂတိလိုက်စားမှုတွေနဲ့ဘဏ္ဍာရေး အ ကျပ်အတည်းတွေကြားမှာ ရုန်းကန်နေရချိန်မှာပဲ သမ္မတ ထရမ့်ကတော့ ပိုမိုပြတ်သားတဲ့လမ်းစဉ်သစ် တစ်ခုအဖြစ် “Board of Peace”ကို ဖွဲ့စည်းလိုက်ပါတယ်။ ဒီဘုတ်အဖွဲ့ဟာ ကုလသမဂ္ဂလိုမျိုးနိုင်ငံ ပေါင်းစုံရဲ့ သဘောထားကို အချိန်ယူညှိနှိုင်းနေရတဲ့ ကြန့်ကြာမှုတွေကို ကျော်ဖြတ်ပြီး သမ္မတရဲ့ တိုက် ရိုက်ညွှန်ကြားမှုနဲ့ ကမ္ဘာ့ပဋိပက္ခတွေကို မြန်မြန်ဆန်ဆန် ဖြေရှင်းဖို့ ရည်ရွယ်ထားပါတယ်။ အထူးသဖြင့် စစ်ရေး နည်းလမ်းထက် စီးပွားရေးဆိုင်ရာ အပေးအယူတွေကို အခြေခံတဲ့ “လက်တွေ့ကျ ငြိမ်းချမ်းရေး” ဖော်ဆောင်မှုကိုအဓိကထားပြီး အမေရိကန်ရဲ့ ရန်ပုံငွေတွေကို အမေရိကန်ကိုယ်တိုင် အပြည့်အဝ စီမံ ခန့်ခွဲခွင့်ရှိမယ့် စနစ်တစ်ခုလည်းဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတကာရေးရာတွေကို ကိုင်တွယ်ရာမှာ စံနှုန်း ဟောင်းတွေထက် လက်တွေ့ကျတဲ့အကျိုးအမြတ်နဲ့ တည်ငြိမ်မှုကို ပိုမိုဦးစားပေးမယ့်အပြောင်းအလဲ တစ်ခုလည်း ဖြစ်နိုင်ပါတယ်။
အရင်က ကုလသမဂ္ဂကို အားကိုးခဲ့တဲ့ အမေရိကန်က အခုတော့ “Board of Peace” လိုမျိုးကိုယ် ပိုင်လမ်းစဉ်တွေကို ဖော်ဆောင်လာတာဟာ ကုလ သမဂ္ဂရဲ့ အခန်းကဏ္ဍကို ဘေးဖယ်လိုက်တာ ဖြစ်ပါ တယ်။ အင်အားကြီးနိုင်ငံတွေက ကုလသမဂ္ဂကို အသုံးမပြုတော့ဘဲ ပြင်ပမှာပဲ အပေးအယူလုပ်တော့ မယ်ဆိုရင် ကုလသမဂ္ဂဟာ “အမည်ခံ” အဖွဲ့အစည်းသက်သက်ပဲ ဖြစ်ကျန်ရစ်တော့မှာ ဖြစ်ပါတယ်။ ဒါ ကြောင့် နိဂုံးချုပ်သုံးသပ်ရရင် ကုလသမဂ္ဂဟာ လုံးဝပျောက်ကွယ်သွားတာထက် အာဏာမရှိတဲ့ သာမန် ဆွေးနွေးပွဲကျင်းပရာ နေရာတစ်ခု (Talk Shop) အဖြစ်ပြောင်းလဲသွားနိုင်တဲ့အခြေအနေရှိနေပါတယ်။ အခုလုပ်ဆောင်နေတဲ့ UN80 လို ပြုပြင်ပြောင်းလဲရေးတွေကသာ အမှန်တကယ် အလုပ်မဖြစ်ဘူးဆိုရင် တော့ ကုလသမဂ္ဂရဲ့ ခေတ်တစ်ခေတ်ဟာ တကယ်ပဲ နိဂုံးချုပ်သွားနိုင်ပါတယ်။

Zawgyi Version;
ဘ႑ာေရး အက်ပ္အတည္းနဲ႔အတူ ကုလသမဂၢ နိဂုံးခ်ဳပ္ခ်ိန္ေရာက္ၿပီလား
တင္ဇာ (NP News) - ေဖေဖာ္ဝါရီ ၁၇
ကုလသမဂၢအေထြေထြအတြင္းေရးမႉးခ်ဳပ္ အန္တိုနီယို ဂူတာရက္စ္ဟာ “ကုလသမဂၢရဲ႕ လက္ရွိ ဘ႑ာေရး အေျခအေနကို အေလးေပးေဖာ္ျပဖို႔” အတြက္ ၿပီးခဲ့တဲ့ အပတ္က ကုလသမဂၢအဖြဲ႕ဝင္ (၁၉၃) ႏိုင္ငံဆီ စာတစ္ေစာင္ ေရးသားေပးပို႔ခဲ့ပါတယ္။ ကုလ သမဂၢအဖြဲ႕ႀကီးဟာ ဘ႑ာေရးဆိုင္ရာ ၿပိဳလဲမႈနဲ႔ ရင္ဆိုင္ေနရၿပီး အခုလာမယ့္ ဇူလိုင္လအေစာပိုင္းမွာတင္ ေငြေၾကးျပတ္လပ္သြားႏိုင္တယ္လို႔ သူက ေရး သားခဲ့ပါတယ္။ “အလုပ္အကိုင္ေတြ ဆုံးရႈံးေနတာ၊ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ဖြံ႕ၿဖိဳးေရး လုပ္ငန္းေတြမွာ အႀကီးအက်ယ္ ျဖတ္ေတာက္ခံရတာေတြကို ကြၽန္ေတာ္တို႔ျမင္ေတြ႕ေနရပါတယ္။ စားနပ္ ရိကၡာ ခြဲတမ္းေတြ ျဖတ္ေတာက္ခံရသလို ဒုကၡသည္ေတြအတြက္ ဝန္ေဆာင္မႈေတြကိုလည္း ေလွ်ာ့ခ် လိုက္ရပါၿပီ” လို႔ ကုလသမဂၢ အေထြေထြအတြင္းေရးမႉးခ်ဳပ္ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ စတီဖင္ဒူ ဂ်ာရစ္က ေျပာၾကားခဲ့ပါတယ္။
ကုလသမဂၢရဲ႕ သတင္းရင္းျမစ္ေတြကေတာ့ ဒီေႏြရာသီမွာ မန္ဟက္တန္မွာရွိတဲ့ ကုလသမဂၢဌာန ခ်ဳပ္ကို ပိတ္ပစ္ရဖို႔ေသခ်ာသေလာက္ရွိေနၿပီလို႔ ေဖာ္ျပၾကပါတယ္။ အခုအခ်ိန္အထိ ဌာနခ်ဳပ္ရဲ႕လုပ္ငန္း လည္ပတ္မႈစရိတ္ေတြေလွ်ာ့ခ်ဖို႔ ေဆာင္႐ြက္ခ်က္ေတြထဲမွာ လုံၿခဳံေရးဂိတ္ေတြ ေလွ်ာ့ခ်တာ၊ စက္ေလွ ကားေတြ ပိတ္ထားတာ၊ အပူေပးစနစ္ ေလွ်ာ့ခ်တာ၊ စားေသာက္ကုန္ ဝန္ေဆာင္မႈေတြ ရပ္နားတာနဲ႔ ေရခ်ိဳးခန္းေတြက လက္သုတ္ပဝါေတြကို ဖယ္ရွားတာေတြ ပါဝင္ေနပါတယ္။ တစ္ဖက္မွာလည္း UN80 လို႔ လူသိမ်ားတဲ့ ျပဳျပင္ေျပာင္းလဲေရးနဲ႔ ထိေရာက္မႈျမႇင့္တင္ေရးစီမံခ်က္အရ ကုလသမဂၢရဲ႕ ဝန္ထမ္းအင္ အား (၃၅,ဝဝဝ) ထဲက (၂၀) ရာခိုင္ႏႈန္းကို ျဖတ္ေတာက္ဖို႔လုပ္ေဆာင္ေနတာေၾကာင့္ အဖြဲ႕ႀကီးရဲ႕အဓိက တာဝန္ေတြကို ထမ္းေဆာင္ႏိုင္စြမ္းအေပၚ စိုးရိမ္မႈေတြ ျမင့္တက္ေနပါတယ္။ တစ္ဖြဲ႕လုံးအတိုင္းအတာနဲ႔ ၾကည့္ရင္လည္း ဝန္ထမ္းေတြရဲ႕ စိတ္ဓာတ္ပိုင္းဆိုင္ရာဟာ အနိမ့္ဆုံးအေျခအေနကို ေရာက္ရွိေနပါ တယ္။
ကုလသမဂၢအရာရွိေတြရဲ႕အဆိုအရ ကုလသမဂၢ ပုံမွန္ဘတ္ဂ်က္အတြက္ ေပးသြင္းဖို႔က်န္ရွိေနတဲ့ အေႂကြးစုစုေပါင္းရဲ႕ (၉၅) ရာခိုင္ႏႈန္းေက်ာ္ဟာ အေမရိကန္က ေပးရမယ့္ အေႂကြးေတြ ျဖစ္ပါတယ္။ ေဖေဖာ္ဝါရီလ အေစာပိုင္းအထိ အေမရိကန္ကေပးရမယ့္ အေႂကြးပမာဏဟာ ေဒၚလာ (၂ ဒသမ ၁၉) ဘီလ်ံရွိေနပါတယ္။ ဒါ့ျပင္ အေမရိကန္ဟာ ယခုလက္ရွိနဲ႔ ယခင္က ၿငိမ္းခ်မ္းေရး ထိန္းသိမ္းမႈ လုပ္ငန္း စဥ္ေတြအတြက္ ေဒၚလာ (၂ ဒသမ ၄) ဘီလ်ံနဲ႔ ကုလသမဂၢခုံ႐ုံးေတြအတြက္ ေဒၚလာ (၄၃ ဒသမ ၆) သန္း ေပးေဆာင္ဖို႔က်န္ရွိေနေသးပါတယ္။ ရက္သတၱပတ္ေပါင္းမ်ားစြာ ညႇိႏႈိင္းေဆြးေႏြးၿပီးေနာက္မွာ ကုလ သမဂၢ အေထြေထြညီလာခံက (၂၀၂၆) ခုႏွစ္ ပုံမွန္ဘတ္ဂ်က္အတြက္ ေဒၚလာ (၃ ဒသမ ၄၅) ဘီလ်ံကို ၿပီးခဲ့တဲ့ ဒီဇင္ဘာလ၊ (၃၀) ရက္မွာ အတည္ျပဳေပးခဲ့ပါတယ္။ ဒီဘတ္ဂ်က္ဟာ နယူးေယာက္မွာရွိတဲ့ ဌာနခ်ဳပ္အပါအဝင္ ကမာၻတစ္ဝန္းက ကုလသမဂၢ ႐ုံးခန္းေတြလည္ပတ္ဖို႔၊ ဝန္ထမ္းလစာေတြေပးဖို႔၊ အစည္းအေဝးေတြ က်င္းပဖို႔နဲ႔ ဖြံ႕ၿဖိဳးေရးနဲ႔ လူ႔အခြင့္အေရးဆိုင္ရာ လုပ္ငန္းေတြအတြက္ ကုန္က် စရိတ္ ေတြကို အသုံးျပဳမွာ ျဖစ္ပါတယ္။
ကုလသမဂၢရဲ႕ ဘ႑ာေရးအက်ပ္အတည္းဟာ သမၼတေဒၚနယ္ထရမ့္လက္ထက္မွာ အေမရိကန္ က က႑ေပါင္းစုံမွာ ႏိုင္ငံစုံ ပူးေပါင္းေဆာင္႐ြက္ေရးလမ္းစဥ္ကေန ေနာက္ဆုတ္လာခ်ိန္မွာ စတင္ေပၚ ေပါက္လာတာျဖစ္ပါတယ္။ အေမရိကန္ရဲ႕ ကုလသမဂၢ အေႂကြးတင္တဲ့ ရာဇဝင္ဟာ ဆယ္စုႏွစ္ေပါင္း မ်ားစြာ ၾကာခဲ့ၿပီျဖစ္ေပမယ့္ ထရမ့္သမၼတသက္တမ္းအတြင္းမွာေတာ့ ေပးသြင္းဖို႔က်န္ရွိေနတဲ့ အေႂကြး ပမာဏဟာ သိသိသာသာကို တိုးလာခဲ့ပါတယ္။ ကုလသမဂၢအရာရွိေတြရဲ႕ေျပာၾကားခ်က္အရ အေမရိ ကန္ဟာ ၿပီးခဲ့တဲ့ႏွစ္က ပုံမွန္ဘတ္ဂ်က္အတြက္ ေငြေၾကးေပးသြင္းခဲ့ျခင္း မရွိဘဲ အဲဒီအတြက္ ေဒၚလာ (၈၂၇) သန္းနဲ႔ (၂၀၂၆) ခုႏွစ္အတြက္ ေဒၚလာ (၇၆၇) သန္းေပးေဆာင္ဖို႔ က်န္ရွိေနပါတယ္။
ေဖေဖာ္ဝါရီလ (၃) ရက္မွာ သမၼတထရမ့္ဟာ ကုလသမဂၢနဲ႔ တျခားႏိုင္ငံတကာအဖြဲ႕အစည္းေတြ ကို ေပးေဆာင္ရမယ့္ အေမရိကန္ရဲ႕ အေႂကြးေတြအတြက္ ေဒၚလာ (၃ ဒသမ ၁) ဘီလ်ံပါဝင္တဲ့ အသုံး စရိတ္ ဥပေဒၾကမ္းကို လက္မွတ္ေရးထိုးအတည္ျပဳခဲ့ပါတယ္။ သူေျပာတဲ့ ဒီရန္ပုံေငြဟာ ၿပီးခဲ့တဲ့ႏွစ္က ေပးဖို႔ က်န္တဲ့ အေႂကြးလား၊ (၂၀၂၆) ခုႏွစ္အတြက္လား ဒါမွမဟုတ္ ႏွစ္ခုလုံးအတြက္လားလို႔ ေမးျမန္းရာ မွာေတာ့ ကုလသမဂၢဆိုင္ရာ အေမရိကန္သံအမတ္ ေဝါ့စ္က “ေယဘုယ်အားျဖင့္ေတာ့ ေပးဖို႔က်န္ေနတဲ့ အေႂကြးေတြအတြက္ ျဖစ္သလို၊ ကြၽန္ေတာ္တို႔ျမင္ေတြ႕ေနရတဲ့ ကုလသမဂၢရဲ႕ ျပဳျပင္ေျပာင္းလဲမႈတခ်ိဳ႕ကို အသိအမွတ္ျပဳတဲ့အေနနဲ႔လည္းျဖစ္ပါတယ္” လို႔ ေျဖၾကားခဲ့ပါတယ္။ ထရမ့္လက္ထက္မွာ ကုလသမဂၢရဲ႕ ပုံမွန္ဘတ္ဂ်က္နဲ႔ ၿငိမ္းခ်မ္းေရးထိန္းသိမ္းမႈ ဘတ္ဂ်က္ေတြအတြက္ မျဖစ္မေနေပးသြင္းရမယ့္ေငြေတြကို ျငင္းဆန္ခဲ့႐ုံတင္မကဘဲ၊ ကိုယ္ပိုင္ ဘတ္ဂ်က္နဲ႔ရပ္တည္ေနတဲ့ ကုလသမဂၢ လက္ေအာက္ခံ ေအဂ်င္စီ ေတြကို ေစတနာအေလ်ာက္ ေထာက္ပံ့ေနတဲ့ရန္ပုံေငြေတြကိုလည္း အေမရိကန္ကျဖတ္ေတာက္ခဲ့ပါ တယ္။ ဒါ့ျပင္ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) အပါအဝင္ ကုလသမဂၢအဖြဲ႕အစည္းေတြကေန ႏုတ္ထြက္ ဖို႔လည္းလုပ္ေဆာင္ခဲ့ပါတယ္။
ကုလသမဂၢကေန အေမရိကန္ႏုတ္ထြက္ဖို႔ ႀကိဳးပမ္းေနတဲ့အခ်ိန္မွာ ကုလသမဂၢအေနနဲ႔ေရာ ၿငိမ္း ခ်မ္းေရးနဲ႔ လူသားခ်င္းစာနာမႈဆိုင္ရာ လုပ္ငန္းေတြအပါအဝင္ ကမာၻ႔အက်ိဳးျပဳလုပ္ငန္းေတြကို အမွန္ တကယ္ပဲ ထိထိေရာက္ေရာက္ စြမ္းေဆာင္ႏိုင္ရဲ႕လားဆိုတာ ေမးခြန္းထုတ္စရာ ျဖစ္လာပါတယ္။ ဒီ ျပႆနာေတြဟာ အခုမွ ေပၚေပါက္လာတာ မဟုတ္ပါဘူး။ လြန္ခဲ့တဲ့ အႏွစ္ (၂၀)၊ (၂၀ဝ၅) ခုႏွစ္တုန္းက အေမရိကန္ ဗဟိုဘဏ္ဥကၠ႒ေဟာင္း ေပါလ္ေဗာ္လ္ ကာဦးေဆာင္တဲ့ စုံစမ္းေရးေကာ္မတီဟာ ကုလ သမဂၢရဲ႕ “ေရနံနဲ႔ စားနပ္ရိကၡာ လဲလွယ္ေရး” (Oil-for-food) အစီအစဥ္ရဲ႕အရႈပ္ေတာ္ပုံေတြကို ေဖာ္ထုတ္ ခဲ့ပါတယ္။ ဒီအစီအစဥ္ဟာ (၁၉၉၆) ခုႏွစ္က အီရတ္ျပည္သူေတြကို ကူညီဖို႔ အီရတ္ရဲ႕ ကိုယ္ပိုင္ ေရနံ ေရာင္းရေငြနဲ႔ လည္ပတ္ခဲ့တဲ့ ပထမဆုံးေသာ လူသားခ်င္းစာနာမႈဆိုင္ရာ စီမံကိန္းႀကီးျဖစ္ပါတယ္။ အဲဒီ အခ်ိန္က အထက္လႊတ္ေတာ္မွာ ေဗာ္လ္ကာတင္ျပခဲ့တဲ့ အစီရင္ခံစာအရ ကုလသမဂၢ အတြင္းပိုင္းအထိ ပ်ံ႕ႏွံ႔ေနတဲ့ စီမံခန႔္ခြဲမႈ အလြဲအေခ်ာ္ေတြ၊ က်င့္ဝတ္ပ်က္ယြင္းမႈေတြနဲ႔ အဂတိလိုက္စားမႈေတြဟာ အဖြဲ႕ႀကီး ရဲ႕ ဂုဏ္သိကၡာနဲ႔ လုပ္ႏိုင္စြမ္းအေပၚ ယုံၾကည္မႈကို အႀကီးအက်ယ္ပ်က္စီးေစခဲ့ပါတယ္။ ဒါေၾကာင့္လည္း ကုလသမဂၢအေနနဲ႔ “ဘက္စုံျပဳျပင္ေျပာင္းလဲမႈေတြ အေရးတႀကီးလိုအပ္ေနတယ္” ဆိုတဲ့ ေရွာင္လႊဲလို႔ မရ တဲ့ ေကာက္ခ်က္ကို ခ်မွတ္ခဲ့ပါတယ္။
ဒါေပမဲ့ (၂၀ဝ၅) ခုႏွစ္ကေနအခုအထိ ကုလသမဂၢဟာ သူတို႔ရဲ႕ဂုဏ္သိကၡာကို ျပန္လည္အဖတ္ ဆယ္ႏိုင္ျခင္း မရွိေသးတာကို ေတြ႕ရပါတယ္။ အာဖရိက ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြမွာ လာဘ္ေပး လာဘ္ယူမႈေတြ၊ ပစၥည္းဝယ္ယူမႈေတြမွာ လိမ္လည္မႈေတြအျပင္ ဗဟိုအာဖရိကသမၼတႏိုင္ငံမွာရွိတဲ့ ၿငိမ္း ခ်မ္းေရးထိန္းသိမ္းေရးသမားေတြရဲ႕ လိင္ပိုင္းဆိုင္ရာအလြဲသုံးစားမႈစြပ္စြဲခ်က္ေတြပါ ထပ္မံေပၚထြက္လာ ခဲ့ပါတယ္။ ဒီလိုႀကီးေလးတဲ့ကိစၥရပ္ေတြကို ကိုင္တြယ္ရာမွာလည္း ကုလသမဂၢရဲ႕အဖြဲ႕အစည္းအတြင္း ေစာင့္ၾကည့္စစ္ေဆးေရး ယႏၲရားေတြအေပၚမွာပဲ ပုံေသအားကိုးၿပီး ဆုံးျဖတ္ေနခဲ့ၾကတာျဖစ္ပါတယ္။
ဒါ့ျပင္ ေဝဖန္သူတခ်ိဳ႕က ကုလသမဂၢဟာ ဘက္လိုက္မႈရွိတယ္လို႔သတ္မွတ္ၾကၿပီး ႏိုင္ငံတကာ ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံေရးဆိုင္ရာကိစၥရပ္ေတြကို မွ်မွ်တတ ကိုင္တြယ္ႏိုင္စြမ္း ရွိ၊ မရွိ ေမးခြန္းထုတ္ေနၾက ပါတယ္။ ဥပမာအားျဖင့္ အေမရိကန္ရဲ႕ အီရတ္က်ဴးေက်ာ္စစ္မွာ ကုလသမဂၢရဲ႕ရပ္တည္ခ်က္ဟာ ဘက္ လိုက္မႈရွိတယ္လို႔ စြပ္စြဲခံခဲ့ရပါတယ္။ ပေရာ္ဖက္ဆာ ေမာ္ရပ္ဆစ္က “ဒီမိုကေရစီဆိုတာ အတင္းအဓမၼ တိုက္တြန္းတာ ဒါမွမဟုတ္ ျပ႒ာန္းတာမ်ိဳး မျဖစ္သင့္ဘူး” လို႔ဆိုပါတယ္။ ဘုရွ္အစိုးရရဲ႕ အီရတ္အေရးမွာ ဝင္ေရာက္စြက္ဖက္မႈဟာ ေစတနာအမွန္နဲ႔ လုပ္ေဆာင္တာလို႔ ရႈျမင္ၾကေပမဲ့ လုံးဝကို မွားယြင္းခဲ့ပါ တယ္။ ကုလသမဂၢဟာ အေမရိကန္ရဲ႕ အီရတ္အေပၚ တိုက္ခိုက္မႈကို မတားဆီးႏိုင္ခဲ့တာေၾကာင့္ အာရပ္ ကမာၻ႔ႏိုင္ငံအေတာ္မ်ားမ်ားရဲ႕ ေထာက္ခံမႈကို ဆုံးရႈံးခဲ့ရပါတယ္။
ဒါ့ျပင္ ပါလက္စတိုင္းနဲ႔ အစၥေရးစစ္ပြဲမွာ ကုလသမဂၢက ၾကားဝင္စြက္ဖက္ဖို႔ ပ်က္ကြက္ခဲ့တာဟာ လည္း ႏိုင္ငံတကာကိစၥရပ္ေတြကို ကိုင္တြယ္ေျဖရွင္းႏိုင္တဲ့ သူတို႔ရဲ႕ဂုဏ္သိကၡာနဲ႔ အရည္အခ်င္းအေပၚ ေမးခြန္းထုတ္စရာျဖစ္လာခဲ့ပါတယ္။ ထပ္မံေျပာရရင္ ယူဂိုဆလားဗီးယားႏိုင္ငံအေပၚ ေနတိုးအဖြဲ႕ရဲ႕ ဗုံး ႀကဲမႈကို ကုလသမဂၢက ရႈတ္ခ်ဖို႔ ပ်က္ကြက္ခဲ့တာဟာ အဖြဲ႕ႀကီးအေနနဲ႔ ဘက္မလိုက္ဘဲ ျပႆနာေတြကို ေျဖရွင္းႏိုင္စြမ္းရွိ၊ မရွိ စိုးရိမ္ပူပန္မႈေတြ ျဖစ္ေပၚေစခဲ့ပါတယ္။ ဇင္ဘာေဘြႏိုင္ငံဟာ ဒီမိုကေရစီ မဆန္ဘူး ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ကုလသမဂၢက ကုန္သြယ္ေရးပိတ္ဆို႔မႈေတြ ျပဳလုပ္ခဲ့တာမ်ိဳးရွိခဲ့ဖူးပါတယ္။ ေနာက္ထပ္ အားနည္းခ်က္တစ္ခုကေတာ့ ကုလသမဂၢဟာ ဖြံ႕ၿဖိဳးၿပီးႏိုင္ငံေတြအေပၚ အလြန္အမင္း မွီခို ေနရတာပဲ ျဖစ္ပါတယ္။ ဒီလိုအလြန္အမင္း မွီခိုေနရမႈဟာ အဖြဲ႕ႀကီးရဲ႕ ဘက္မလိုက္ဘဲ ဆုံးျဖတ္ခ်က္ခ် ႏိုင္စြမ္းအေပၚ ႀကီးမားတဲ့ သက္ေရာက္မႈေတြရွိေနပါတယ္။ ဒီဖြံ႕ၿဖိဳးၿပီးႏိုင္ငံေတြဟာ ကုလသမဂၢအတြက္ အဓိကရန္ပုံေငြ ထည့္ဝင္ေနသူေတြျဖစ္တာေၾကာင့္ သူတို႔အေပၚ အေရးယူပိတ္ဆို႔မႈေတြ ျပဳလုပ္ဖို႔ ကုလ သမဂၢအတြက္ ခက္ခဲေနတာျဖစ္ပါတယ္။ ဒီလိုအေျခအေနေတြေၾကာင့္ အျငင္းပြားမႈေတြကို ဘက္ မလိုက္ဘဲ ေျဖရွင္းႏိုင္မယ့္ ကုလသမဂၢရဲ႕ စြမ္းေဆာင္ရည္အေပၚ သံသယေတြ ျမင့္တက္လာေစပါတယ္။
ကုလသမဂၢဟာ ဖြဲ႕စည္းပုံဆိုင္ရာ အားနည္းခ်က္ေတြ၊ အဂတိလိုက္စားမႈေတြနဲ႔ဘ႑ာေရး အ က်ပ္အတည္းေတြၾကားမွာ ႐ုန္းကန္ေနရခ်ိန္မွာပဲ သမၼတ ထရမ့္ကေတာ့ ပိုမိုျပတ္သားတဲ့လမ္းစဥ္သစ္ တစ္ခုအျဖစ္ “Board of Peace”ကို ဖြဲ႕စည္းလိုက္ပါတယ္။ ဒီဘုတ္အဖြဲ႕ဟာ ကုလသမဂၢလိုမ်ိဳးႏိုင္ငံ ေပါင္းစုံရဲ႕ သေဘာထားကို အခ်ိန္ယူညႇိႏႈိင္းေနရတဲ့ ၾကန႔္ၾကာမႈေတြကို ေက်ာ္ျဖတ္ၿပီး သမၼတရဲ႕ တိုက္ ႐ိုက္ၫႊန္ၾကားမႈနဲ႔ ကမာၻ႔ပဋိပကၡေတြကို ျမန္ျမန္ဆန္ဆန္ ေျဖရွင္းဖို႔ ရည္႐ြယ္ထားပါတယ္။ အထူးသျဖင့္ စစ္ေရး နည္းလမ္းထက္ စီးပြားေရးဆိုင္ရာ အေပးအယူေတြကို အေျခခံတဲ့ “လက္ေတြ႕က် ၿငိမ္းခ်မ္းေရး” ေဖာ္ေဆာင္မႈကိုအဓိကထားၿပီး အေမရိကန္ရဲ႕ ရန္ပုံေငြေတြကို အေမရိကန္ကိုယ္တိုင္ အျပည့္အဝ စီမံ ခန႔္ခြဲခြင့္ရွိမယ့္ စနစ္တစ္ခုလည္းျဖစ္ပါတယ္။ ဒါဟာ ႏိုင္ငံတကာေရးရာေတြကို ကိုင္တြယ္ရာမွာ စံႏႈန္း ေဟာင္းေတြထက္ လက္ေတြ႕က်တဲ့အက်ိဳးအျမတ္နဲ႔ တည္ၿငိမ္မႈကို ပိုမိုဦးစားေပးမယ့္အေျပာင္းအလဲ တစ္ခုလည္း ျဖစ္ႏိုင္ပါတယ္။
အရင္က ကုလသမဂၢကို အားကိုးခဲ့တဲ့ အေမရိကန္က အခုေတာ့ “Board of Peace” လိုမ်ိဳးကိုယ္ ပိုင္လမ္းစဥ္ေတြကို ေဖာ္ေဆာင္လာတာဟာ ကုလ သမဂၢရဲ႕ အခန္းက႑ကို ေဘးဖယ္လိုက္တာ ျဖစ္ပါ တယ္။ အင္အားႀကီးႏိုင္ငံေတြက ကုလသမဂၢကို အသုံးမျပဳေတာ့ဘဲ ျပင္ပမွာပဲ အေပးအယူလုပ္ေတာ့ မယ္ဆိုရင္ ကုလသမဂၢဟာ “အမည္ခံ” အဖြဲ႕အစည္းသက္သက္ပဲ ျဖစ္က်န္ရစ္ေတာ့မွာ ျဖစ္ပါတယ္။ ဒါ ေၾကာင့္ နိဂုံးခ်ဳပ္သုံးသပ္ရရင္ ကုလသမဂၢဟာ လုံးဝေပ်ာက္ကြယ္သြားတာထက္ အာဏာမရွိတဲ့ သာမန္ ေဆြးေႏြးပြဲက်င္းပရာ ေနရာတစ္ခု (Talk Shop) အျဖစ္ေျပာင္းလဲသြားႏိုင္တဲ့အေျခအေနရွိေနပါတယ္။ အခုလုပ္ေဆာင္ေနတဲ့ UN80 လို ျပဳျပင္ေျပာင္းလဲေရးေတြကသာ အမွန္တကယ္ အလုပ္မျဖစ္ဘူးဆိုရင္ ေတာ့ ကုလသမဂၢရဲ႕ ေခတ္တစ္ေခတ္ဟာ တကယ္ပဲ နိဂုံးခ်ဳပ္သြားႏိုင္ပါတယ္။

Related news

© 2021. All rights reserved.