ဂျပန်နိုင်ငံမှာ လာမယ့် ဧပြီလမှစ လေယာဉ်ပေါ် Power Bank အသုံးပြုမှု ပိတ်ပင်မည်

262

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂ဝ
ဂျပန်နိုင်ငံမှာ လေယာဉ်စီးနင်းစဉ်အတွင်း မီးလောင်မှုဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်ဖို့အတွက် လာမယ့် ဧပြီလမှစ လေယာဉ်ပေါ်မှာ Power Bank (သယ်ဆောင်ရလွယ်ကူသော ဘက်ထရီအားသွင်းစက်) တွေ အသုံးပြု ခြင်းကို တားမြစ်ပိတ်ပင်တော့မယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံ၊ အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနဲ့ ခရီးသွားလာရေးဝန်ကြီးဌာန (MLIT) မှ ထုတ်ပြန်တဲ့ စည်းကမ်းချက်အသစ်တွေအရ ခရီးသည်တွေဟာ လေယာဉ်ပေါ်မှာ Power Bank အသုံးပြုပြီး အီလက်ထရွန်နစ် ပစ္စည်းတွေကို အားသွင်းခြင်း (သို့) လေယာဉ်ထိုင်ခုံရှိ လျှပ်စစ်ပေါက်များမှတစ်ဆင့် Power Bank ကို အားပြန်သွင်း ခြင်းတို့ကို ပြုလုပ်ခွင့်ရှိတော့မှာ မဟုတ်ပါဘူး။ Power Bank တွေကို လေယာဉ်အပေါ်ဘက်ရှိ အိတ် သိမ်းဆည်း တဲ့ စင် (Overhead bins) တွေမှာ ထားရှိခွင့်ပြုမှာ မဟုတ်တော့သလို မီးလောင်မှု (သို့မဟုတ်) အပူလွန်ကဲမှု ဖြစ်ပွားခဲ့ရင် ချက်ချင်းသိရှိနိုင်ဖို့အတွက် Power Bank တွေကို မိမိရဲ့ထိုင်ခုံအောက် သို့မဟုတ် ရှေ့ထိုင်ခုံအိတ်ကပ် အတွင်းလို လက်လှမ်းမီတဲ့နေရာတွေမှာသာ သိမ်းဆည်းရမယ်လို့ ကန့်သတ်ထားပါတယ်။ ခရီးသည်တစ်ဦးလျှင် သယ်ဆောင်ခွင့်ရှိတဲ့ Power Bank အရေအတွက်ကိုလည်း ကန့်သတ်မှာဖြစ်ပြီး ဘက်ထရီရဲ့ ဝပ်အား ပမာဏအရ အင်အားပြင်းဘက်ထရီဆိုပါက ၂ လုံးအထိသာ သယ်ယူခွင့်ပြုဖို့ စီစဉ်ထားပါတယ်။
လေယာဉ်ပေါ်မှာ Lithium-ion ဘက်ထရီအပူလွန်ကဲမှု နဲ့ မီးလောင်မှုဖြစ်စဉ်တွေ များပြားလာခြင်းကြောင့် အခုလို ဆုံးဖြတ်ချက် ချမှတ်လိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
Power Bank တွေကို လေယာဉ်ဝမ်းဗိုက်အတွင်း ထည့်သွင်းရတဲ့ Check-in အိတ်တွေမှာ သယ်ဆောင် ခွင့်မပြုဘဲ လက်ဆွဲအိတ် (Carry-on) နဲ့သာ သယ်ဆောင်ရမယ်ဆိုတဲ့ လက်ရှိစည်းကမ်းဟာလည်း ဆက်လက်တည်ရှိနေမယ်လို့ သိရပါတယ်။

Zawgyi Version;
ဂ်ပန္ႏိုင္ငံမွာ လာမယ့္ ဧၿပီလမွစ ေလယာဥ္ေပၚ Power Bank အသုံးျပဳမႈ ပိတ္ပင္မည္
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂ဝ
ဂ်ပန္ႏိုင္ငံမွာ ေလယာဥ္စီးနင္းစဥ္အတြင္း မီးေလာင္မႈျဖစ္ပြားႏိုင္ေျခကို ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ လာမယ့္ ဧၿပီလမွစ ေလယာဥ္ေပၚမွာ Power Bank (သယ္ေဆာင္ရလြယ္ကူေသာ ဘက္ထရီအားသြင္းစက္) ေတြ အသုံးျပဳ ျခင္းကို တားျမစ္ပိတ္ပင္ေတာ့မယ္လို႔ သိရပါတယ္။
ဂ်ပန္ႏိုင္ငံ၊ အေျခခံအေဆာက္အအုံ၊ ပို႔ေဆာင္ေရးနဲ႔ ခရီးသြားလာေရးဝန္ႀကီးဌာန (MLIT) မွ ထုတ္ျပန္တဲ့ စည္းကမ္းခ်က္အသစ္ေတြအရ ခရီးသည္ေတြဟာ ေလယာဥ္ေပၚမွာ Power Bank အသုံးျပဳၿပီး အီလက္ထ႐ြန္နစ္ ပစၥည္းေတြကို အားသြင္းျခင္း (သို႔) ေလယာဥ္ထိုင္ခုံရွိ လွ်ပ္စစ္ေပါက္မ်ားမွတစ္ဆင့္ Power Bank ကို အားျပန္သြင္း ျခင္းတို႔ကို ျပဳလုပ္ခြင့္ရွိေတာ့မွာ မဟုတ္ပါဘူး။ Power Bank ေတြကို ေလယာဥ္အေပၚဘက္ရွိ အိတ္ သိမ္းဆည္း တဲ့ စင္ (Overhead bins) ေတြမွာ ထားရွိခြင့္ျပဳမွာ မဟုတ္ေတာ့သလို မီးေလာင္မႈ (သို႔မဟုတ္) အပူလြန္ကဲမႈ ျဖစ္ပြားခဲ့ရင္ ခ်က္ခ်င္းသိရွိႏိုင္ဖို႔အတြက္ Power Bank ေတြကို မိမိရဲ႕ထိုင္ခုံေအာက္ သို႔မဟုတ္ ေရွ႕ထိုင္ခုံအိတ္ကပ္ အတြင္းလို လက္လွမ္းမီတဲ့ေနရာေတြမွာသာ သိမ္းဆည္းရမယ္လို႔ ကန႔္သတ္ထားပါတယ္။ ခရီးသည္တစ္ဦးလွ်င္ သယ္ေဆာင္ခြင့္ရွိတဲ့ Power Bank အေရအတြက္ကိုလည္း ကန႔္သတ္မွာျဖစ္ၿပီး ဘက္ထရီရဲ႕ ဝပ္အား ပမာဏအရ အင္အားျပင္းဘက္ထရီဆိုပါက ၂ လုံးအထိသာ သယ္ယူခြင့္ျပဳဖို႔ စီစဥ္ထားပါတယ္။
ေလယာဥ္ေပၚမွာ Lithium-ion ဘက္ထရီအပူလြန္ကဲမႈ နဲ႔ မီးေလာင္မႈျဖစ္စဥ္ေတြ မ်ားျပားလာျခင္းေၾကာင့္ အခုလို ဆုံးျဖတ္ခ်က္ ခ်မွတ္လိုက္ျခင္းျဖစ္တယ္လို႔ သိရပါတယ္။
Power Bank ေတြကို ေလယာဥ္ဝမ္းဗိုက္အတြင္း ထည့္သြင္းရတဲ့ Check-in အိတ္ေတြမွာ သယ္ေဆာင္ ခြင့္မျပဳဘဲ လက္ဆြဲအိတ္ (Carry-on) နဲ႔သာ သယ္ေဆာင္ရမယ္ဆိုတဲ့ လက္ရွိစည္းကမ္းဟာလည္း ဆက္လက္တည္ရွိေနမယ္လို႔ သိရပါတယ္။