တောင်ကုတ်မြို့နယ်ရှိ ဧရိယာ (၁)သိန်းကျော်ရှိသော နယ်မြေကို ဆားပြင်(တိုးချဲ့) ကြိုးပြင်ကာကွယ်တောအဖြစ်သတ်မှတ်

 234

စော(NP News)- ဖေဖော်ဝါရီ ၂၄

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင် တောင်ကုတ်မြို့နယ်ရှိ ဧရိယာအကျယ်အဝန်း (၁၀၅၈၁၅)ဧက ရှိသော နယ်မြေကို ဆားပြင်(တိုးချဲ့) ကြိုးပြင်ကာကွယ်တောအဖြစ် ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၈)ရက်မှစ၍ သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဝန်ကြီးဌာနအနေဖြင့် (၂၀၁၈)ခုနှစ်တွင် ပြဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ (၆)၊ပုဒ်မခွဲ (ခ)အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက်ရှိကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၈)ရက်မှစ၍ သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ သတ်မှတ်ခြင်းဖြင့် အမြဲစိမ်းတောနှင့် ရွက်ပြတ် ရောနှောတောအမျိုးအစားဖြစ်သည့် ပျဉ်းကတိုး၊ သင်္ကန်း၊ ကညင်၊ ကညောင်း၊ စကားဝါ၊ သင်္ဂဒူ၊ တောင်ပိန္နဲ၊ တောင်သရက်၊ သပြေ၊ ကြက်ရိုး၊ မျောက်ငို၊ ဘင်္ဂ၊ စစ် စသည့် ဒေသသစ်မျိုးများနှင့် ကရင်ဝါး၊ မဒေးဝါး၊ တရဂူဝါးများအပြင် နဘက်ကြိမ်၊ ကြက်ဥကြိမ်များအား ထိန်းသိမ်းပြုစုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြောင်၊ ဆတ်၊ ချေ၊ တောင်ဆိတ်၊ တောဝက်၊ ဝက်ပံ၊ ကျားသစ်၊ တောကြောင်၊ စပါးကြီးမြွေ၊ မျောက်၊ မျောက်လွှဲကျော်၊ ကုန်းလိပ်၊ ရခိုင်တောင်လိပ် စသည့် ရှားပါးတောရိုင်း တိရစ္ဆာန်များ၏ နေထိုင် ကျက်စားရာဒေသများကို ထိန်းသိမ်းကာကွယ်နိုင် မည်ဖြစ်ခြင်း၊ မြေဆီလွှာ တိုက်စားမှုလျော့နည်းစေ ခြင်းနှင့် မြေအောက်ရေထိန်းသိမ်းရေးလုပ်ငန်းများ အတွက် အထောက်အကူဖြစ်စေခြင်း၊ သဘာဝ ဘေးအန္တရာယ်များမှ တားဆီးကာကွယ်စေနိုင်ခြင်း၊ သစ်တောဖုံးလွှမ်းမှု တိုးတက်လာပြီး ရာသီဥတု ပိုမိုတိုးတက်ကောင်းမွန်မျှတလာနိုင်စေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ရေမြေထိန်းသိမ်း ကာကွယ်ရန်၊ သဘာဝဝန်းကျင်နှင့် ဇီဝမျိုးများ ထိန်းသိမ်းကာကွယ်ရန်၊ ရခိုင်ပြည်နယ်အတွင်းရှိ သဘာဝတောကျန်များအား ထိန်းသိမ်းခြင်းကြောင့် သစ်တောဖုံးလွှမ်းမှုတိုးတက်စေရန်၊ သစ်တော ဖုံးလွှမ်းလျက်ရှိသည့် မြေလွတ်မြေရိုင်းများအား ထိန်းသိမ်းကာကွယ်ရန်နှင့် သစ်တောထွက်ပစ္စည်းများ စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန်ရည်ရွယ်၍ ကြိုးပြင်ကာကွယ်တောများ သတ်မှတ်ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် (၂၀၂၅)ခုနှစ် ဇူလိုင်လ (၃၁)ရက်အထိ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တော (၁၃၂၈)ခုအထိ ဖွဲ့စည်း၊ သတ်မှတ်နိုင်ခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ သစ်တောဦးစီးဌာန၏ အချက်လက်များအရ သိရသည်။
ထိုသို့သတ်မှတ်ရာတွင် ကြိုးဝိုင်း ကာကွယ်တော (၈၂၆) ခု၊ (၂၉၆၇၈၁၂) ဧကနှင့် ကြိုးပြင်ကာကွယ်တော (၅၀၂) ခု၊ (၁၃၇၂၅၂၁၉) ဧကအထိ ဖွဲ့စည်းနိုင်ခဲ့ပြီး နိုင်ငံဧရိယာ(၂၅.၉၆) ရာခိုင်နှုန်းအထိ ဖော်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
ေတာင္ကုတ္ၿမိဳ႕နယ္ရွိ ဧရိယာ (၁)သိန္းေက်ာ္ရွိေသာ နယ္ေျမကို ဆားျပင္(တိုးခ်ဲ႕) ႀကိဳးျပင္ကာကြယ္ေတာအျဖစ္သတ္မွတ္
ေစာ(NP News)- ေဖေဖာ္ဝါရီ ၂၄

ရခိုင္ျပည္နယ္၊ ေတာင္ကုတ္ခ႐ိုင္ ေတာင္ကုတ္ၿမိဳ႕နယ္ရွိ ဧရိယာအက်ယ္အဝန္း (၁၀၅၈၁၅)ဧက ရွိေသာ နယ္ေျမကို ဆားျပင္(တိုးခ်ဲ႕) ႀကိဳးျပင္ကာကြယ္ေတာအျဖစ္ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ (၁၈)ရက္မွစ၍ သတ္မွတ္လိုက္ေၾကာင္း သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါဝန္ႀကီးဌာနအေနျဖင့္ (၂၀၁၈)ခုႏွစ္တြင္ ျပဌာန္းထားသည့္ သစ္ေတာဥပေဒပုဒ္မ (၆)၊ပုဒ္မခြဲ (ခ)အရ အပ္ႏွင္းထားသည့္ လုပ္ပိုင္ခြင့္မ်ားကိုက်င့္သုံးလ်က္ရွိေၾကာင္း ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ (၁၈)ရက္မွစ၍ သတ္မွတ္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ သတ္မွတ္ျခင္းျဖင့္ အၿမဲစိမ္းေတာႏွင့္ ႐ြက္ျပတ္ ေရာေႏွာေတာအမ်ိဳးအစားျဖစ္သည့္ ပ်ဥ္းကတိုး၊ သကၤန္း၊ ကညင္၊ ကေညာင္း၊ စကားဝါ၊ သဂၤဒူ၊ ေတာင္ပိႏၷဲ၊ ေတာင္သရက္၊ သေျပ၊ ၾကက္႐ိုး၊ ေမ်ာက္ငို၊ ဘဂၤ၊ စစ္ စသည့္ ေဒသသစ္မ်ိဳးမ်ားႏွင့္ ကရင္ဝါး၊ မေဒးဝါး၊ တရဂူဝါးမ်ားအျပင္ နဘက္ႀကိမ္၊ ၾကက္ဥႀကိမ္မ်ားအား ထိန္းသိမ္းျပဳစုႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ေျပာင္၊ ဆတ္၊ ေခ်၊ ေတာင္ဆိတ္၊ ေတာဝက္၊ ဝက္ပံ၊ က်ားသစ္၊ ေတာေၾကာင္၊ စပါးႀကီးေႁမြ၊ ေမ်ာက္၊ ေမ်ာက္လႊဲေက်ာ္၊ ကုန္းလိပ္၊ ရခိုင္ေတာင္လိပ္ စသည့္ ရွားပါးေတာ႐ိုင္း တိရစာၦန္မ်ား၏ ေနထိုင္ က်က္စားရာေဒသမ်ားကို ထိန္းသိမ္းကာကြယ္ႏိုင္ မည္ျဖစ္ျခင္း၊ ေျမဆီလႊာ တိုက္စားမႈေလ်ာ့နည္းေစ ျခင္းႏွင့္ ေျမေအာက္ေရထိန္းသိမ္းေရးလုပ္ငန္းမ်ား အတြက္ အေထာက္အကူျဖစ္ေစျခင္း၊ သဘာဝ ေဘးအႏၲရာယ္မ်ားမွ တားဆီးကာကြယ္ေစႏိုင္ျခင္း၊ သစ္ေတာဖုံးလႊမ္းမႈ တိုးတက္လာၿပီး ရာသီဥတု ပိုမိုတိုးတက္ေကာင္းမြန္မွ်တလာႏိုင္ေစျခင္း စသည့္ အက်ိဳးေက်းဇူးမ်ား ရရွိႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနသည္ ေရေျမထိန္းသိမ္း ကာကြယ္ရန္၊ သဘာဝဝန္းက်င္ႏွင့္ ဇီဝမ်ိဳးမ်ား ထိန္းသိမ္းကာကြယ္ရန္၊ ရခိုင္ျပည္နယ္အတြင္းရွိ သဘာဝေတာက်န္မ်ားအား ထိန္းသိမ္းျခင္းေၾကာင့္ သစ္ေတာဖုံးလႊမ္းမႈတိုးတက္ေစရန္၊ သစ္ေတာ ဖုံးလႊမ္းလ်က္ရွိသည့္ ေျမလြတ္ေျမ႐ိုင္းမ်ားအား ထိန္းသိမ္းကာကြယ္ရန္ႏွင့္ သစ္ေတာထြက္ပစၥည္းမ်ား စဥ္ဆက္မျပတ္ ထုတ္ယူသုံးစြဲႏိုင္ရန္ရည္႐ြယ္၍ ႀကိဳးျပင္ကာကြယ္ေတာမ်ား သတ္မွတ္ဖြဲ႕စည္းျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ (၂၀၂၅)ခုႏွစ္ ဇူလိုင္လ (၃၁)ရက္အထိ ႀကိဳးဝိုင္း၊ ႀကိဳးျပင္ကာကြယ္ေတာ (၁၃၂၈)ခုအထိ ဖြဲ႕စည္း၊ သတ္မွတ္ႏိုင္ခဲ့ေၾကာင္း သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန ၊ သစ္ေတာဦးစီးဌာန၏ အခ်က္လက္မ်ားအရ သိရသည္။
ထိုသို႔သတ္မွတ္ရာတြင္ ႀကိဳးဝိုင္း ကာကြယ္ေတာ (၈၂၆) ခု၊ (၂၉၆၇၈၁၂) ဧကႏွင့္ ႀကိဳးျပင္ကာကြယ္ေတာ (၅၀၂) ခု၊ (၁၃၇၂၅၂၁၉) ဧကအထိ ဖြဲ႕စည္းႏိုင္ခဲ့ၿပီး ႏိုင္ငံဧရိယာ(၂၅.၉၆) ရာခိုင္ႏႈန္းအထိ ေဖာ္ေဆာင္ႏိုင္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.